Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါရှင်များအစားအသောက်ရွေးချယ်ခြင်း(၃)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

သကြားအစားထိုးပစ္စည်း
(၁) Sugar free sweeteners (ကစီဓာတ်ပဲဖြစ်တယ်၊ သကြားတော့ မဟုတ်ပါဘူး)

ဥပမာ- Equal
-သကြား – ဝ ဒသမ ၃-၃ kcal/g
သကြားပမာဏ နည်းတယ်၊ အဲဒီအတွက် ဆီးချိုသမားအတွက် သင့်တော်တယ်။ ဒါပေမဲ့ တစ်ရက်ကို တစ်ထုပ်-နှစ်ထုပ်လောက်ပဲ သုံးသင့်ပါတယ်။

(၂) Artificial sweeteners

Acesulfame K

Aspartane, saccharin, sucralose

> ၂၀ဝ ဆ အချိုပိုများ

sorbitol, mantol တွေ များများစားရင် ရေရှည်အတွက် မကောင်းပါ။ ဒါကြောင့် ဆီးချိုသမား တွေအတွက် မသင့်တော်ပါဘူး။

အမျှင်ဓာတ်
ဆီးချိုသမားတွေအတွက် အမျှင်ဓာတ်က အ လွန်အရေးကြီးပါတယ်။ တစ်နေ့ကို အမျှင်ဓာတ် ၅ ဂရမ်လောက်စားသင့်ပါတယ်။ ပဲအမျိုးမျိုး၊ ဘာလီ၊ အုတ်ဂျုံကွေကာ (Cereal)တွေမှာ အမျှင်ဓာတ်များ ပါတယ်။ နေ့တိုင်း အမျှင်ဓာတ်ပါတဲ့ အစာတွေကို စားပေးသင့်ပါတယ်။ အသီးအရွက်တွေကို ပန်းကန်လုံးတစ်လုံးစားရင် အမျှင်ဓာတ်က အနည်းဆုံး ၃ ဂရမ်လောက်ပါတယ်။ အမျှင်ဓာတ်များများ စားနိုင်လေလေ ကျန်းမာရေးအတွက် ကောင်းလေဆိုတော့ အရွက်တွေကို များများစားဖို့မပျင်းပါနဲ့။ ဆီးချိုဖြစ်လာရင် ထမင်းကိုလျှော့ပြီး အသီးအရွက်တွေကို တိုးမြှင့်စားစေချင်ပါတယ်။

အိုမီဂါ ၃ ဖက်တီးအက်ဆစ်များသော အစာ
ဆီးချိုသမားတွေက သွေးတွင်းအဆီ (TG)တက်နေတာ များပါတယ်။ အဲဒီတော့ ဆီးချိုသမားတွေကို ထမင်းလျှော့စားခိုင်းပြီး ငါးအဆီများများ စားခိုင်းရပါတယ်။ ငါးအဆီစားတော့ အီသွားရော၊ အဲဒီအခါ ထမင်း သိပ်မစားနိုင်တော့ဘူး။
အိုမီဂါ ၃ ဖက်တီးအက်ဆစ်များတဲ့ အစာတွေ က သွေးတွင်း မကောင်းတဲ့အဆီ (Triglyceride TG)အဆင့်ကို လျှော့ချနိုင်ပါတယ်။ အိုမီဂါ ၃ ဖက် တီးအက်ဆစ်ရဖို့ တစ်ပတ်မှာ ငါးသုံးခါ စားပေးရပါမယ်။

