Healthy Life Ad
Life Style

အမှန်လေလား၊ အမှားလား ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများ (၄)

၊ ဒေါက်တာမြတ်ထွဋ်ညွန့် ၊

မြန်မာမှာသာမက ကမ္ဘာနှင့်အဝန်း ကျန်းမာရေးဆိုင်ရာ တလွဲယုံကြည်မှုတွေရှိကြသည်။ အမှန်တွေကို မှတ်သားထားသည်က ကိစ္စမရှိ။ မဟုတ်ကဟုတ်ကတွေကို လွဲမှားစွာ ယုံကြည်လက်ခံထားပါက ဘဝနှင့်ရင်းကာ အသက်ကိုပင် ပေးဆပ်လိုက်ရနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများ နှင့်ပတ်သက်ပြီး အမှန်လေလား၊ အမှားလား ဟူသည်ကို စာဖတ်သူတို့ တွေးဆ ဆင်ခြင်နိုင်ရန် ဖော်ပြပေးပါမည်။
ယခုတစ်ပတ်တွင် မျက်စိကျန်းမာရေးဆိုင်ရာ ယုံကြည်ချက်များကို ဖော်ပြဆွေးနွေးပေးပါမည်။

ယုံကြည်ချက် (၁)
‘မုန်လာဥနီစားသုံးခြင်းသည် မျက်စိအမြင်ကို သန်စွမ်းစေနိုင်သည်’
မှန်သည်။ မုန်လာဥနီသည် ဗီတာမင်အေကြွယ်ဝသော အစားအစာတစ်မျိုးဖြစ်သည်။ ဗီတာမင်အေသည် အမြင်အာရုံ သန်စွမ်းမှုကို အားပေးသည်။ သို့ သော် ဗီတာမင်အေကို မုန်လာဥနီတစ်မျိုးတည်းတွင် သာပါရှိသည်မဟုတ်ဘဲ နို့၊ ဒိန်ခဲ၊ ထောပတ်၊ ဥအနှစ်နှင့် အသည်းတို့တွင်လည်း အများအပြား ပါဝင်ပါသည်။

ယုံကြည်ချက် (၂)
‘တီဗီကို နီးကပ်စွာကြည့်ခြင်းသည် မျက်စိကိုထိခိုက်စေနိုင်သည်’
မှားသည်။ တီဗီကို လိုအပ်သည်ထက် ပိုမိုနီးကပ်စွာ ကြည့်ခြင်းဖြင့် ခေါင်းကိုက်စေနိုင်သည်။ သို့သော် မျက်စိကို ထိခိုက်နိုင်ခြင်း မရှိကြောင်း တွေ့ရသည်။ တီဗီကို သူများထက်နီးကပ်စွာကြည့်နေခြင်းသည်အဝေးမှုန်ခြင်း၏ လက္ခဏာလည်း ဖြစ်နိုင်သည့်အတွက် တီဗီကို နီးနီးကပ်ကပ်ကြည့်နေပါက မျက်စိဆရာဝန်နှင့် စမ်းသပ်စစ်ဆေးကြည့်ဖို့ လိုသည်။

ယုံကြည်ချက် (၃)
‘အလင်းရောင်နည်းသော နေရာတွင် စာဖတ်ပါက မျက်စိထိခိုက်နိုင်သည်’
မမှန်ပါ။ တီဗီကို အနီးကပ်ကြည့်ခြင်းနည်းတူ အမှတ်မှားနေကြခြင်းသာဖြစ်သည်။ အလင်းရောင်နည်းသော နေရာတွင် စာဖတ်ပါက ခေါင်းကိုက်စေနိုင်သော်လည်း မျက်စိကို ထိခိုက်စေခြင်းမရှိပါ။ သို့သော် အလင်းရောင်ကောင်းသောနေရာတွင် ဖတ်ရှု ခြင်းဖြင့် ပိုမိုသက်သောင့်သက်သာ ဖတ်ရှုစေနိုင်ပါသည်။

ယုံကြည်ချက် (၄)
‘မျက်မှန်၊ မျက်ကပ်မှန်ကိုအမြဲတပ်ထားခြင်းဖြင့် အမြင် အာရုံပိုချို့ယွင်းကာ မျက်မှန်တပ်မှ မြင်ရသည်အထိ ဖြစ်စေသည်’
မှားသည်။ အမြင်ဝေ၀ါးခြင်းကြောင့် မျက်မှန်၊ မျက်ကပ်မှန်တပ်ကာ အမြင်အာရုံကြည်လင်အောင် ပြုပြင်ခြင်းသည် မျက်စိကို သက်သောင့်သက်သာ ရှိစေသည်။ မျက်မှန်တပ်သင့်ပါလျက် မတပ်ဘဲနေမှသာ မျက်စိကို ပိုမို ဒဏ်ပိစေနိုင်သည်။
အသက်အရွယ်ကြောင့် ဖြစ်စေ၊ ရောဂါကြောင့် ဖြစ်စေ မျက်စိပါဝါသည်ပြောင်းလဲလေ့ရှိသည်။ မျက်မှန်၊ မျက်ကပ်မှန်တို့ကြောင့် မျက်စိပါဝါ ပိုမတိုးစေနိုင်ပါ။

