Healthy Life Ad
Life Style

အချိန် – ဆေးလောကအမြင် (၁)

ကျွန်မနှင့်နေ့စဉ်လူနာများ . . . . (၁၅)

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

“အချိန်”ဆိုတဲ့ အကြောင်းအရာဟာ ဆေးကုသရာမှာ တော်တော်အသုံးဝင်ပြီး အရေးကြီးတဲ့ ကဏ္ဍကနေပါဝင်ပါတယ်။ ရောဂါတစ်ခုကို ရှာဖွေရာမှာ (Diagnosis)၊ ရောဂါကုသရာမှာ (Treatment)၊ ရောဂါရဲ့ တိုးတက်မှု ဆုတ်ယုတ်မှု (Prognosis)တွေ စဉ်းစားပြောဆိုရာမှာ “အချိန်”နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အသုံးချတတ်ရင် အများကြီး အကျိုးဖြစ်စေနိုင်ပါတယ်။ ဆေးကုသခြင်းနဲ့ “အချိန်” ဘယ်လိုဆက်စပ်နေသလဲဆိုတာ စာဖတ်သူတွေစိတ်ဝင်စားမယ်လို့ ထင်ပါတယ်။ ဘယ်လိုများ ဆက်စပ်နေသလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ပါ။

“အချိန်”ကို ဆေးလောကမှာ ဘယ်လိုနေရာတွေမှာပြောဆိုလေ့ရှိသလဲဆိုတာ အရင်ဆုံးစဉ်းစားကြည့်ပါမယ်။ ဆရာဝန်ဆီ လာပြတာ၊ ဆေးရုံရောက်တာ အချိန်စောတယ် (early)၊ နောက်ကျသွားတယ် (Late)၊ ရောဂါသိတာ စောတယ်၊ နောက်ကျတယ်ဆို ပြီးပြောကြတယ်။ ရောဂါစတင်ဖြစ်ပွားတာက ရုတ် တရက်ဖြစ်တယ် (acute onset)၊ ဖြည်းဖြည်းချင်းဖြစ်တယ် (gradual onset)ဆိုပြီးလည်း ခွဲခြားသတ် မှတ်ကြပါတယ်။ ရောဂါတွေရဲ့ သဘာဝလမ်းကြောင်း (Course of the disease) သိရှိတာကလည်း ဆ ရာဝန်တွေအတွက် များစွာအကျိုးရှိပါတယ်။
ရောဂါရဲ့ တာရှည်မှု (Duration)ကို အချိန်တို ရောဂါ (Acute illness)၊ တာရှည်ရောဂါ (Chronic illness)စသဖြင့် “အချိန်”ဆိုတဲ့ အခေါ်အဝေါ်ကို အမျိုးမျိုး အသုံးပြုကြပါတယ်။

ရောဂါသိစောတာ၊ နောက်ကျတာ
ရောဂါတွေက ဖြစ်ခါစအချိန်မှာ သိရရင် ကုသရတာလွယ်ပြီး သိရတာနောက်ကျရင် ရောဂါရဲ့ နောက်ဆက်တွဲတွေ ရှုပ်ထွေးလာပြီး ကုရတာ ပိုခက်ပါတယ်။ တစ်ဖက်မှာ ရောဂါဖြစ်ခါစအချိန်မှာ ရောဂါလက္ခဏာတွေက ပြည့်ပြည့်စုံစုံမပေါ်သေးလို့ ရောဂါအမည် ဖော်ထုတ်ရတာ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ဒီအဆင့်မှာ ရောဂါအစောဆုံးဖော်ထုတ်နိုင်တဲ့ နည်းတွေကိုသုံးပြီး ရှာဖွေရပါမယ်။ ရောဂါဝေဒနာ၊ ရောဂါလက္ခဏာ မပေါ်ပေါက်ခင်သိရရင် အကောင်းဆုံးဖြစ်ပါမယ်။ ဒါကတော့ ကျန်းမာရေး စစ်ဆေးတာပဲ ဖြစ်ပါတယ်။

ဥပမာ (၁) ဆီးချိုသွေးချိုရောဂါကို အစောဆုံး ဖော်ထုတ်နိုင်ရင် နောက်ဆက်တွဲရောဂါတွေကို အ ကောင်းဆုံးကာကွယ်နိုင်မယ်၊ သွေးချိုထိန်းရတာ ပိုလွယ်မယ်၊ ဘီတာဆဲလ်အားကုန်လို့ အင်ဆူလင်ထိုး ရမယ့်အခြေအနေ မရောက်အောင် နှစ်ပေါင်းများစွာ ထိန်းထားနိုင်မယ်။

