Healthy Life Ad
Health Tips

အမျှင်ဓာတ်များသော အစာစားခြင်းဖြင့် အသက်ရှည်ပြီး ရောဂါဝေဒနာများ ကင်းစေနိုင်

အမျှင်ဓာတ်များစွာပါသော အစာများ စားသူတို့သည် အကြောင်းကြောင်းကြောင့် သေဆုံးနိုင်ခြေ လျော့နည်းမှုရှိကြောင်း လူတစ်သန်းနီးပါးကို လေ့လာမှုအသစ်အရ တွေ့ရှိရသည်။

အမျှင်ဓာတ်ပါသော အစားများကို စားခြင်းဖြင့် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချို သွေးချိုရောဂါနှင့် ကင်ဆာရောဂါ အမျိုးမျိုး အပါအဝင် နာတာရှည်ရောဂါများ ဖြစ်နှုန်းကို လျော့ကျစေနိုင်ကြောင်း တရုတ်လေ့လာသူတို့က ပြောကြားခဲ့ကြသည်။

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းကင်ဆာ တက္ကသိုလ်မှ ရန်ရန်က လေ့လာမှုတွင် ပါဝင်သူများကို အဖွဲ့ငါးခုခွဲပြီး နေ့စဉ် အမျှင်ဓာတ်စားသုံးမှုကို လေ့လာခဲ့ရာ နေ့စဉ် အမျှင်ဓာတ်အများဆုံး စားသူတို့သည် အနည်းဆုံး စားသူတို့ထက် စောစော သေဆုံးနိုင်ခြေ ၁၆ ရာခိုင်နှုန်း လျော့ကျမှုရှိကြောင်း တွေ့ရှိခဲ့ရသည်။

အမျှင်ဓာတ်များသော အစာတို့ကို စားခြင်းဖြင့် ကြာကြာဗိုက်ပြည့်စေပြီး အစာအလွန် အမင်းစားခြင်းနှင့် ကိုယ်အလေးချိန် မြင့်တက်ခြင်းတို့ မဖြစ်စေရန် ကူညီနိုင်ကြောင်း လေ့လာသူတို့က ဆိုသည်။

“အမျှင်ဓာတ် ပါဝင်မှုများတဲ့ ကောက်နှံတစ်ခုလုံးအစာတို့ကိုစားတာကြောင့် အူမကြီးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတို့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်”ဟု လေ့လာသူတို့က ပြောကြားခဲ့သည်။

နံနက်စာ၊ နေ့လယ်စာနှင့် ညနေစာစားတိုင်း အမျှင်ဓာတ်ပါဝင်မှု မြင့်မားသော သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အခွံချွတ်မထားသည့် ကောက်နှံတစ်ခုလုံးအစာ(ဥပမာ-ဆန် လုံးညို၊ အညိုရောင်ခေါက်ဆွဲ၊ ပေါင်မုန့်ညို)၊ ပဲအမျိုးမျိုး၊ ပဲသီး၊ အစေ့အဆန်နှင့် အခွံမာသီးများကို ထည့်စားသင့်ကြောင်း လေ့လာသူတို့က အားပေးထားသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top