Healthy Life Ad
Life Style

အမှန်လေလား၊ အမှားလား ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများ (၅)

၊ ဒေါက်တာမြတ်ထွဋ်ညွန့် ၊

မြန်မာမှာသာမက ကမ္ဘာနှင့်အဝန်း ကျန်းမာရေးဆိုင်ရာ တလွဲယုံကြည်မှုတွေရှိကြသည်။ အမှန်တွေကို မှတ်သားထားသည်က ကိစ္စမရှိ။ မဟုတ်က ဟုတ်ကတွေကို လွဲမှားစွာ ယုံကြည်လက်ခံထားပါက ဘဝနှင့်ရင်းကာ အသက်ကိုပင် ပေးဆပ်လိုက်ရနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးဆိုင်ရာ ယုံကြည်မှု များနှင့်ပတ်သတ်ပြီး အမှန်လေလား အမှားလားဟူသည်ကို စာဖတ်သူတို့ တွေးဆဆင်ခြင်နိုင်ရန်ဖော်ပြ ပေးပါမည်။

ယခုတစ်ပတ်တွင် ဆီးချိုရောဂါဆိုင်ရာယုံကြည်မှုများကို ဖော်ပြဆွေးနွေးပေးပါမည်။

ယုံကြည်ချက် (၁)
‘သကြားအစားများပါက ဆီးချိုဖြစ်မည်’
မှားသည်။ သကြားများများစားတိုင်း ဆီးချိုမဖြစ်ပါ။ ဆီးချိုရောဂါသည် အင်ဆူလင်ခေါ်ဆဲလ် အတွင်းသို့ သကြားဓာတ် ပို့ပေးရာတွင် ပါဝင်သည့် ဟော်မုန်းလုံလောက်စွာ မထွက်ခြင်း၊ ထွက်သည့်တိုင် ဆဲလ်အတွင်းသို့ သကြားဓာတ်မဝင်ဘဲ ပြင်ပတွင်သာ စုပုံနေခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါသည်။ သ ကြားအစားများခြင်းနှင့်အတူ အခြားသော ကယ်လိုရီမြင့်သည့် အစာများစားသုံးခြင်းကြောင့် အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုဖြစ်ခြင်းတို့ကို တွဲလျက် တွေ့ရပါသည်။ သကြားစားမှုများရုံသက်သက်ဖြင့် ဆီးချိုမဖြစ်သလို သကြားမစားဘဲနေခြင်းဖြင့်လည်း ဆီးချိုကို မကာကွယ်နိုင်ပါ။ သို့သော် ဆီးချိုဖြစ်ပြီဆိုလျှင်တော့ သကြားကို အတတ်နိုင်ဆုံး လျှော့စားသင့်သည်။

ယုံကြည်ချက် (၂)
‘ဆီးချိုဖြစ်လျှင် လိုက်နာစားသုံး ရမည့်အချက် တွေအများကြီးရှိသည်’
ဆီးချိုရှိလျှင် အစားအသောက်ဆင်ခြင်ရမည် ဆိုသော်လည်း အခြေခံအချက်မှာ သွေးတွင်းပုံမှန် ရှိသင့်သည့် သကြားဓာတ်ရှိနေဖို့ဆိုသည့် အချက်သာဖြစ်သည်။ အရာအားလုံးကို ရှောင်ဖို့မဟုတ်၊ နေ့ စဉ်စားသုံးနေကျများကို လုံးဝမစားဘဲ စားစရာ အ မည်သစ်များကို ဖန်တီးချက်ပြုတ်စားသောက်ရမည် မဟုတ်ပါ။ သွေးချိုဓာတ်ပေါ်မူတည်ကာ အစားအ သောက်ကို ချိန်ဆစားတတ်ရန်သာလိုပါသည်။

