Healthy Life Ad
Health Tips

၀မ်းဗိုက်အဆီကို တွန်းလှန်ပေးနိုင်မည့်သဘာဝအစာများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဝမှဗိုက်ပူတာ မဟုတ်ဘဲ တချို့လူတွေ ပိန်နေပါလျက် ဗိုက်ပူနေတတ်ပါတယ်။ ဗိုက်ပူတာက အဝတ်အစားဝတ်ရင် စမတ်မကျစေရုံသာမက ကျန်းမာရေးဆိုးကျိုးတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဗိုက်ပူတာ လျော့ကျစေဖို့ အဆီများတဲ့ အစာနဲ့ ပြုပြင်ထားတဲ့ အစားအသောက်တွေကို ရှောင်ဖို့လိုအပ်တဲ့အပြင် ဝမ်းဗိုက်အဆီကို တွန်းလှန်ပေးနိုင်မယ့် သဘာဝအစာတွေကိုလည်း စားပေးရပါမယ်။

(၁) အချဉ်အရသာရှိ သစ်သီးဝလံများ
သံပရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ ဂရိတ်ဖရုအစရှိတဲ့ ဗီတာမင်စီပါဝင်မှုများတဲ့ အချဉ်အရသာရှိ သစ်သီးဝလံတွေက ခန္ဓာကိုယ်က အဆီတွေကို မြန်မြန်ချေဖျက်နိုင်ပြီး ကိုယ်အလေးချိန်မတက်အောင် ကာကွယ်ပေးပါတယ်။ နံနက်စာစားတိုင်း ဒီအသီးတစ်မျိုး ထည့်စားပါ။

(၂) ဖရဲသီး
ဖရဲသီးမှာ ပိုတက်ဆီယမ်ပါဝင်မှုများတဲ့အတွက် ကိုယ်တွင်းဆိုဒီယမ်အဆင့်ကို ဟန်ချက်ညီစေပြီး ဝမ်းဗိုက်ဖောင်းပွတာကို သက်သာလျော့ပါးစေပါတယ်။

(၃) သစ်ကြားသီး
ဟင်းရွက်သုပ်ထဲမှာ သစ်ကြားသီး ထည့်စားတာကြောင့် အဆီတွေကိုတွန်းလှန်ပေးနိုင်ပါတယ်။ အရသာရှိတဲ့အပြင် အိုမီဂါ ၃ဖက်တီးအက်စစ်ပါဝင်တာကြောင့် စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောကိုထိန်းချုပ်ပေးပြီး အဆီတွေ စုပုံမှုမဖြစ်အောင် ဟန့်တားပေးပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သစ်ကြားသီးလေးစေ့ထက်ပိုမစားပါနဲ့။

(၄) အုတ်ဂျုံကွေကာ (Oatmeal)
ဂျုံအကြမ်းနဲ့လုပ်ထားတဲ့ ကွေကာပါ၊ ရိုးရိုးကွေကာအုတ်ကိုပြောတာမဟုတ်ပါဘူး။ ဒီအစာမှာ အမျှင်ဓာတ်နဲ့ ပရိုတင်း ပါတာကြောင့် နံနက်စာနဲ့ ညစာမှာ စားသင့်ပါတယ်။ သွေးတွင်းကိုလက်စထရော အဆင့်ကိုထိန်းချုပ်နိုင်ပြီး သွေးသန့်စင်စေပါတယ်။ အဆီပိုတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

(၅) အမျှင်ဓာတ်များသော ဟင်းသီးဟင်းရွက်များ
မုန်လာဥနီ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်စတဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစာတွေက ခန္ဓာကိုယ်ကနေ အဆီပိုတွေ ကိုလောင်ကျွမ်းစေပါတယ်။ အထူးသဖြင့် ဟင်းနုနယ်ရွက်နဲ့ ပန်းဂေါ်ဖီစိမ်းလို အမျှင်ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေ စားပေးပါ။

(၆) စတော်ဘယ်ရီသီး
စတော်ဘယ်ရီသီးအပါအဝင် ဘယ်ရီသီးမျိုးနွယ်တွေမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်ပါဝင်မှုများပြီး ကယ်လိုရီအလွန်နည်းပါတယ်။ ဖလေဗနွိုက်ပါဝင်တာကြောင့် ဆိုဒီယမ်အဆင့်ကို ဟန်ချက်ညီစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top