Healthy Life Ad
Life Style

သုက်ပိုးများစေနည်း (Sperm count)

ဒေါက်တာတင့်ဆွေ

မေး။ ။ ဆရာရှင့် အမျိုးသားရဲ့ သုက်သွေး ဓာတ်ခွဲအဖြေ ကို ပို့ပါတယ်။ ကလေးရဖို့ အားနည်းတယ်လို့ သိရပါ တယ်။ ဘယ်လိုများ ဆက်လက်ဆောင်ရွက်ရမလဲ လမ်းညွှန်ပေးပါ။

ဖြေ။ ။ ကလေးရဖို့ဆိုရင် သုက်ပိုးတွေရဲ့ ရှင်သန်နိုင်စွမ်း ဟာ ၇၄-၇၅ ရာခိုင်နှုန်း ရှိသင့်တယ်။ ကလေးမရနိုင် သေးတဲ့ အတွဲတွေမှာ ယောကျာ်းဘက်က အားနည်း ချက် သုံးမျိုးထဲက တစ်ခုဖြစ်တယ်။

(၁) Low sperm count သုက်ပိုးအရေအတွက် နည်းခြင်း၊
(၂) Low sperm motility သုက်ပိုး လှုပ်ရှားနိုင် စွမ်းနည်းခြင်းနဲ့
(၃) Abnormal sperm ပုံမမှန်တဲ့သုက်ပိုးအရေ အတွက်ဆိုတာတွေ ဖြစ်ကြတယ်။
သုက်ပိုးလှုပ်ရှားနိုင်စွမ်းဆိုတာ သုက်ပိုးတွေက ရှေ့တည့်တည့်သွားနိုင်စွမ်းကိုပြောတာပါ။ ဒါမှ မမျိုးဥရှိရာဆီကိုတန်းတန်းမတ်မတ်သွားနိုင်ကြလိမ့်မယ်။ ပုံမှန်သုက်ရည်ဟာ အဖြူနဲ့ မီးခိုးရောင်စပ်ကြားမှာရှိ တယ်။ တစ်ခါတလေ နည်းနည်း ဝါတယ်။ ပန်းရောင် ရှိတယ်။ အနီရောင်ဖြစ်နေရင် သွေးပါနေလို့ပါ။ ကျားအင်္ဂါကနေထွက်တာနဲ့ သုက်ရည်ကခဲလာတော့ ပြစ်ချွဲလာတယ်။ ၅ မိနစ်ကနေ နာရီဝက်မှာ ပြန်ပြီး အရည်ဖြစ်တယ်။ အဲဒီလိုမဖြစ်ရင် ကလေးရနိုင်စွမ်း ကိုထိခိုက်စေတယ်။ ပျမ်းမျှဆိုရင် တစ်ခါသုက်ထွက် တာက ၂ ~ ၅ စီစီ (မီလီလီတာ)ရှိတယ်။ သုက်မလွှတ်တာကြာရင် များပြီး၊ ခဏခဏထွက်ရရင် နည်းမယ်။ ရောဂါမဟုတ်ပါ။

ကိုယ့်အထင်တစ်ခုတည်းနဲ့တော့ သုက်အရည် အသွေး၊ အရေအတွက်မကောင်းဘူလို့ သောကမများပါနဲ့။ လူအများတကာ့အများစုဟာ ပုံမှန်တွေချည်းပါ။ (မာစတာဘေးရှင်း)လုပ်လို့မစိုးရိမ်ပါနဲ့။ မြန်မာ့အာဟာရ ဓာတ်စာ တွေမှာ သုက်ပွားစာတွေရှိတယ် . . . ယောကျာ်းမှာVaricocele ဆိုတဲ့ ကပ္ပာယ်အိတ်ထဲမှာ သွေးကြောတွေ ထုံးခွေနေတဲ့ရောဂါရှိနေသလား စစ်ရမယ် . . .

