Healthy Life Ad
Life Style

စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်မှာဘယ်လိုဝေဒနာဖြစ်ပေါ် ခံစားရတတ်သလဲ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

နံနက် အိပ်ရာထချိန်နဲ့ ညအိပ်ရာဝင်ချိန်အကြားမှာ ပုံမှန်အရွယ်အစားရှိတဲ့ အရွယ်ရောက်သူ တစ်ဦးဟာ အရပ်တစ်ရာခိုင်နှုန်း (တစ်လက်မရဲ့ သုံးပုံနှစ်ပုံနီးပါး)ကွာခြားမှုရှိတယ်ဆိုတာ သင်သိပါရဲ့လား။ ဒါက ညဘက်မှာ တစ်နေ့လုံး ဖိစီးခဲ့တဲ့ လုပ်ငန်းခွင်စိတ်ဖိစီးမှုဒဏ်ကြောင့် ကျုံ့သွားတဲ့ အရပ်ဖြစ်ပါတယ်လို့ ဆွစ်လေ့လာမှုအသစ်အရ သိရပါတယ်။

သင်က မတ်မတ်ရပ်နေချိန်မှာ ကမ္ဘာ့မြေဆွဲအားနဲ့ ကျောရိုးမကြား စီးဆင်းနေတဲ့ အရည်ညှစ်အားတို့ရဲ့ သက်ရောက်မှုအပြင် စိတ်ဖိစီးမှုကြောင့် ပခုံးနဲ့နောက်ကျောကြွက်သားတွေမှာ တင်းအား ဖြစ်ပေါ်လာပြီး ပုံမှန်ထက် အရည်တွေကို ပိုတွန်းထုတ်တာကြောင့် အရပ်ပိုပုသွားတာ ဖြစ်ပါတယ်လို့ လေ့လာသူတွေက ရှင်းပြပါတယ်။
စိတ်ဖိစီးမှုကြောင့် အရပ်ပုသွားတဲ့အပြင် နား၊ အရေပြား၊ ဦးနှောက်နဲ့ ဝမ်းဗိုက်တွေအပေါ်မှာလည်း သက်ရောက်မှုတွေရှိနေပါတယ်။

နားအူခြင်း
ဆွီဒင်လေ့လာမှုတစ်ခုအရ အမျိုးသား ၃၉ ရာခိုင်နှုန်းက အလုပ်ပြောင်းလိုက်တဲ့အတွက် စိတ်ဖိစီးမှုခံစားရချိန်မှာ နားအူတာနဲ့ နားအကြား အာရုံဆုံးရှုံးတာတို့ ဖြစ်နိုင်ခြေများတယ်လို့ သိရပါတယ်။ အကြောင်းကတော့ စိတ်ဖိစီးမှုနဲ့ ပူပင်သောကများစေတဲ့ ဟော်မုန်းတွေက နားထဲက cochlear receptors တွေအတွင်း အန္တရာယ်ရှိတဲ့ လှုံ့ဆော်မှုတွေဖြစ်ပေါ်လာတာကြောင့်ဖြစ်တယ်လို့ လေ့လာသူတွေက ရှင်းပြထားပါတယ်။

အရေပြား ယားယံခြင်း
သင့်အလုပ်ရှင်က သင့်ကို ခွေးတစ်ကောင်လို အလုပ်ခိုင်းစေတယ်ဆိုရင် ယားယံမှုကို ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို ပုံမှန်မဟုတ်တဲ့ လှုံ့ဆော်မှုတွေဖြစ်စေပါတယ်။ ဒါကြောင့် ယားယံတာ၊ အရေပြားနီမြန်းတာနဲ့ တခြားအရေပြားပြဿနာတွေဖြစ်ပေါ်ရတာဖြစ်ပါတယ်လို့ ဥရောပ လေ့လာမှုတစ်ခုအရ သိရပါတယ်။

ဦးနှောက်ကျုံ့စေခြင်း
ယေးတက္ကသိုလ်လေ့လာမှုအရ စိတ်ဖိစီးမှုဟာ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို နှေးကွေးစေ၊ ပိတ်ပင်စေတဲ့ ပရိုတင်းဓာတ်တွေကို ပမာဏတိုးစေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဦးနှောက်အစိတ်အပိုင်း Prefrontal Cortex ထုထည်ကို ဆုံးရှုံးမှုဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ဦးနှောက်ကျုံ့တာဟာ သူငယ်ပြန်အတိတ်မေ့ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ စတာတွေနဲ့ ဆက်စပ်မှုရှိတယ်လို့လေ့လာသူတွေကဆိုပါတယ်။

ဗိုက်အောင့်ခြင်း
ဦးနှောက်နဲ့ အူဆက်စပ်မှုကို ကောင်းကောင်း မသိကြသေးပါဘူး။ ဒါပေမဲ့ စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းတွေက အူလမ်းကြောင်း ထိန်းချုပ်ဖို့ အတွက်လိုအပ်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို အလွန်အမင်း လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုဖြစ်တဲ့အခါ ပျို့ချင်၊အန်ချင်ဖြစ်တာနဲ့ အစာအိမ်ဝေဒနာဖြစ်တာတို့ ဖြစ်စေနိုင်တာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top