ဥပမာ(၂) အသည်းရောင်အသားဝါ စီပိုး (Hepatitis C) ကို စောစောရှာဖွေဖော်ထုတ်နိုင်တာက ဆေးကုဖို့ အခွင့်အရေးရမယ်။ အသည်းခြောက်တာ၊ အသည်းကင်ဆာမဖြစ်အောင် ကာကွယ်တားဆီးနိုင်မယ်။

ဥပမာ (၃) ရင်သားကင်ဆာကို အကျိတ်မပေါ်ခင် အစောဆုံးသိရရင် စောစောခွဲထုတ်နိုင်မယ်၊ သက်တမ်းပြည့်နေရမယ်။ နောက်ကျမှ သိရင် ကုမရဘဲ အသက်ပါ ဆုံးရှုံးရပါမယ်။

ဥပမာ (၄) ရောဂါသိတာ နောက်ကျတဲ့ ဥပမာကတော့ အူအတက်ရောင်တာကို သာမန်လေထိုးတယ်ထင်ပြီး ဆေးခန်းမှာ ဆေးထိုးရင်း ရောဂါလက္ခဏာကလည်း မြုပ်ကွယ်နေမယ်၊ ဆေးရုံရောက်ရမယ့် အချိန်မှာ မနာတော့လို့ပေါ့ဆနေမိတာကြောင့် အူအတက်ပေါက်သွားမှ၊ အချိန်နောက်ကျပြီးမှ ရောဂါသိမယ်။ ကုတာနောက်ကျမယ်။ အသက်ဆုံးရှုံးရမယ်။ ဒါတွေကတော့ “အချိန်”စောစောနဲ့ “အချိန်”နောက်ကျခြင်းရဲ့ အဖြစ်တွေပဲဖြစ်ပါတယ်။

ရောဂါစတင်ဖြစ်ပေါ်လာပုံ(Mode of onset)
ရောဂါတစ်ခုရဲ့ စတင်ဖြစ်ပေါ်လာပုံကို လူနာကိုယ်တိုင်က ရုပ်ရှင်ကြည့်နေသလို မြင်ယောင်နေအောင် ရှင်းပြနိုင်ရင် ရောဂါဇာစ်မြစ်ကို ရှာဖွေဖော်ထုတ်တဲ့ နေရာမှာ အလွန်လွယ်ကူပါတယ်။ ဆရာဝန် တွေကလည်း ဒီအရေးကြီးဆုံးအချက်ကို သဲလွန်စ အဖြစ် အသုံးပြုနိုင်ဖို့ လိုပါတယ်။ စိတ်ရှည်ရှည်စောင့်စားနားထောင်ဖို့ လိုပါတယ်။ “ဘာဖြစ်တာလဲ”ဆိုတာထက် “ဘယ်လို စတင်ဖြစ်သလဲ”ဆိုတာက အရေးကြီးပါတယ်။ အထူးသဖြင့် ဖြစ်ပွားတဲ့နှုန်းဘယ်လောက်မြန်သလဲ၊ နှေးသလဲဆိုတာက အရေးကြီးပါ တယ်။
အသက် ၄၀ ရှိလူနာဦးနီကို နံနက်စောစော အရေးပေါ်မှာ တွေ့ရပါတယ်။ တာဝန်ကျ ဆရာဝန်တွေက ရင်ခေါင်းအောင့်လို့ အစာအိမ်ရောင်တာလို့သတ်မှတ်ပြီး ဆေးပေးထားပါတယ်။ သူ့အကြောင်းကို တာဝန်ကျ ဆရာဝန်တွေက ရှင်းပြရာမှာ “ဒီလူနာက အစာအိမ်ရောင်တဲ့ကေ့စ်ပါ။ ပင်တိုပရာဇော (Pantoprazole) ထိုးထားပါတယ် မမ”လို့ ရောဂါ အမည်တပ်ပြီး တင်ပြပါတယ်။ ဒါပေမဲ့ လူနာက အရမ်းနာနေပြီး မသက်သာသေးလို့ ရောဂါဖြစ်စဉ်ကို လူနာကိုယ်တိုင် ပြန်ပြောပြခိုင်းပါတယ်။