ကမ္ဘာ့ကျန်းမာရေအဖွဲ့ (WHO) သတ်မှတ် ချက်ကတော့ –

– သုက်ရည် တစ်ခါထုတ်တာဟာ အနည်းဆုံး ၂ စီစီထုထည်ရှိရတယ်၊

– ၁ စီစီ သုက်ရည်ထဲမှာ Spermatozoaသုက် ပိုးကောင်ရေသန်း ၂၀ ပါရတယ်၊

– တစ်ခါထုတ်တာမှာ အနည်းဆုံး သုက်ပိုး သန်း ၄၀ ရှိရမယ်၊

– သုက်ပိုး ၇၅ ရာခိုင်နှုန်း ရှင်နေတာ ပုံမှန်ဖြစ် တယ်။

– သုက်ပိုး အနည်းဆုံး ၃၀ရာခိုင်နှုန်းက ပုံမှန် Morphology ပုံသဏ္ဌာန်ရှိနေတာ ပုံမှန်ဖြစ်တယ်။

– သုက်ပိုး အနည်းဆုံး ၂၅ ရာခိုင်နှုန်းက Motility အလျှင်အမြန် ကူးသန်းသွားလာနေတာ ပုံမှန် ဖြစ်တယ်။

– သုက်ပိုး အနည်းဆုံး ၅၀ ရာခိုင်နှုန်းက ရှေ့ဖက်ဆီကို နှေးချင်နှေးပါစေ၊ ကူးသန်းသွားလာနေတာ ပုံမှန်ဖြစ်တယ်။

Semen analysis သုက်ပိုး အရေအတွက်နဲ့ အရည်အသွေးကို စမ်းသပ်တာဟာ ကလေးရနိုင် စွမ်းအတွက် လုပ်တာပါ။ ဒါကောင်းနေရုံနဲ့တော့လည်း အသေအချာ ကလေးရမှာပဲလို့ မပြောနိုင်သေး ပါ။ အထက်က ရေးထားတာတွေအပြင် White blood cells သွေးဖြူဥ၊ Fructose သကြားဓာတ်၊
အက်စစ်ဓါတ်၊ Liquefaction time အရည်ပျော်ချိန်တွေကိုပါ စစ်ဆေးတယ်။ တစ်ခါတည်းနဲ့ မမှန်နိုင်ဘူး။ ၂ ခါ ၃ ခါ၊ ၂ ပတ်၊ ၃ ပတ်ခြားပြီး ထပ်စမ်းရတယ်။

သုက်ရည်ရဲ့အရည်အသွေးကို သက်ရောက်စေတဲ့ အချက်တွေအများကြီးရှိတယ်။

– တကယ်လိင်ဆက်ဆံလို့ထွက်တဲ့သုက်က မာစ တာဘေးရှင်းလုပ်လို့ ထွက်တာထက် သုက်ပိုးအ ရေအတွက် ၁၅ ရာခိုင်နှုန်းပိုများတယ်။ လှုပ်ရှားမှုနဲ့ ပုံသဏ္ဌာန်ပါ နည်းနည်းပိုတယ်။ ထုထည်က ၂၅-၄၅ ရာခိုင်နှုန်းပိုတယ်။

– သုက်ရည်ဟာ အပူချိန် သိပ်မခံနိုင်ဘူး။ ပူရင်၊ နွေရောက်ရင် နည်းတယ်။

Depo-Provera, Adjudin, Gossypol ဆေး တွေက ယောကျာ်းတွေကို မြုံစေတယ်။
(SSRI) စိတ်ကျဆေးတွေနဲ့ Marijuana ဆေးခြောက်ကလည်း မကောင်းစေဘူး။

