Healthy Life Ad
Life Style

ဖဒိုမြို့သူ၊ မြို့သားတွေရဲ့ နှလုံးလှဆရာဝန် ဒေါက်တာခွန်ဝင်းလတ်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

နှလုံးလှ ဆရာဝန် ဒေါက်တာခွန်ဝင်းလတ် အကြောင်းကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် များမကြာမီက စတင် ကြားသိခဲ့ရသည်။
“လွန်ခဲ့တဲ့ ၃ နှစ် . . . သူ့ကို စတွေ့တုန်းက သူက ခွဲခန်းထဲကနေ ဘောင်းဘီရှော့ပင်ကြီးနဲ့ ထွက်လာတာ၊ ဟာ..ဘယ်လိုဆရာဝန်တုန်းဟ၊ ခွဲခန်းဝင်တာ ဘောင်းဘီတိုကြီးနဲ့ပါလားပေါ့။ နောက်မှသိရတာ ..သူဝတ်လာတဲ့ပုဆိုးကို ခွဲတဲ့လူနာကို ပေးခဲ့တာတဲ့။ အက်စီးဒင့်ဖြစ်တဲ့ လူနာပုဆိုးမှာ သွေးတွေ ပေနေပြီး လဲဖို့ရာ ပုဆိုးအပိုမပါလို့တဲ့”ဆိုပြီး ဒေါက်တာခွန်ဝင်းလတ်၏ လူနာများအပေါ်ထားသည့် သဘောထားကို စာရေးသူ ကိုစိုးထိုက်က စတင် ရေးသား ဖော်ပြထားသည်။


ဒေါက်တာခွန်ဝင်းလတ် ပြောဖူးသည့်-
“အစိုးရဝန်ထမ်းဆိုတာ တကယ့်ပရဟိတသမားတွေဗျ။ စိတ်ထားတတ်ရင် ကုသိုလ်သိပ်ရတာ၊ ပရဟိတစိတ်ရှိမှ အစိုးရဝန်ထမ်း လုပ်တာကောင်းတယ်ဗျ”ဆိုသည့် စကားနှင့်အတူ သူ့အပြောနှင့် လျှော်ညီစွာပင် လူနာများအပေါ် စေတနာထားပြီး ငွေကြေးမရှိလျှင် အခမဲ့ခွဲစိတ်ကုသပေးသူ ဖြစ်ကြောင်း၊ ပျော်ပျော်နေတတ်ပြီး လူနာနှင့် လူနာရှင်များကို ခပ်ပြုံးပြုံးဆက်ဆံတတ်သဖြင့် သူနာပြုဆရာမများကလည်း လူနာများအပေါ် မချိုမသာမဆက်ဆံရဲတော့ကြောင်း၊ ဖဒိုဆေးရုံတွင် သူတာဝန်ထမ်းဆောင်ခဲ့သည့် သုံးနှစ်တာကာလအတွင်း ဆေးရုံတွင်း အဆောက်အဦသစ်များ၊ အိမ်သာများ တိုးတက်လာခဲ့ရာ လူနာများ၏ ဆေးရုံကြောက်စိတ်ကို တွန်းလှန်ပစ်နိုင်ခဲ့ကြောင်း ဆက်လက် ရေးသားဖော်ပြထားသည်။

မတ္တရာမြို့နယ်တွင် လေးနှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုဒေသမှ ပြောင်းရွှေ့လာရစဉ်ကလည်း မတ္တရာမြို့သူမြို့သားများ ဝမ်းနည်းစွာ ငိုကြွေးခဲ့ရကြောင်း သိရသည်။ ယခုတစ်ဖန် ဖဒိုမြို့မှ ရှမ်း ပြည်နယ်မြောက်ပိုင်းဘက်သို့ ပြောင်းရွှေ့ရန် အမိန့်စာကျလာခဲ့ရာ ဖဒိုမြို့သူ မြို့သားများက ငိုကြွေးရုံတင်မက ငိုရုံနှင့်မပြီးသည်ကို သဘောပေါက်နားလည်စွာ တောင်ပေါ်တောင်အောက် ကရင်လူမျိုးများနှင့်အတူ ဖဒို ၁၆ အုပ်စု ပြည်သူအားလုံးက ဝိုင်းဝန်းလက်မှတ်ထိုးကာ ဝန်ကြီးဆီ စာပို့ကြကြောင်း သိရသည်။
ထိုအကြောင်းနှင့် ပတ်သက်၍ ဒေါက်တာခွန်ဝင်းလတ်၏ ခံစားချက်ကို မေးမြန်းကြည့်ခဲ့ရာ-
“သူတို့အနေနဲ့ ပြန်လည် တောင်းဆိုနေတဲ့အတွက် ပျော်ပါတယ်။ ကိုယ်ရဲ့ စေတနာနဲ့ ဆေးကုသ မှုပေးခဲ့တဲ့အပေါ် သူတို့ရင်ထဲမှာ သက်ရောက်မှုရှိတယ်ဆိုတာကို သိလိုက်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ သူတို့ကိုယ်တိုင်က လိုလိုလားလားနဲ့ ပြန်တောင်းဆိုကြတယ်ဆိုတော့ ဆရာ့အနေနဲ့ ကျေနပ်ပါတယ်။

