Healthy Life Ad
Life Style

သက်လတ်ပိုင်းနှင့် သက်ကြီးအမျိုးသားတို့အတွက် အရေးပါသည့် ကျန်းမာရေးအကြံပြုချက်များ

၊ ကိုမိုး ၊

ဆေးပညာဟာ နာမကျန်းဖြစ်တဲ့ ဝေဒနာအများစုကို ကုသဖို့အတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဝေဒနာလုံးဝမဖြစ်အောင် အလုံးစုံကာကွယ်ပေးနိုင်တဲ့ဆေးဆိုတာတော့ မရှိသေးပါဘူး။ ဝေဒနာတွေမဖြစ်အောင်၊ ဝေဒနာဖြစ်လာချိန်မှာ ကျန်းမာရေးအမြန် ကောင်းလာအောင် အမျိုးသားတွေအနေနဲ့ အောက်ပါအကြံပြုချက်တွေကိုလိုက်နာသင့်ပါတယ်။

ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ
အမျိုးသားအများစုဟာ ဆေးခန်းသွားဖို့ တွန့်ဆုတ်လေ့ရှိပါတယ်။ ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတွေ ပေါ်လာရင်လည်း လျစ်လျူရှုထားတတ်ပါတယ်။ ဒီအချက်ကြောင့် အမျိုးသားတွေက ယေဘုယျအားဖြင့် အမျိုးသမီးတွေထက် အသက် ငါးနှစ်ပိုတိုရတာဖြစ်ပါတယ်။ အမျိုးသားတွေအနေနဲ့ သက်တမ်းပိုရှည်စေဖို့ ပုံမှန် ကျန်းမာရေးစစ်ဆေးမှု ခံယူတာ၊ ဆရာဝန်နဲ့ ပုံမှန်တွေ့ဆုံဆွေးနွေးတာတွေကို လုပ်ဆောင်သင့်ပါတယ်။

သဘာဝအစားအသောက်များ စားပါ
အဆင်သင့် ထုတ်ပိုးထားတဲ့၊ ပြင်ဆင်ထားတဲ့ အစားအသောက်တွေက သကြား၊ ဆား၊ မကောင်းတဲ့ အဆီနဲ့ ကယ်လိုရီတွေ အပြည့်ပါဝင်နေတတ်ပါတယ်။ ဒါကြောင့် ဒီလို အဆင်သင့်ပြုလုပ်ထားတဲ့ အစားအသောက်တွေအစား လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အခွံချွတ်မထားတဲ့ ကောက်နှံစာတွေ၊ အမျှင်ဓာတ်ပေါများတဲ့ အစားအစာတွေ (ဥပမာ-ပဲအမျိုးမျိုး၊ အစိမ်းရောင် အရွက်တွေ)၊ လတ်ဆတ်တဲ့ငါးနဲ့ အဆီနည်းအသားတွေကို စားသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
အမေရိကန်နိုင်ငံမှာ နှလုံးရောဂါကြောင့် အမျိုးသားတွေ အဓိက သေဆုံးနေပါတယ်။ နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းတစ်နည်းက လေ့ကျင့်ခန်းလုပ်တာပါ။ လေ့ကျင့်ခန်းလုပ်ပြီး ခန္ဓာကိုယ်အနှံ့ရှိကြွက်သားတွေကို သန်စွမ်းနေအောင် လေ့ကျင့်သင့်ပါတယ်။ တစ်နေ့မှာ မိနစ် ၃၀၊ တစ်ပတ်မှာ အနည်းဆုံး ငါးရက်လောက် လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ လမ်းလျှောက်တာ၊ သွက်သွက်ပြေးတာ၊ ရေကူးတာနဲ့ တင်းနစ်ကစားတာစတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေက နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။