ယုံကြည်ချက် (၃)
‘ကာဗိုဟိုက်ဒရိတ်အစားအစာများသည် ဆီးချို အတွက်မကောင်းပါ’
အတိုင်းအတာတစ်ခုထိမှန်သော်လည်း လုံးဝရှောင်စားရမည် မဟုတ်ပါ။ ထမင်းစားစား၊ ဂျုံစားစား၊ အာလူးစားစားစားသမျှသော ကာဗိုဟိုက်ဒရိုက်များ တွင် အခြားသော အကျိုးပြုဗီတာမင်များ၊ သတ္တု ဓာတ်များနှင့် အမျှင်ဓာတ်များလည်း ပါဝင်ပါသည်။ လောင်ကျွမ်းမှုမြန်ပြီး စားပြီးပြီးချင်း သွေးတွင်း သ ကြားဓာတ် မြင့်တက်လွယ်သည့် ကာဗိုဟိုက်ဒရိတ် အစားအစာမျာကို သတိထားပြီး ချင့်ချိန် စားသုံးနိုင် ပါသည်။

ယုံကြည်ချက် (၄)
‘အသားသည် ကာဗိုဟိုက်ဒရိတ်ထက် ပိုကောင်းသည်’
ကာဗိုဟိုက်ဒရိတ် အစားအစာများဖြစ်သည့် ထမင်း၊ ဂျုံ၊ ပြောင်း၊ အာလူးစသည်တို့သည် စားသုံးပြီးနောက် သွေးတွင်းသကြားဓာတ်ကို အလျှင်အမြန်တက်စေနိုင်သည့်အတွက် ဆီးချိုသမားများသတိ ထား စားသုံးသင့်သည်။ ထို့ကြောင့် အချို့က အသား များများစားနိုင်သည်ဟု မှတ်ထင်တတ်ကြသည်။ သို့ သော် အဆီများသော အသားများဖြစ်လျှင် ကောင်း ကျိုးထက် ဆိုးကျိုးက ပိုစေနိုင်ပြီး နှလုံးနှင့်သွေး ကြောရောဂါများကို ဖြစ်စေနိုင်ပါသည်။

ယုံကြည်ချက် (၅)
‘ဆီးချိုကျဆေးများကို အစားစားသည့်ပေါ်မူ တည်ပြီး အနည်းအများပြောင်းလဲနိုင်သည်’
ဆီးချိုအတွက် အင်ဆူလင်ထိုးဆေးကို သုံးနေ သည်ဆိုပါက အစားများသည့်အခါ၊ အချိုစားမိသည့် အခါမျိုးတွင် အင်ဆူလင်ဆေးကို ချိန်ဆထိုးနိုင် သည်။ ထိုသို့ ဆိုလေတိုင်း စားချင်ရာစားပြီး ပိုထိုးလို့ မရပါ။ အတိုင်းအဆ တစ်ခုရှိဖို့ကိုသာ ဆိုလိုပါသည်။ အကယ်၍ ဆီးချိုကျဆေးများကို သောက်နေပါက အစားအသောက်ပေါ်မူတည်ပြီး လိုတိုးပိုလျှော့ လုပ်၍ မရပါ။ ဆီးချိုကုသပေးနေသော ဆရာဝန်၏ ညွှန် ကြားသည့်အတိုင်း အတိအကျ လိုက်နာသောက်သုံး ဖို့ လိုပါသည်။

သကြားအစားများခြင်းနှင့်အတူ အခြားသော ကယ်လို ရီမြင့်သည့် အစာများစားသုံးခြင်းကြောင့် အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုဖြစ်ခြင်းတို့ကို တွဲလျက်တွေ့ရပါ သည်။ သကြားစားမှုများရုံသက်သက်ဖြင့် ဆီးချိုမဖြစ် သလို သကြားမစားဘဲနေခြင်းဖြင့်လည်း ဆီးချိုကို မကာကွယ်နိုင်ပါ . . .

ယုံကြည်ချက် (၆)
‘ဆီးချိုကျဆေး သောက်ထားပြီးပါက စားချင်တာ စားနိုင်သည်’
မှားသည်။ ဆီးချိုကျဆေးသည် သွေးတွင်း ဆီး ချိုဓာတ်ကို ထိန်းညှိပေးဖို့သာ ဖြစ်သည်။ ဆေး သောက်ထားပြီး ထင်တိုင်း စာလျှင် အန္တရာယ်ရှိ သည်။ အစားအသောက်၊ အနေအထိုင်နှင့် ဆေးဝါး ဟူသော အချက်သုံးချက်ကို ဟန်ချက်ညီအောင် သ တိထားနေဖို့ လိုသည်။

