Healthy Life Ad
Life Style

သွားစိုက်နည်းအမျိုးမျိုး

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. သွားစိုက်နည်း ဘယ်နှမျိုးရှိပါသလဲ ဆရာ။

ဖြေ. သွားစိုက်တယ်ဆိုတာက မိမွေးတိုင်း၊ ဖမွေးတိုင်းပါလာတဲ့ သွားတစ်ချောင်းချောင်းကို အကြောင်းကြောင်းကြောင့် နုတ်လိုက်ရတယ်။ အဲဒီနေရာမှာ လစ်ဟာသွားတဲ့အတွက် ဒီအတိုင်းမထားချင်လို့သွားကို စိုက်ကြပါတယ်။ နုတ်ရတဲ့သွားက ရှေ့သွားဆိုရင် ရှေ့သွားက အပေါက်ကြီးလိုဖြစ်သွားတယ်။ အဲဒီနေရာမှာ သွားတစ်ချောင်းတည်းကို ထည့်ချင်ရင် နည်းလမ်းတစ်ခုက သွားအမြစ်ကို အမြစ်တုလေးထည့်ပြီး စိုက်လို့ရတယ်။ အဲဒီနည်းသုံးမယ်ဆိုရင် ခွဲရ၊ စိတ်ရတယ်၊ တန်ဖိုးအားဖြင့် ပိုကြီးတယ်၊ ခွဲစိတ်မှုယူရတယ်။ ဈေးတော်တော်ကြီးတဲ့အထဲမှာပါတယ်။ ဒါကို Dental Implant လုပ်တယ်လို့ ခေါ်တယ်။

အဲဒီနည်းကို မလုပ်ချင်ဘူးဆိုရင် ဒုတိယနည်းအနေနဲ့ ဘေးနှစ်ဖက်က သွားနှစ်ချောင်းကိုတွဲပြီး တံတားထိုးတဲ့ သွားစိုက်နည်းကို လုပ်လို့ရတယ်။ အဲဒီအခါ ဘေးနှစ်ဖက်ကသွားတွေကို စားရတော့ နည်းနည်းပါးသွားတတ်ပါတယ်။ ဒီနည်းကိုလည်း မလုပ်ချင်ဘူးဆိုရင် တတိယနည်းကတော့ သွားကို အရှင်တပ်တဲ့နည်းလုပ်လို့ရပါတယ်။ အံကပ်လို့ခေါ်ကြတယ်။ အဲဒီအခါ သံငုတ် ဒါမှမဟုတ် ကော်ပြားနဲ့တွဲရပါတယ်။

ပြောမယ်ဆိုရင် သုံးနည်းရှိပါတယ်။

(၁) ခွဲစိတ်ပြီး သွားအမြစ်တုထည့်တဲ့နည်းက စိုက်လိုက်တဲ့ အံကပ်ဟာ လှုပ်ခြင်း၊ ပြုခြင်းမရှိဘဲနဲ့ ဝါးလို့ပိုကောင်းပါတယ်။ သွားတစ်ချောင်း၊ နှစ်ချောင်းလစ်ဟာသွားရင် ဒီနည်းကို သုံးလို့ရပေမယ့် ခွဲစိတ်ရတာ ဈေးကြီးပါတယ်။

(၂) တံတားထိုးတဲ့ သွားစိုက်နည်းကျတော့ သွားတစ်ချောင်းတည်းမရှိတဲ့အခါသုံးပါတယ်။ ဖြုတ်လို့၊ တပ်လို့မရပါဘူး။ ဘေးသွားကို တိုင်လုပ်ရတော့ ဘေးသွားကို နည်းနည်းစားရတဲ့အတွက် နည်းနည်းပျက်စီးပါတယ်။ ဒီနည်းလုပ်ရင် ခံတွင်းသန့်ရှင်းရေးကို အမြဲလုပ်ပြီး သွားဆရာဝန်နဲ့ အမြဲမှန်မှန်ပြနေရမှာ ဖြစ်ပါတယ်။