ယုံကြည်ချက်(၅)
‘မျက်စိစွေခြင်းကို ကုသနိုင်သည်’
မှန်သည်။ အထူးသဖြင့် အသက်ငယ်ရွယ်စဉ်ကာလတွင် မျက်စိစွေခြင်းကို ပြုပြင် ကုသပေးနိုင်သည်။ ထို့ကြောင့် မျက်စိစွေသည့် ကလေးငယ်များကို တစ်နှစ်မပြည့်မီတွင် တစ်ကြိမ်နှင့် အသက်နှစ်နှစ်တွင် တစ်ကြိမ် မျက်စိအထူးကု ဆရာဝန်နှင့် ပြသကုသသင့်သည်။

ယုံကြည်ချက် (၆)
‘မျက်စိအမြင်ကွယ်ခြင်းကို မကာကွယ်နိုင်ပါ’
မှားသည်။ မျက်စိအမြင်ဝေ၀ါးခြင်း၊ မျက်စိအောင့်ခြင်း၊ အလင်းစူးစူးမကြည့်နိုင်ခြင်း၊ အမြင် ရုတ်တရက် မှောင်မဲဝေ၀ါးသွားခြင်းစသည့် ရောဂါ လက္ခဏာများ ပေါ်ပေါက်လာပါက မျက်စိဆရာဝန် နှင့် ပြသသင့်သည်။ ထိုသို့ ရှေ့ပြေးလက္ခဏာများကို စောစီးစွာ သတိထားမိပြီး ထိရောက်စွာ ကုသပေးနိုင်ပါက မျက်စိအမြင်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်ပါသည်။

ယုံကြည်ချက် (၇)
‘ကလေးငယ် အိပ်ခန်းတွင် မီးထွန်းထားခြင်းသည် ကလေးမျက်စိအမြင်မှုန်စေနိုင်သည်’
မှားသည်။ ကလေးငယ်အခန်းတွင် မီးထွန်းထားခြင်းဖြင့် ကလေးမျက်စိကိုထူးပြီး ထိခိုက်မှုမဖြစ်နိုင်ပါ။ ကလေးနိုးနေချိန်တွင် အလင်းရောင်ကြောင့် မျက်စိလှုပ်ရှားနိုင်စွမ်းကိုပင် ပိုမိုစေနိုင်သည်။

ယုံကြည်ချက် (၈)
‘နေကိုမျက်စိဖြင့် တိုက်ရိုက်ကြည့်ခြင်းဖြင့် မျက်စိကို ထိခိုက်စေနိုင်သည်’
မှန်သည်။ နေကို တိုက်ရိုက်ကြည့်ခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ မျက်စိအမြင်ရုတ်တရက် ကွယ်ခြင်းတို့ကို ဖြစ်စေနိုင်ရုံသာမက မျက်စိအတွင်းရှိ မြင်လွှာကို ထိခိုက်ကာ တာရှည် မျက်စိအမြင်ကွယ်ခြင်းကိုပါ ဖြစ်စေနိုင်သည်။ ထို့ပြင် နေရောင်တွင်ပါသော ခရမ်းလွန်ရောင်ခြည်ကြောင့် မက်ကူလာမျက်စိပျက်ရောဂါ၊ မျက်ကြည်လွှာထိခိုက်ခြင်းနှင့် မြင်လွှာရောင်ရမ်းခြင်းတို့ကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် နေကြတ်ချိန်တွင် နေကိုကြည့်လေ့ရှိရာ နေကိုမမြင်ရသော်လည်း နေမှလာသည့် မမြင်နိုင်သည့် ရောင်ခြည်များရှိနေနိုင်သဖြင့် မျက်စိကို ရာသက်ပန် ထိခိုက် ပျက်စီးသွားစေနိုင်သည်။

ယုံကြည်ချက် (၉)
‘ဆေးသကြား (သကြားတု)များကြောင့် အလင်းရောင်ကိုကြည့်လျှင် မျက်စိပိုစူးစေနိုင်သည်’
မှန်သည်။ သကြားတုများသည် အလင်းကို ပိုမိုစူးရှစေနိုင်သည်။ ထို့ကြောင့် အလင်းနည်းနည်း များများကို ကြည့်သည်နှင့် မျက်စိစူးစေနိုင်သည်။ အလားတူ အချို့သော ပဋိဇီဝဆေးများ၊ ဆီးချိုကျဆေး၊ သွေးတိုးကျဆေး၊ ဆီးဆေး၊ ကိုယ်ဝန်တားဆေးများ သည်လည်း အလားတူ မျက်စိစူးရှခြင်းမျိုး ဖြစ်စေနိုင်သည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top