Healthy Life Ad
Life Style

အမျိုးသားတို့တွင် အဖြစ်များသည့် ကင်ဆာငါးမျိုး၏ သတိပေးလက္ခဏာများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အမျိုးသားတွေမှာအဖြစ်များတဲ့ ကင်ဆာတွေထဲမှာ အသည်းကင်ဆာလည်း ပါဝင်နိုင်ပါတယ်။ အောက်ပါကင်ဆာငါးမျိုးကလည်း အမျိုးသားတွေမှာအဖြစ်များတဲ့ ကင်ဆာတွေထဲမှာ ပါဝင်နေတာကြောင့် သတိပေးလက္ခဏာတွေကို သိနားလည်ပြီး လေ့လာဆန်းစစ်ကာ ဂရုပြုသင့်ပါတယ်။

(၁) ဆီးကျိတ်ကင်ဆာ

အစောပိုင်း သတိပေးလက္ခဏာ – ယေဘုယျအားဖြင့် ဘာလက္ခဏာမှပြလေ့မရှိပါဘူး။ ဆီးကျိတ်က မာနေသလား၊ ပုံမှန်မဟုတ်ဘူးလားဆိုတာ စအိုကတစ်ဆင့် စမ်းသပ်မှုကသိနိုင်ပါတယ်။ PSA ပမာဏက မြင့်တက်နေရင် ကင်ဆာလို့ သံသယရှိနိုင်ပါတယ်။

လွဲမှားတတ်သောရောဂါ– ဆီးသွားမှုဆိုင်ရာ ပြဿနာတွေ၊ မကြာခဏဆီးသွားတာ၊ ဆီးသွားချင်စိတ်ဖြစ်ပေါ်တာ၊ ဆီးသွားပြီး ဆီးကျန်သလိုထင်တာစတဲ့ ပြဿနာတွေက ဆီးကျိတ်ကြီးတာ ဒါမှမဟုတ် ဆီးပြွန်ကျဉ်းမြောင်းတာနဲ့ လွဲမှားမှုရှိတတ်ပါတယ်။

စမ်းသပ်မှု – PSA အဆင့်မြင့်တက်နေရင် အသားစယူစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။

(၂) အဆုတ်ကင်ဆာ

အစောပိုင်းသတိပေးလက္ခဏာ – ချောင်းဆိုးတာရှည်ပြီး မပျောက်ရင်၊ ချောင်းဆိုးရင်း သွေးပါရင် ကင်ဆာဖြစ်နိုင်ခြေရှိတတ်ပါတယ်။ ရင်ဘတ်အောင့်တာကအမြဲဖြစ်နေပြီး မလှုပ်ရှားဘဲ ရင်ဘတ်အောင့်တာမျိုးကလည်း သတိထားသင့်ပါတယ်။

လွဲမှားတတ်သောရောဂါ – နမိုးနီးယားအဆုတ်ရောင်ရောဂါနဲ့ လွဲတတ်ပါတယ်။ ရင်ဘတ်ဓာတ်မှန်ရိုက်ပြီး စစ်ဆေးမှုလုပ်တဲ့အခါ နမိုးနီးယားရော အဆုတ်အကျိတ်ရောက အဖြူရောင် ဖြစ်နေတတ်လို့ပါ။

စမ်းသပ်မှု – အသားစယူစစ်ဆေးမှု ခံယူသင့်ပါတယ်။

(၃) အူမကြီးကင်ဆာ

အစောပိုင်း သတိပေးလက္ခဏာ – ဝမ်းထဲသွေးပါတာပဲ ဖြစ်ပါတယ်။ ဝမ်းထဲသွေးပါတာက တစ်ကြိမ်တစ်ခါပဲ ဖြစ်နေရင်တောင် လျစ်လျူရှုမထားပါနဲ့။ ကင်ဆာအကြိုအကျိတ်က သွေးထွက်တာဖြစ်နိုင်ပြီး သွေးထွက်တာက အစောပိုင်းလက္ခဏာလည်း ဖြစ်ပါတယ်။ အူမကြီးကင်ဆာဖြစ်သူတစ်ဝက်ကျော်က ဘာလက္ခဏာမှ မပြတတ်ပါဘူး။