(၃) အရှင်တပ်ရင် အံကပ်ကိုဖြုတ်ပြီး ဆေးလို့ရတယ်။ သွားအများကြီးမရှိရင် ဒီနည်းကို သုံးတာများပါတယ်။

သွားစိုက်တဲ့အခါမှာ သတ္တုနဲ့လုပ်တာရှိသလို သွားအရောင်နဲ့ လုပ်တာလည်း ရှိပါတယ်။ အံသွားတွေမှာ သတ္တုနဲ့လုပ်တာက ပိုပြီးခိုင်ခံ့တယ်၊ ရှေ့သွားတွေဆိုရင် ကြွေနဲ့လုပ်တာက သဘာဝအတိုင်းဖြစ်တယ်၊ ပိုပြီးလှတယ်၊ ဒါပေမဲ့ ဝါးတဲ့၊ စားတဲ့ဒဏ်ကိုတော့ ကြွေက ကောင်းကောင်းမခံနိုင်ဘူး။ တစ်ခါတလေ ပဲ့ထွက်တတ်တယ်။ ကြွေသွားနဲ့လုပ်ထားရင် ဂရုစိုက်ရတယ်. . .

မေး. သွားစိုက်ရင် ဘယ်လိုသွားအမျိုးအစားကို စိုက်သင့်ပါသလဲ ဆရာ။

ဖြေ. သွားစိုက်တဲ့အခါမှာ သတ္တုနဲ့လုပ်တာရှိသလို သွားအရောင်နဲ့လုပ်တာလည်း ရှိပါတယ်။ အံသွားတွေမှာ သတ္တုနဲ့လုပ်တာက ပိုပြီးခိုင်ခံ့တယ်၊ ရှေ့သွားတွေဆိုရင် ကြွေနဲ့လုပ်တာက သဘာဝအတိုင်းဖြစ်တယ်၊ ပိုပြီးလှတယ်၊ ဒါပေမဲ့ ဝါးတဲ့၊ စားတဲ့ဒဏ်ကိုတော့ ကြွေကကောင်းကောင်းမခံနိုင်ဘူး၊ တစ်ခါတလေပဲ့ထွက်တတ်တယ်။ ကြွေသွားနဲ့လုပ်ထားရင် ဂရုစိုက်ရတယ်။ အားရပါးရဝါးလို့မရဘူး။ မိမွေးတိုင်း ဖမွေးတိုင်း သွားတွေလို သုံးလို့မရဘူး။ ညှာတာရမယ်။ မဟုတ်ရင် ပျက်သွားနိုင်ပါတယ်။

ရှေ့သွားပေမယ့် ပိုခိုင်ချင်ရင် ငွေရောင် ဒါမှမဟုတ် ရွှေရောင်လုပ်လို့ရတယ်။ ဒါပေမဲ့ သဘာဝနဲ့တော့ ဆန့်ကျင်နေပါတယ်။ မသိသာချင်ဘူးဆိုရင် ဈေးသက်သာတာကတော့ ကော်နဲ့လုပ်ထားတာက သက်သာတယ်၊ ကြွေနဲ့လုပ်ရင် ပိုဈေးကြီးတယ်။ ယေဘုယျပြောရရင် ရှေ့သွားစိုက်တဲ့အခါကြွေသွားက ပိုကောင်းတယ်၊ ဝါးတဲ့ မျက်နှာပြင်တွေမှာ သတ္တုနဲ့လုပ်တဲ့သွားက ပိုကောင်းတယ်။

မေး. အခုနောက်ပိုင်းမှာ ဘယ်လိုအမျိုးအစားနဲ့ သွားစိုက်လာကြပါသလဲ ဆရာ။

ဖြေ. အခုနောက်ပိုင်းမှာ ကြွေနဲ့ သွားစိုက်တဲ့နည်းနဲ့ ကြွေထက်ပိုမာကျောတယ်ဆိုတဲ့ Zarconium နဲ့ စိုက်တာက ပိုခေတ်စားလာပါတယ်။

မေး. သွားအမြစ်တု ထည့်တဲ့နည်းနဲ့ သွားစိုက်ပြီးတဲ့အခါမှာ ဘယ်လိုဂရုစိုက်မှုတွေလုပ်ဖို့လိုပါသလဲဆရာ။

