Healthy Life Ad
Life Style

အသည်းရောင်အသားဝါဘီပိုးနှင့် စီပိုး ရှိသူတို့အတွက် အာဟာရ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

မေး ။ အသည်းရောင် အသားဝါ ဘီပိုးနဲ့ စီပိုးက အစားအသောက်ကတစ်ဆင့် ကူးတတ်ပါသလား ဆရာမ။
ဖြေ ။ အသည်းရောင် အသားဝါ ဘီပိုးနဲ့ စီပိုးက အစားအသောက်တစ်ဆင့် မကူးတတ်ပါဘူး။ အသည်းရောင် အသားဝါ အေပိုးကတော့ အစားအသောက်၊ အထူးသဖြင့် မသန့်ရှင်းတဲ့ ရေကတစ်ဆင့် ကူးတတ်ပါတယ်။ ဘီပိုးနဲ့ စီပိုးက အဓိကအားဖြင့် သွေးကနေ ကူးစက်တာများပါတယ်။ လိင်ဆက်ဆံမှုကနေ ကူးတတ်ပါတယ်။

မေး ။ ဘီပိုး၊ စီပိုးရှိသူတွေက အသည်းထိခိုက်မှု မဖြစ်စေဖို့ ဘယ်လိုအစားအသောက်တွေကို ရှောင်သင့်ပါသလဲ ဆရာမ။
ဖြေ ။ ဘီပိုး၊ စီပိုးရှိသူတွေက အသည်းထိခိုက်မှုမဖြစ်အောင်ရှောင်ရမယ့် အစားအသောက်တွေ ရှိပါတယ်။ အသည်းရဲ့သဘောက အဆိပ်တွေကို ဖြေပေးပါတယ်။ ဒီတော့ နံပါတ်

(၁) အနေနဲ့ အရောင်ဆိုးထားတဲ့၊ ဆိုးဆေးပါတဲ့ အစားအသောက်တွေကို မစားသောက်ရပါဘူး။

(၂) အရက်အလွန်အကျွံ မသောက်ရပါဘူး။
တချို့လူတွေက အရက်ကို မသောက်ရမနေနိုင်ဘူးဆိုတဲ့အခါ တစ်ပတ်မှာ ၁၈၀ ml ထက် လုံးဝ ပိုမသောက်သင့်ပါဘူး။ ဖြစ်နိုင်ရင်တော့ အရက်မသောက်တာ အကောင်းဆုံးပါ။

(၃) တချို့အစားအသောက်တွေကို အစိမ်းစားတာ၊ ကောင်းကောင်းမကျက်ဘဲ စားတာကို ဆင်ခြင်ရပါမယ်။

(၄) အနီရောင်အသားကို လုံးဝမစားရတာတော့ မဟုတ်ပေမယ့် တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။

(၅) ပင်လယ်စာတွေကို မချက်ဘဲနဲ့ လုံးဝ မစားသင့်ပါဘူး။ ပုဇွန်အစိမ်းတို့၊ ငါးအစိမ်းတို့ မစားသင့်ပါဘူး။

(၆) သိပ်ချိုလွန်းတဲ့ အစားအသောက်တွေကို လွန်လွန်ကဲကဲမစားရပါဘူး။ အချိုစာကို နည်းနည်း ပါးပါးစားလို့တော့ ရပါတယ်။

(၇) ဆားကို လွန်လွန်ကဲကဲ မစားရပါဘူး။
အသည်းဆိုရင် ဆိုဒီယမ်(ဆား) မရှောင်ကြဘူး။ တကယ်တော့ ဆိုဒီယမ်က ရေဆွဲစေတဲ့ အစွမ်းရှိတယ်၊ အသည်းရောဂါဖြစ်တဲ့အတွက် ရေဖျင်းစွဲလွယ်တယ် . . အဲဒီအတွက် ဆားကို တိတိကျကျလျှော့ရပါမယ်။

(၈) အဆီများတဲ့ အစာ၊ ဟင်းအနှစ်တွေကိုလည်း ဆင်ခြင်သင့်ပါတယ်။

(၉) ငါးကြော်စားလို့ရသလားဆိုရင် စားလို့ရပါတယ်။ ငါးကို အခုပဲကြော်ပြီး စားတယ်ဆိုရင် ရပါတယ်။ ဒါပေမဲ့ ငါးကြော်ကို ကြော်ထားပြီး နှစ်ရက်လောက်နေမှ ပြန်စားမယ်ဆိုရင် နွှေးရတော့မယ်။ အဲဒီလို ပြန်ကြော်ရမယ့်အစာဆိုရင် မစားစေချင်ပါဘူး။ ငါးကျပ်တိုက်လို မီးခိုးကျပ်တိုက်အစာတွေကို မစားသင့်ပါဘူး။ အကင်စာ တွေကိုလည်း ရှောင်ရပါမယ်။

(၁၀)ပီဇာ၊ ဘာဂါတို့လို ပြုပြင်ထားတဲ့ အစားအသောက်တွေကိုလည်း ရှောင်ရပါမယ်။

မေး ။ ဘီပိုးနဲ့ စီပိုးရှိသူတွေ အသည်းကျန်းမာအောင် ဘယ်လို အစားအသောက်တွေကို စားသင့်ပါသလဲ ဆရာမ။
ဖြေ ။ ဘီပိုးနဲ့ စီပိုးရှိသူတွေက အသည်းကျန်းမာအောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် (Healthy Diet)ကို စားသောက်ပေးသင့်ပါတယ်။

(၁) အသီးအနှံ၊ ဟင်းသီးဟင်းရွက်ကို များများစား ပေးပါ။

(၂) အသီးထဲမှာ ချိုတဲ့ သစ်သီးတွေကို စားလို့ရပါတယ်။

(၃) လေ့ကျင့်ခန်းကို ပုံမှန် လုပ်ပေးသင့်ပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ရှောင်သင့်ပါတယ်။

(၄) အိပ်ရေးဝ၀ အိပ်စက်အနားယူပေးဖို့ လိုပါတယ်။
အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးရှိသူတွေက အိပ်ရေးဝ၀ အိပ်ပျော်ရင် ကျန်းမာရေးနဲ့ ပိုညီ ညွတ်ပါတယ်။

(၅)

တချို့ဆေးမြီးတိုတွေက အသည်းကို အဆိပ်အတောက်ဖြစ်စေတဲ့အတွက် ဆင်ခြင်သင့်ပါတယ်။ အထူးသဖြင့် ဘီပိုး၊ စီပိုးရှိတဲ့သူတွေက သုတေသနအခိုင်အမာမရှိတဲ့ ဆေးမြီးတိုတွေကို လုံးဝမသုံးသင့်ပါဘူး။

အခုပြောတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေအားလုံး က ဘီပိုး၊ စီပိုးရှိသူတွေတင်မက ဘီပိုး၊ စီပိုးကုနေသူတွေ၊ ကုပြီးသူတွေလည်း လိုက်နာရမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top