Healthy Life Ad
Life Style

အမှန်လေလား၊ အမှားလား ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများ (၃)

၊ ဒေါက်တာမြတ်ထွဋ်ညွန့် ၊

မြန်မာမှာသာမက ကမ္ဘာနှင့်အဝန်း ကျန်းမာရေးဆိုင်ရာ တလွဲယုံကြည်မှုတွေရှိကြသည်။ အမှန်တွေကို မှတ်သားထားသည်ကကိစ္စမရှိ။ မဟုတ်ကဟုတ်ကတွေကို လွဲမှားစွာယုံကြည်လက်ခံထားပါက ဘဝနှင့်ရင်းကာ အသက်ကိုပင် ပေးဆပ်လိုက်ရနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများနှင့်ပက်သက်ပြီး အမှန်လေလားအမှားလားဟူသည်ကို စာဖတ်သူတို့ တွေးဆဆင်ခြင်နိုင်ရန်ဖော်ပြပေးပါမည်။ ယခုတစ်ပတ်တွင် အရေပြားယားယံနာ တစ်မျိုးဖြစ်သည့် ပွေးရောဂါဆိုင်ရာယုံကြည်မှုများကို ဆွေးနွေးဖော်ပြပေးပါမည်။

ယုံကြည်ချက် ၁

‘ပွေးရောဂါသည် ရောဂါပိုးကောင်ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်’

မှားပါသည်။ ပွေးရောဂါသည် အရေပြားတွင် တွယ်ငြိရှင်သန်နိုင်သည့် မှိုရောဂါတစ်မျိုးဖြစ်ပါသည်။ တစ်နည်းအားဖြင့် မှိုစွဲရောဂါကြောင့် ပွေးရောဂါဖြစ်ပွားရခြင်းဖြစ်ပါသည်။

ယုံကြည်ချက် ၂

‘ပွေးရောဂါသည် အရေပြားတွင်သာဖြစ်ပွားသည်’

မမှန်ပါ။ အရေပြားတွင် အများအားဖြင့် အဖြစ်များသည်မှန်သော်လည်း ခြေသည်း၊ လက်သည်းများတွင်ပါ အလားတူ ပွေးမှိုမျိုးစွဲကပ်နိုင်ပါသည်။ ခြေသည်း၊ လက်သည်းများတွင် ပွေးမှိုမျိုးစွဲကပ်ပါက ခြေသည်းလက်သည်းများထူလာခြင်း၊ ဝါလာခြင်း၊ ကြွပ်ဆတ်ခြင်းများ ဖြစ်စေနိုင်ပါသည်။

ယုံကြည်ချက် ၃

‘ပွေးရောဂါဖြစ်ပါက အရေပြားတွင်အနီရောင် အကွင်းအကွက်များဖြစ်လာသည်’

အများအားဖြင့်မှန်သော်လည်း အမြဲမမှန်ပါ။ တချို့သောပွေးရောဂါစွဲကပ်မှုများတွင် အနီရောင်အကွင်းအကွက်များမပေါ်ဘဲ ရှိတတ်ပါသည်။ ဥပမာ ဦးခေါင်းပိုင်းတွင်ဖြစ်တတ်သည့် ပွေးရောဂါများတွင် အနီရောင်အစက် အဖက်ငယ်များအဖြစ် မြင်တွေ့ရတတ်ပါသည်။

ယုံကြည်ချက် ၄

‘ကလေးများတွင်သာ ပွေးဖြစ်တတ်သည်’

မမှန်ပါ။ ကလေးအရွယ်တွင် ပွေးပိုဖြစ်တတ်သည်မှန်သော်လည်း အသက်အရွယ်မရွေး ပွေးဖြစ်နိုင်ပါသည်။

ပွေးရောဂါသည် ကူးစက်တတ်သော မှိုရောဂါမျိုးဖြစ်သည့်အတွက် အတူနေမိသားစုဝင် တစ်ဦးဦးတွင် ပွေးရောဂါရှိနေပါက မိသားစုဝင်များ အားလုံးစစ်ဆေး ကုသမှုလိုတတ်သည်။ မှိုသတ်နိုင်သော ခေါင်းလျှော်ရည်ပြောင်းသုံးခြင်း၊ ဦးခေါင်းမှ ဆံပင်စနမူနာရယူစစ်ဆေးပြီး ပွေးကူးစက်မှု ရှိမရှိ စစ်ဆေးခြင်းတို့ကို မိသားစုဝင်အားလုံး လုပ်ဆောင်သင့်သည်။

ယုံကြည်ချက် ၅

‘ပွေးရောဂါသည် မကူးစက်တတ်ပါ’

မှားသည်။ ပွေးရောဂါသည် တစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်သည်။ ပွေးဖြစ်စေနိုင်သည့် မှိုပိုးများသည် ဘီး၊ ဦးထုပ်၊ ခေါင်းအုံး စသည်တို့တွင်ရှိနေနိုင်ပြီး ထိုပစ္စည်းများကိုဝေမျှသုံးစွဲပါက အလွယ်တကူ ကူးစက်နိုင်သည်။

ယုံကြည်ချက် ၆

‘ကူးစက်ခံရပြီးသည်နှင့် ပွေးရောဂါလက္ခဏာများပေါ်လာမည်’