ဖြေ. သွားအမြစ်တုထည့်တဲ့နည်းနဲ့ လုပ်ပြီးတဲ့အခါမှာလည်း တစ်သက်လုံး သွားဆရာဝန်နဲ့ ပြန်ပြနေရမှာ ဖြစ်ပါတယ်။ မပြဘူးဆိုရင် သွားအမြစ်တုက သဘာဝမဟုတ်တော့ နည်းနည်းလေးရောင်တာနဲ့ လှုပ်လာတယ်။ သွားဖုံးရိုးကလည်း နိမ့်နိမ့်ကျလာတယ်။ အဲဒါတွေကိုသိဖို့ သွားဆရာဝန်နဲ့ အမြဲပြသနေရမှာဖြစ်ပါတယ်။ ပြီးတော့သွားအမြစ်တုထည့်တဲ့နည်းနဲ့ သွားစိုက်တာကဆီးချိုရောဂါရှိတဲ့သူတွေ လုပ်လို့မရဘူး။ ဆေးလိပ်သောက်တဲ့သူတွေ လုပ်လို့မရဘူး။

မေး. သွားစိုက်ပြီးတဲ့အချိန်မှာ ခံတွင်းသန့်ရှင်းရေးကို ဘယ်လိုထိန်းသိမ်းသင့်ပါသလဲ ဆရာ။

ဖြေ. ခံတွင်းသန့်ရှင်းရေးက ပုံမှန်လိုပဲလိုအပ်ပါတယ်။ သွားဆရာဝန်ဆီမှာပြသရင် သန့်ရှင်းအောင် ပိုဂရုစိုက်ပြီး လုပ်ပေးလို့ရပါတယ်။ အထူးသဖြင့် သွားမြစ်တုထည့်တဲ့နည်းနဲ့ သွားစိုက်တာနဲ့ တံတားထိုးပြီး သွားစိုက်တာတို့လုပ်ပြီးရင် သွားဆရာဝန်ဆီပြပြီး ခံတွင်းသန့်ရှင်းရေး လုပ်ဖို့လိုပါတယ်။

သွားတစ်ချောင်းမှ မရှိဘူးဆိုရင် အံကပ်တပ်ပြီး သွားစိုက်တာက ပိုကောင်းသလို ပိုလှတယ်။ အံကပ်က ဖြုတ်လို့တပ်လို့ရတယ်၊ မကောင်းတာက စားတဲ့နေရာနဲ့ ဝါးတဲ့နေရာမှာ လှုပ်တုတ်၊ လှုပ်တုတ် ဖြစ်တယ်။ အဲဒါကို အကျင့်ဖြစ်အောင်လုပ်ရတယ်။ အကျင့်ရသွားရင်တော့ မသိသာဘူး။ အံကပ်က တစ်သက်လုံး ကောင်းမယ်လို့ ပြောလို့မရဘူး။ နည်းနည်းချောင်လာရင် အသစ်လုပ်ဖို့လိုပါတယ်။ ဥပမာပေးရရင် ဖိနပ်စီးသလိုပါပဲ။ ဖိနပ်မှာလည်း တစ်သက်လုံးစီးလိုရတဲ့ ဖိနပ်ဆိုတာမရှိပါဘူး။ သွားပါများရင် ဖိနပ်ပြတ်တယ်၊ ပါးတယ်။ ဒီလိုပဲ ကိုယ်စားတဲ့၊ ဝါးတဲ့ အစာက များရင်များသလို စိုက်ထားတဲ့သွားတွေက ပြုန်းလာနိုင်တယ်၊ ချောင်လာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝကို လွန်ဆန်လို့မှ မရတာကိုး။ မိမွေးတိုင်း ဖမွေးတိုင်း သွားတောင် ပါးပါးလာတယ်၊ အံတိုလာတယ်ဆိုတဲ့ စကားရှိတယ်။ ဝါးပါများလေ၊ အံတိုလေ၊ အသက်ကြီးလေ အံတိုလေ ဖြစ်လာတတ်လို့ပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top