လွဲမှားတတ်သောရောဂါ – အသက် ၅၀အောက် အမျိုးသားတွေမှာ ဝမ်းထဲသွေးပါတာက လိပ်ခေါင်း၊ အူမကြီးရောင်ရမ်းမှု၊ သွေးကြောပုံမမှန်ဖြစ်တာစတဲ့ ရောဂါတွေကြောင့် ဖြစ်နိုင်ခြေရှိပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ တွေ့ဆုံပြသပါ။

စမ်းသပ်မှု – အူမကြီးကို မှန်ပြောင်းကြည့်ပြီး စစ်ဆေးမှုခံယူတာက ပြဿနာအကြီး၊ အသေး မှန်သမျှတွေ့ရှိနိုင်ပြီး အသားပို (Polyps) ဖြစ်နေရင်လည်းဖယ်ရှားနိုင်ပါတယ်။

(၄) ဆီးအိတ်ကင်ဆာ

အစောပိုင်းသတိပေးလက္ခဏာ – ဆီးထဲသွေးပါတာပဲဖြစ်ပါတယ်။ အသက် ၆၀ အောက် ငယ်ရွယ်သူဖြစ်ရင် ဆီးကျောက်တည်တာရဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။ ဆီးအိတ်ကင်ဆာအများစုက အစောပိုင်းအဆင့်မှာတွေ့ရှိခဲ့ရင် ပျောက်ကင်းအောင် ကုသမှုခံယူနိုင်ပါတယ်။

လွဲမှားတတ်သောရောဂါ – ဆီးအိတ်အလုပ်လုပ်လွန်တာ ဒါမှမဟုတ် ဆီးသွားတဲ့အခါ နာကျင်တာတွေကလည်း ဆီးလမ်းကြောင်းပိုးဝင်တာရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ခြေများပါတယ်။

စမ်းသပ်မှု – ဆီးအိတ်ကိုစစ်ဆေးဖို့ လိင်တံကို မှန်ပြောင်းကနေတစ်ဆင့် စစ်ဆေးတာနဲ့ ဆီးစစ်ဆေးမှုပြုလုပ်တာတွေက ကင်ဆာဆဲလ်တွေကို သိရှိနိုင်ပါတယ်။

(၅) သားငံရည်ဂလင်းကင်ဆာ

အစောပိုင်းသတိပေးလက္ခဏာ – လည်ပင်း၊ ချိုင်း(ဂျိုင်း)နဲ့ ပေါင်ခြံနေရာတွေက သားငံရည်အကျိတ်တွေဟာ နာကျင်မှုမရှိဘဲ ရောင်ရမ်းနေနိုင်ပါတယ်။ အကျိတ်တွေကပိုးဝင်ပြီး ရောင်ရမ်းတတ်ပေမယ့် တစ်ပတ်နဲ့မပျောက်ကင်းရင် စစ်ဆေးမှုခံယူသင့်ပါတယ်။ တစ်လ-နှစ်လကျော်ကြာတဲ့အထိ မရှင်းပြနိုင်ဘဲ ကိုယ်အလေးချိန်လျော့ကျနေရင်၊ အရက်သောက်ပြီး သားငံရည်အကျိတ်က နာကျင်နေရင် ဒါမှမဟုတ် အကျိတ်က နီမြန်းမှုမရှိဘဲ ရောင်ရမ်းပြီးယားနေရင် သတိပြုဖို့လိုအပ်ပါတယ်။

လွဲမှားတတ်သောရောဂါ – သားငံရည်အကျိတ်ဟာ ပိုးဝင်တာကြောင့်ရောင်ရမ်းနိုင်ပါတယ်။

စမ်းသပ်မှု – သွေးစစ်ဆေးမှုဟာ တစ်ခါတစ်ရံသိနိုင်ပါတယ်။ ဒါပေမဲ့ အကျိတ်ကို အသားစယူစစ်ဆေးမှုလုပ်တာက ပိုတိကျပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top