ယုံကြည်ချက် (၇)
‘ဆီးချိုဖြစ်လာလျှင် အရင်က ကြိုက်သည့် အချို ဓာတ်ပါသည့် စားစရာများကိုရှောင်ရမည်’
ရှောင်နိုင်သည်က ကောင်းပါသည်။ အထူးသ ဖြင့် ဆီးချိုဓာတ်မြင့်မားလွန်းနေလျှင် ရှောင်ရပါမည်။ ဆီးချိုဓာတ်ကို ထိန်းထားနိုင်ချိန်တွင် အချိုဓာတ်ပါ သည့် စားစရာများကိုအခြားသင့်လျှော်သော အလား တူစားစရာများဖြင့် စားခြင်း၊ ယခင် စားနေကျထက် လျော့စားခြင်း၊ အခြားတစ်ဦးဦးနှင့် ဝေမျှစားခြင်း၊ ရေခဲမုန့်၊ မလိုင်၊ ကိတ်မုန့်တို့အစား အချိုမပါသော ကွေကာအုပ်၊ အချိုလျှော့ထားသော ဒိန်ချဉ် စသည် တို့ ပြောင်းစားခြင်းတို့ကို ကြိုးစားသင့်သည်။

ယုံကြည်ချက် (၈)
‘ဆီးချိုအတွက် သီးသန့်စား သောက်မှုပုံစံဖြင့် ချက်ပြုတ်စားသုံးရမည်’
ဆီးချိုဖြစ်ပါက အစားအသောက်ကို သတိထား စားသုံးဖို့လိုသော်လည်း အာဟာရပြည့်အောင် စားသုံး နိုင်ဖို့လည်းလိုပါသည်။ အစားအသောက်ပုံစံကိုလုံးဝ ကွဲပြားခြားနားစွာ ဖန်တီးစားသောက်ရမည် မဟုတ် ပါ။ ကျန်းမာရေးအတွက် မိသားစုဝင် အိမ်သူအိမ်သား အားလုံးစားနိုင်သည့်အစားအစာကို စားဖို့လိုပါသည်။

ယုံကြည်ချက် (၉)
‘ဆီးချိုအတွက် သီးသန့်ဆန် ချက်စားရမည်’
သုတေသနများအရ ဆီးချိုဆန်သည် အခြား သောဆန်များနှင့် နှိုင်းယှဉ်ပါက သိသာထင်ရှားစွာ သကြားဓာတ်ကို မမြင့်တက်အောင်ထိန်းသိမ်းထားနိုင်ခြင်းမရှိပါ။ ထို့ကြောင့် ဆီးချိုဖြစ်ပြီး ဆီးချိုဆန် မစားနိုင်တိုင်း ဝမ်းနည်းဖို့မလိုပါ။ အမျှင်ဓာတ်များ များပါသည့် လုံးတီးဆန်မျိုးကတော့ အိမ်သားအား လုံးစားနိုင်လျှင် စားသင့်ပါသည်။ ဆီးချိုဖြစ်လျှင် ထမင်းရေ ငှဲ့ချက်စားဖို့လည်းမလိုပါ။ အာဟာရဓာတ် များ ပိုမိုဆုံးရှုံးစေနိုင်သည့်အပြင် ရေငှဲ့ထားတာပဲဟု တွေးကာ ပိုစားမိလျှင် ပိုဆိုးစေနိုင်ပါသည်။

ယုံကြည်ချက်(၁၀)
‘ဒိုင်းယက် အစားအစာများသည် ဆီးချိုသမားအ တွက်ကောင်းသည်’
အမြဲမကောင်းပါ။ ကိုယ်အလေးချိန်လျှော့ချလို သူများအတွက် ဒိုင်းယက်အစားအစာများသည် ဆီးချိုအတွက် ပိုထူးခြားစွာ မကောင်းတတ်ကြပါ။ အစားအစာရွေးချယ် ဝယ်ယူရာတွင် ပါဝင်သည့် ပစ္စည်းများ၊ ကယ်လိုရီပမာဏ စသည့် အချက်များကို ဖတ်ရှုကာ မိမိနှင့် ထိုက်သင့်သည်ကို ဝယ်စားဖို့ လိုပါသည်။ ဒိုင်းယက်ဆိုတိုင်း ဆီးချိုသမားအတွက် ကောင်းသည် မဟုတ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top