ခါးအတိုင်းအတာကို သတိထားပါ
ခါးကို တိုင်းကြည့်ပါ။ ခါးအတိုင်းအတာက ၄၀ လက်မထက်ကျော်ရင် ကျန်းမာရေးပြဿနာဖြစ်နိုင် ခြေများပါတယ်။ ခါးအရွယ်အစားကြီးပြီး ဗိုက်ပူတဲ့ အမျိုးသားတွေဟာ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်တာနဲ့ တခြားကျန်းမာရေးပြဿနာ တွေဖြစ်နိုင်ခြေများပါတယ်။

အန္တရာယ်ဖြစ်စေသော အရာများ ရှောင်ပါ
ဆေးလိပ်သောက်တာက ကျန်းမာရေးအတွက် အဆိုးရွားဆုံးအပြုအမူဖြစ်ပါတယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှူရှိုက်ရတာကြောင့်လည်း ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။ နှစ်စဉ် အမေရိကန်နိုင်ငံမှာ ဆေးလိပ်မသောက်တဲ့သူ သုံးထောင်လောက်က အဆုတ်ကင်ဆာဖြစ်ပြီး သေဆုံးနေကြပါတယ်။ ဆေးလိပ် သောက်တာက အဆုတ်ပွလေပြွန်ကျဉ်းရောဂါ၊ နှလုံး ရောဂါနဲ့ ကင်ဆာရောဂါအတော်များများကို ဖြစ်စေ နိုင်ပါတယ်။
အယ်လ်ကိုဟောနဲ့ မူးယစ်ဆေးဝါးတွေကြောင့်လည်း ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ အရက် မသောက်ရမနေနိုင်တဲ့ အမျိုးသားတွေအနေနဲ့ တစ်နေ့မှာ အရက်နှစ်ပက်ထက် ပိုမသောက်သင့်ပါဘူး။

မာလ်တီဗီတာမင်အားဆေး မှီဝဲပါ
နေ့စဉ် မာလ်တီဗီတာမင်ဖြည့်စွက် ဆေးမှီဝဲတာက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်း ကောင်းလုပ်ဖြစ်စေပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့ အစားအစာတွေကို စားပေးရင် ခန္ဓာကိုယ်ကို ကျန်းမာစေပါတယ်။

အရေပြားကို ကာကွယ်ပါ
အသက် ၅၀ကျော်တဲ့ အမျိုးသားတွေအနေနဲ့ အရေပြားကို သေချာစစ်ဆေးကြည့်သင့်ပါတယ်။ မှဲ့ ကင်ဆာကြောင့် သေဆုံးရတဲ့ အမျိုးသားဦးရေက နှစ်သုံးဆယ်အတွင်း နှစ်ဆပိုမြင့်မားလာပါတယ်။ ဒါဟာ အမျိုးသားတွေအနေနဲ့ နေရောင်ကာခရင်မ်မလိမ်းဘဲ၊ အကာအကွယ်မယူဘဲ နေပူထဲကို သွားတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ အနည်းဆုံး SPF ၁၅ဆ ပါတဲ့ နေရောင်ကာ ခရင်မ်ကို လိမ်းပေးဖို့ လိုပါတယ်။ မှဲ့နဲ့ အရေပြားကို တစ်လတစ်ကြိမ် စစ်ဆေးပြီး သံသယရှိဖွယ်အပြောင်းအလဲကြုံရရင် အရေပြားအထူးကုဆရာဝန်နဲ့ တွေ့ဆုံပြသသင့်ပါတယ်။

ဆီးကျိတ်ကို စစ်ဆေးပါ
ဆီးကျိတ်ကင်ဆာဟာ အမေရိကန် အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာရှိ၊ မရှိ ပုံမှန်စစ်ဆေးပြီး ဆီးကျိတ်ကြီး နေသလား ဆိုတာကိုပါ စစ်ဆေးဖို့ လိုပါတယ်။ သင့်မှာ ဆီးကျိတ်ကင်ဆာ မျိုးရိုးရှိရင် နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှုကို ခံယူဖို့ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top