မှားသည်။ ကူးစက်ခံရပြီးနောက် ရောဂါပျိုးချိန် ရက်အနည်းငယ်ကြာမှသာ ရောဂါလက္ခဏာပေါ်နိုင်သည်။ အရေပြားတွင်ကူးစက်ခံရပါက ရက်အနည်းငယ်ကြာမှ အနီရောင်ပွေးကွက်များပေါ်လာမည်ဖြစ်သည်။ ဦးခေါင်းအရေပြားတွင် ကူးစက်ခံရပါက ကူးစက်ခံရပြီး နှစ်ပတ်ကျော်ကြာမှသာ လက္ခဏာစပြနိုင်သည်။

ယုံကြည်ချက် ၇

‘အိမ်မွေးတိရစ္ဆာန်များမှတစ်ဆင့် ပွေးမကူးစက်တတ်ပါ’

မှားပါသည်။ တချို့ရောဂါများသည် အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ခွေး၊ ကြောင်၊ ယုန်၊ ငှက် စသည်တို့မှ ကူးစက်တတ်သည်ဖြစ်ရာ ထိုရောဂါများထဲတွင် ပွေးရောဂါသည်လည်းပါဝင်ပါသည်။ တိရစ္ဆာန်မှတစ်ဆင့်လူကို ကူးစက်တတ်သလို လူမှတစ်ဆင့်လည်း တိရစ္ဆာန်သို့ကူးစက်နိုင်ပါသည်။ ထို့ကြောင့် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကောင်တွင် ပွေးဖြစ်ပါက အခြားအကောင်များနှင့်ခွဲထားပြီး တိရစ္ဆာန်ကုဆရာဝန်နှင့် ပြသသင့်ပါသည်။ အလားတူ ထိုသို့ပွေးရောဂါရှိသော အိမ်မွေးတိရစ္ဆာန်နှင့် အတတ်နိုင်ဆုံး ဝေးဝေးနေသင့်ပြီး အကြောင်းကြောင်းကြောင့် ထိတွေ့မိပါက ဆပ်ပြာနှင့်ရေနွေးနွေးကိုသုံးကာ လက်နှင့်ထိတွေ့မိသည့်နေရာကို ဆေးကြောသင့်ပါသည်။

ယုံကြည်ချက် ၈

‘ဦးခေါင်းအရေပြားမှ အဖတ်များကွာကျခြင်းသည် ဗောက်ဖတ်များသာဖြစ်သည်။ ပွေးမဟုတ်ပါ’

အမြဲမမှန်ပါ။ ဦးခေါင်းအရေပြားတွင် ပွေးဖြစ်သောအခါ အခြားအရေပြားတွင်ဖြစ်သကဲ့သို့ အနီရောင် အကွင်းအကွက်များဖြစ်လေ့မရှိဘဲ အဖတ်ငယ်များဖြစ်ကာ ဗောက်ဖတ်များကဲ့သို့ ကွာကျတတ်ပါသည်။ ထိုအခါ ဗောက်ဖတ်နှင့်ပွေးဖြစ်ခြင်းတို့သည် ဆင်ဆင်တူတတ်ပါသည်။

ယုံကြည်ချက် ၉

‘ပွေးရောဂါလက္ခဏာ ခံစားနေရသူသာ ကုသမှုယူရမည်’

မမှန်ပါ။ ပွေးရောဂါသည် ကူးစက်တတ်သော မှိုရောဂါမျိုးဖြစ်သည့်အတွက် အတူနေမိသားစုဝင်တစ်ဦးဦးတွင် ပွေးရောဂါရှိနေပါက မိသားစုဝင်များ အားလုံးစစ်ဆေးကုသမှုလိုတတ်သည်။ မှိုသတ်နိုင်သော ခေါင်းလျှော်ရည် ပြောင်းသုံးခြင်း၊ ဦးခေါင်းမှ ဆံပင်စနမူနာရယူစစ်ဆေးပြီး ပွေးကူးစက်မှု ရှိမရှိ စစ်ဆေးခြင်းတို့ကို မိသားစုဝင်အားလုံး လုပ်ဆောင်သင့်သည်။

ယုံကြည်ချက် ၁၀

‘ပွေးရောဂါကို ပဋိဇီဝဆေးများဖြင့်ကုသနိုင်သည်’

မှားသည်။ ပဋိဇီဝပိုးသတ်ဆေးများသည် ဗက်တီးရီးယားပိုးများကိုသာ သေကြေပျက်စီးစေနိုင်သည်။ ပွေးရောဂါသည် ဗက်တီးရီးယားကြောင့် ဖြစ်ပွားရသည်မဟုတ်ဘဲ မှိုပိုးကြောင့်ဖြစ်သည့်အတွက် မှိုသတ်ဆေးအမျိုးအစားကိုသုံးရပါသည်။ ထိုမှိုပိုးသတ်ဆေးကို ပွေးရောဂါ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ရက်သတ္တပတ်အနည်းငယ်ကြာသည်အထိ ဆက်လက်သုံးစွဲဖို့လိုပါသည်။

ယုံကြည်ချက် ၁၁

‘ပွေးတစ်ခါဖြစ်ပြီးပါက နောက်ထပ်မဖြစ်တော့ပါ’

မမှန်ပါ။ အထူးသဖြင့် ခြေသည်းလက်သည်းများတွင်ဖြစ်ပါက အထပ်ထပ် ထပ်မံဖြစ်နိုင်ခြေရှိပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top