ဆာလမွန်ငါး၊ ဆာဒင်းငါး၊ တူနာငါး စတဲ့ ငါးအမျိုးမျိုးကနေ အိုမီဂါ ၃ဖက်တီးအက်ဆစ်ကို အဓိကရရှိပြီး အစိမ်းရောင်ရှိတဲ့အရွက်တွေ၊ အခွံမာသီးနဲ့ ပဲပုပ်စေ့ဆီတွေမှာလည်း အိုမီဂါ ၃ ပါဝင်ပါတယ်။ ဆာလမွန်ငါးက စီးတီးမတ်တွေမှာရပေမယ့် ဈေးကြီးတယ်။ အဲဒီအတွက် ဝယ်မစားနိုင်ဘူး၊ နောက်တစ်ချက်က ပင်လယ်ငါးတွေက အနံ့ရှိတယ်၊ အနံ့ရှိတော့ မြန်မာလူမျိုးတွေအဖို့ ခံတွင်းမလိုက်ကြဘူး။ အဲဒီတော့ သိပ်မစားချင်ကြဘူး။ မြန်မာလူမျိုးတွေက များသောအားဖြင့် ငါးမြင်းစားတယ်၊ ငါးဒန်စားတယ် . . ငါးဒန်ရဲ့ ဗိုက်သားစားပေးရင်လည်း အတူတူပါပဲ။ ဖရုံစေ့စားလို့ရလား၊ သီဟိုဠ်စေ့ စားလို့ရလားလို့ လာမေးကြပါတယ်။ စားလို့ရပါတယ်။ သီဟိုဠ်စေ့ဆိုရင် ဆီးချိုသမားတစ်ယောက်က တစ်နေ့မှာ ၆ စေ့၊ အလွန်ဆုံး ၁၀စေ့အထိ စားလို့ရပါတယ်။ ဒါမှမဟုတ် ဖရုံစေ့ဆိုရင် အစေ့ ၂၀ ဒါမှမဟုတ် နေကြာစေ့အစေ့ ၃၀ စားလို့ရပါတယ်။ ဒါမှမဟုတ် ဗာဒံစေ့ဆိုရင် ၁၈စေ့ ကျွေးပါတယ်။

ကျန်းမာရေးနှင့် ညီညွတ်သည့် တစ်နေ့တာ အစာ
ဆီးချိုသမားအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ တစ်နေ့တာ အစာမှာ အနည်းဆုံး ပါဝင်သင့်တာ တွေက-

– ဟင်းရွက် ၂-၃ ခွက်၊

– သစ်သီး ၂ လုံး၊

– ထမင်း၊ ပဲမျိုးစုံ၊ အာလူး၊ ဖရုံသီး -နည်းနည်းစီ ၆ခွက်၊

– နို့ ၂ ခွက်၊ (နို့မကြိုက်ရင် ဒိန်ချဉ်သောက်လို့ ရပါတယ်)

– အသား ၃၀ ကျပ်သား၊

– အချိုနဲ့ အဆီအနည်းငယ်တို့ ဖြစ်ပါတယ်။

ဆီးချိုရောဂါရှိသူတွေ အရက်သောက်သင့်ပါသလား
ဆီးချိုရှိသူတွေ အရက်ရှောင်နိုင်ရင်ပိုပြီး ကောင်းပါတယ်။ အရက်သောက်သူတွေမှာ ထရိုင်ဂလစ်ဆရိုက်အဆီနဲ့ သကြားဓာတ် မြင့်တက်နိုင်ပါတယ်။ မသောက်ရ မနေနိုင်ဘူးဆိုရင် သတ်မှတ်ထားတဲ့ ပမာဏထက် ပိုပြီး မသောက်သင့်ပါဘူး။

အရက်သောက်မယ်ဆိုရင်အစာနဲ့အတူ သောက်သင့်ပါတယ်။ အစာနဲ့တွဲမသောက်ရင် ညသန်းခေါင်မှာ သွေးတွင်းသကြားဓာတ် အကျလွန်ပြီး မေ့သွားတတ်ပါတယ်။

တစ်ရက်မှာ အရက် နှစ်ပက်မကျော်ရဘူး၊ အမျိုးသားဆိုရင် တစ်ပတ်မှာ အရက် ၁၄ ပက်မကျော်ရဘူး၊ အမျိုးသမီးဆိုရင် တစ်ပတ်မှာ အရက် ၉ ပက် မကျော်ရပါဘူး။

ဆီးချိုရောဂါရှိသူများနှင့် ကိုယ်လက်လှုပ်ရှားမှု

ဆီးချိုရောဂါရှိသူတွေ ကိုယ်လက်လှုပ်ရှားအား ကစားလုပ်ရင် အင်ဆူလင်နဲ့ဆေးဝါးတွေကိုတဖြည်း ဖြည်းနဲ့ လျှော့ချနိုင်ပါတယ်။
သွေးတိုးဖြစ်နှုန်းကို လျှော့ချနိုင်ပါတယ်။

နှလုံးရောဂါ ဖြစ်နှုန်းကို လျှော့ချနိုင်ပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပါတယ်။

ဆီးချိုရှိသူတွေက လေ့ကျင့်ခန်းလုပ်နိုင်ရင် ပိုကောင်းပါတယ်။ အသင့်အတင့်ပြင်းထန်တဲ့ လေ့ကျင့်ခန်းကို တစ်နေ့မှာ မိနစ် ၆၀-၉၀ လောက် လုပ်ပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top