ဆရာကတော့ အစိုးရဝန်ထမ်းဖြစ်တဲ့အတွက် ပြောင်းရွှေ့ရမယ်လို့ တာဝန်ချလာရင် ပြောင်းရမှာပဲလေ၊ ပြောင်းချင်စိတ်ရှိတယ်၊ မရှိဘူးဆိုတာထက် ပြောင်းရမယ်လို့ ပြောလာရင် လက်ခံရမှာပါပဲ။ အခုလို ကိုယ်တာဝန်ထမ်းဆောင်ခဲ့တဲ့ နယ်လေးက မြို့သူမြို့သားတွေက ကိုယ့်ကို ချစ်ခင်လေးစားပြီး ပြန်လည်တောင်းဆိုတဲ့အခါကျတော့ ပိုဝမ်းသာရတာပေါ့ . .

ပြောရမယ်ဆိုရင် ဒီဆေးရုံလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေက အခုမှ စမြင်ရတာလေ၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ၅ နှစ်လောက်မှ သေချာပီပြင်မှာလေ၊ ဒီတော့ သူတို့ ဆန္ဒရှိလို့ ဒီမှာ ပြန်လည် တာဝန်ထမ်းဆောင်ခွင့်ပေးရင်လည်း ဆရာက ဆက်လက်ပြီး ကျေကျေနပ်နပ်နဲ့ တာဝန်ထမ်းဆောင်သွား မှာပါ”ဟု ပြောပြခဲ့သည်။
တောင်ကြီးဇာတိ၊ ပအို့လူမျိုးဖြစ်သူ ဒေါက်တာခွန်ဝင်းလတ်သည် မိသားစုတွင် သားသုံးဦးအနက် အကြီးဆုံး သားဖြစ်သည်။ အသက် ၃၈ နှစ်ရှိပြီ ဖြစ်သည့် ဒေါက်တာခွန်ဝင်းလတ်သည် ၁၆ ကုတင်ဆံ့ ဖဒိုဆေးရုံတွင် တိုက်နယ်တာဝန်ခံ ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှာ သုံးနှစ်တိုင်ခဲ့ပြီ။

“ဖဒိုကို စရောက်တုန်းက ဆေးရုံရဲ့ရုပ်ပိုင်းဆိုင်ရာတွေက မပြည့်စုံသေးဘူး၊ ဆေးဝါးတွေနဲ့ ဆေးပစ္စည်းကိရိယာတွေကလည်း မပြည့်စုံသေးပါဘူး။ ဆရာဝန်ကလည်း ဆရာရောက်မှ တစ် ယောက်တည်းရှိတာဆိုတော့ လူနာတွေရဲ့ ယုံကြည်မှုရဖို့က တော်တော်ခက်ခဲခဲ့ပါတယ်။ ဒေသခံလူမျိုးတွေရဲ့ ဆေးရုံလာပြရမှာကြောက်တဲ့ စိတ်တွေ၊ ဆရာဝန်နဲ့တွေ့ရမှာ ဝန်လေးတဲ့စိတ်တွေကို အဓိက ရင်ဆိုင်ရပါတယ်”ဟု ဒေါက်တာခွန်ဝင်းလတ်က ဖဒိုမြို့တွင် စတင်တာဝန်ထမ်းဆောင်ချိန်က သူ့ အတွေ့အကြုံကို ပြန်ပြောင်းပြောပြခဲ့သည်။
ဆရာဝန်ရယ်လို့ သူတစ်ဦးသာရှိပြီး သူနာပြုများနှင့် အခြား ကျန်းမာရေးဝန်ထမ်းအနည်းငယ်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့အတွက် ၁၆ ကုတင်ဆံ့ဆေးရုံ တစ်ခုတည်းနှင့်ပင် ကျန်းမာရေး စောင့်ရှောက်မှုပေးနေရကြောင်း သိရသည်။

“အရင်တုန်းကတော့ ချောင်ကျပြီး လမ်းပမ်း ဆက်သွယ်ရေး မကောင်းပါဘူး၊ လေးငါးနှစ်အတွင်း မှာ ဒီဒေသက ဖွံ့ဖြိုးလာတာပါ၊ ကျွန်တော့်အနေနဲ့လည်း ဒီဆေးရုံကို စရောက်လာခါစမှာ အများကြီး ကြိုးပမ်းခဲ့ရပါတယ်။ အရင်က လမ်းပမ်းဆက်သွယ်ရေးခက်ခဲတော့ ကျန်းမာရေးဝန်ထမ်းတွေလည်း အရောက်အပေါက် နည်းခဲ့တယ်လေ။ အခုနောက်ပိုင်းကျတော့ အစိုးရကလည်း ဆေးဝါးတွေ၊ ဆေးပစ္စည်းတွေ ထောက်ပံ့လာတဲ့အတွက် လုံလောက်မှု ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းအင်အားကတော့ လုံလောက်မှု မရှိဘူးဆိုပေမယ့် နေရာတိုင်း၊ နေရာတိုင်းကတော့ ဒီလိုပဲ လုပ်ဆောင်နေရတာပဲလေ”