“ကျွန်တော်အိမ်က ကားမောင်းပြီး ထွက်လာတာ အကောင်းပဲ။ ကားမောင်းနေရင်း ရုတ်တရက် ရင်ခေါင်းထဲ အရမ်းအောင့်ပြီး မခံနိုင်အောင် နာလာတာ၊ ဘယ်လိုမှ မအောင့်နိုင်တော့လို့ အခုအနီးဆုံး ဆေးရုံကို ဝင်လာတာပါ။ အခုလည်း မသက်သာသေးဘူး”
သူ့ဖြစ်စဉ်က သူ ပြန်ပြောချက်အရ ရုတ်တရက်ဖြစ်တာ၊ စက္ကန့်ပိုင်းအတွင်း အရမ်းဆိုးသွားတာ ဆိုတော့ ကိုယ်တွင်းအင်္ဂါကလီစာတစ်ခုခု ဥပမာအူ၊ အစာအိမ်၊ သည်းခြေအိတ်တစ်ခုခု ရုတ်တရက်ပေါက် သွားတာမျိုးဖြစ်နိုင်တာကို မြင်ယောင်မိပါတယ်။ အစာအိမ်နာရင် အောင့်တောင့်တောင့်နဲ့နာရီတွေ၊ ရက် တွေကြာပြီး မသက်သာမှ ဆေးရုံရောက်လာရမှာ ဖြစ်ပါတယ်။
“ရုတ်တရက် ချက်ချင်းဖြစ်ခြင်း”ဆိုတဲ့ “အချိန်”ကို အလေးထားရင် ရောဂါရှာလို့ ပိုလွယ်ပါတယ်။ ဒါကြောင့် သူ့ဗိုက်ကို ဓာတ်မှန်ရိုက်ကြည့်တဲ့ အခါ Diaphragm လို့ ခေါ်တဲ့ကြွက်သားပြားအောက်နေရာမှာ လေခိုနေတာ တွေ့ရတယ်။ ဒီလက္ခဏာဟာ အစာအိမ် ဒါမှမဟုတ် အူပေါက်သွားတာရဲ့ သက်သေဖြစ်ပါတယ်။ တခြားရုတ်တရက်ဖြစ်တဲ့ ရောဂါတွေကတော့ သွေးကြောပေါက်တာ၊ သွေးကြောပိတ်တာ စတာတွေ ဖြစ်ပါတယ်။ ရာဇဝင်ကို မေးတဲ့အခါ ရုတ်တရက်ဖြစ်တဲ့ဖြစ်စဉ်ကို ရုပ်လုံးပေါ်အောင် လူနာကိုယ်တိုင်ပြောတာ နားထောင်ပေးဖို့ လိုအပ်ပါတယ်။

မအေးအေးက အလုပ်သင် ဆရာဝန်ပါ။ အလုပ်လည်း ကြိုးစားပြီး တာဝန်ကျေပွန်တဲ့ ဆရာဝန် ဖြစ်ပါတယ်။ သူမ ခေါင်းကိုက်ပြီး တခြားဆေးရုံတစ်ခုကို ညကတက်ပါတယ်။ အဖျားနည်းနည်းရှိလို့ တုပ်ကွေးဖြစ်တာပဲလို့ ယူဆမိကြပါတယ်။ အခု ဆေးရုံကို ပြောင်းလာတဲ့အခါ တုပ်ကွေးလိုပဲ ဆက်ကုထားတာ မသက်သာလို့ ဖြစ်စဉ်ကို သေချာအောင် ပြန်မေးကြည့်လိုက်ပါတယ်။ သူခေါင်းကိုက်လေ့ မရှိပါဘူး။ အခုဖြစ်တာက စာဖတ်နေတုန်း

ရုတ်တရက် နောက်စေ့ကနေခေါင်းထိုးကိုက်လာတာ ဖြစ်ပါတယ်။ စက္ကန့်ပိုင်းအတွင်း အရမ်းဆိုးလာလို့ နီးစပ်ရာ ပြင်ပဆေးရုံ တစ်ခုကို သွားပြတာ ဖြစ်ပါတယ်။ ဒါဆိုရင် ရုတ်တရက် အရမ်းဆိုးတဲ့ ခေါင်းကိုက်ဝေဒနာ တွေ့တိုင်း ဦးနှောက်သွေးကြောပေါက်သွားတာကို အရင်ဆုံး စဉ်းစားထားဖို့လိုပါတယ်။ ဒါကြောင့် ဦးနှောက်ကို စီတီစကင်အမြန်ရိုက်လိုက်တဲ့အခါ တုပ်ကွေးကြောင့် ခေါင်းကိုက်တာ မဟုတ်ဘဲ Subarrhoichnoid Haemorrhage လို့ခေါ်တဲ့ ဦးနှောက်အပေါ်ယံအလွှာတွင်း သွေးယိုစိမ့်နေတာ တွေ့ရပါတယ်။ ဒါ ကြောင့် ရောဂါစတင်ဖြစ်တဲ့ ဖြစ်စဉ် အမှန်ကို သိရင် ရောဂါအဖြေမှန်ရနိုင်မှ ဖြစ်ပါတယ်။

နောက်တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top