ဖဒိုမြို့တွင် ကရင်လူမျိုးအများစုရှိကြပြီး အိန္ဒိယ နွယ်ဖွား ဟိန္ဒူလူမျိုးများလည်းရှိကြရာ ထိုမြို့လေး သို့ စရောက်ခါက ဒေါက်တာခွန်ဝင်းလတ်အတွက် ဘာသာစကားအခက်အခဲ ကြုံတွေ့ခဲ့ရသည်။
“စရောက်ခါစမှာ သူတို့လူမျိုးလည်း မဟုတ်၊ သူတို့ဘာသာစကားလည်း မတတ်တော့ ယုံကြည်မှု ရဖို့ တော်တော် ခက်ပါတယ်။ နောက်ပိုင်း ကိုယ်ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ပဲ သူတို့ရဲ့ ယုံကြည်မှုကို ရရှိခဲ့တာပါ”
“ဆရာကတော့ ဆရာဝန်တွေ လိုက်နာရမယ့် Hippocratic Oath ကိုလေးလေးစားစား လိုက်နာပါတယ်။ လူနာတွေအားလုံးကို ကိုယ့်ဆွေမျိုးသားချင်းတွေလို သဘောထားပြီး ဆေးကုသမှုပေးပါတယ်၊ အားလုံးကို တန်းတူညီမျှ ဆက်ဆံပြီး စောင့်ရှောက်မှုပေးပါတယ်”ဟု ဒေါက်တာခွန်ဝင်းလတ် က ဆိုသည်။

ဖဒိုမြို့သည် ယခင်က ငှက်ဖျားရောဂါ အဖြစ်များသော ဒေသဖြစ်ခဲ့ပြီး ယခုနောက်ပိုင်းတွင် ငှက်ဖျားရောဂါ ဖြစ်နှုန်း နည်းသွားခဲ့ကြောင်း သိရသည်။
“အခုနောက်ပိုင်း အဖြစ်များတာကတော့ ကလေးတွေဆိုရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အဖြစ်များပါတယ်။ ဒုတိယအဖြစ်များတာကတော့ ယာဉ်တိုက်မှုတွေပါပဲ။ ဒီဒေသမှာ ဆိုင်ကယ်တွေ အစီးများတဲ့အတွက် ဆိုင်ကယ်ဦးထုပ် မဆောင်းဘဲ စီးကြတော့ ယာဉ်မတော်တဆ ထိခိုက်မှုတွေ အဖြစ်များပါတယ်”ဟု ဖဒိုမြို့၏ ကျန်းမာရေး အခြေအနေကို ပြောပြခဲ့သည်။

ဒေါက်တာခွန်ဝင်းလတ်အား ဖဒိုနယ်သူနယ်သားများက သူတို့မြို့မှ မပြောင်းရွှေ့စေချင်သဖြင့် ဝိုင်းဝန်းလက်မှတ်ထိုးကာ တောင်းဆိုကြောင်း ကြားသိရသည့်အတွက် ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာရဲမြင့်ကျော်၊ တွဲဖက်ပါမောက္ခ ဒေါက်တာ ဦးစိုးလွင်တို့က ဂုဏ်ယူဝမ်းမြောက်ကြောင်း လူမှုကွန်ရက်တွင် ရေးသားဖော်ပြမှုအပေါ်-
“ကိုယ့်ဆရာတွေရဲ့ ဒီလိုအားပေးဂုဏ်ပြုမှုကို သိရတော့ ဝမ်းသာပါတယ်။ အားလည်း တက်ရပါတယ်။ ဆရာရဲ့ လုပ်ဆောင်ချက်တွေကို ဒီလို အသိအမှတ် ပြုပေးတဲ့အတွက် ရှေ့ဆက်အလုပ်လုပ်ဖို့ရာ ခွန်အားရှိသွားပါတယ်. .
တကယ်တော့လည်း ကျွန်တော်က ဆရာဝန်တစ်ယောက်ရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်တာပါပဲ။ ဆရာဝန်တိုင်း ဆရာဝန်တိုင်းက စေတနာနဲ့ပဲ ဆေးကုသမှုပေးတာပါပဲ။ စေတနာမပါဘဲနဲ့ဆရာဝန်တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ စေတနာရှိလို့ အစိုးရဝန်ထမ်းလုပ်ပြီး တာဝန်ထမ်းဆောင်နေကြတာချည်းပါပဲ။ ဒါပေမဲ့ ကျွန်တော် ထားရှိခဲ့တဲ့ စေတနာလေးက တန်ပြန်သက်ရောက်မှု ရခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ရှေ့ဆက်ဖို့လည်း ခွန်အားတွေ ရရှိခဲ့ပါတယ်” ဟု ဒေါက်တာခွန်ဝင်းလတ်က ရိုးသားစွာပြောပြခဲ့ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top