Penicillinနဲ့ Tetracycline ပိုးသေဆေးတွေကလည်း နည်းစေတယ်။

Anabolic steroids Hormones ဟော်မုန်းဆေးတွေသုံးရင် အစွမ်းနည်းစေတယ်။

– ကော်ဖီနဲ့ အရက်ကလည်း နည်းစေတယ်။

Colaကိုလာအသောက်များတာလည်း အဲလိုပဲ။

Soy ပဲပုပ်များတာလည်း အတူတူပဲ။

zinc သွပ်ဓာတ် နည်းရင် နည်းစေတယ်။

– မနက်ခင်းထွက်တဲ့သုက်ထက် နောက်ပိုင်းထွက်တာက ကလေးရနိုင်စွမ်းပိုတယ်။ (ကွဲလွဲချက် ကိုသတိထားမိပါလိမ့်မယ်။ သုတေသနတစ်ခုက မနက်ခင်းဆက်ဆံတာကို ပိုအမှတ်ပေးထားတယ်။)

– လိင်ဆက်ဆံနေတဲ့အချိန်ကြာရင် ကလေးရနိုင် စွမ်းပိုတယ်။

– အသက်၊ ၆၀ ကျော်လည်း ကလေးရနိုင်သေးတယ်။

သုက်ပိုးနည်းစေတဲ့ အကြောင်းရင်းတွေကတော့ ပိုးဝင်ခြင်း၊ အတွင်းခံဘောင်းဘီတင်းကျပ်ခြင်း၊ အထိုင်များခြင်း၊ ပူလွန်းတဲ့ ရေချိုးခြင်း၊ အဝလွန်ခြင်း၊ သုက်ရည်ထွက်တဲ့ အကြိမ်များလွန်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်တာများခြင်း၊ စိတ်ကိုယ်ပင်ပန်းလွန်းခြင်း၊ Zinc သွပ်ဓာတ်နည်းခြင်း၊ ဆီးကျိတ်ပိုးဝင်ခြင်း၊ မွေးရာပါလိင်ပိုင်းအင်္ဂါချို့ယွင်းခြင်း၊ ကျားဟော်မုန်းသုံးခြင်း။
Varicocele ရောဂါရှိရင် ခွဲစိတ်ကုသပါ။

သုက်ပိုးများစေနည်း ၁၀ နည်း

(၁) လိင်ဆက်ဆံတာနဲ့ (မာစတာဘေးရှင်း) အကြိမ် မများလွန်းစေရ၊

(၂) ဆေးလိပ်၊ အရက်ဖြတ်ပါ၊

(၃) ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ၊

(၄) အဆီနည်းပြီး အာဟာရ ပြည့်ဝတဲ့ အစားအစာတွေ စားပါ၊

(၅) ကျားအင်္ဂါနေရာ အပူမများစေရ၊ အတွင်းခံ မတင်းကျပ်စေရ၊ ချည်ထည်ကိုသာ ဝတ်ဆင်ပါ၊

(၆) ကိုယ်အလေးချိန်များနေရင်လျှော့ချပါ၊

(၇) ကိုယ်-စိတ် ပင်ပန်းမှုတွေ ပြုပြင်ပါ၊

(၈) ရိုးရာ-အဆီနဲ့ အနှိပ်ခံပါ၊

(၉) ဗီတာမင်၊ ဓာတ်ဆားတွေ သုံးစွဲပါ၊

(၁၀) ဆက်ဆံတဲ့အချိန်ဟာ နံနက်နဲ့ နေ့ပိုင်း ပိုဖြစ်သင့်တယ်။

ကိုယ့်အထင်တစ်ခုတည်းနဲ့တော့ သုက်အရည် အသွေး၊ အရေအတွက်မကောင်းဘူလို့ သောကမများပါနဲ့။ လူအများတကာ့ အများစုဟာ ပုံမှန်တွေချည်းပါ။ (မာစတာဘေးရှင်း) လုပ်လို့ မစိုးရိမ်ပါနဲ့။ မြန်မာ့ အာဟာရဓာတ်စာတွေမှာ သုက်ပွားစာတွေရှိတယ်။

– ယောကျာ်းမှာ ဆိုတဲ့ ကပ္ပာယ်အိတ်ထဲမှာ သွေးကြောတွေ ထုံးခွေနေတဲ့ရောဂါရှိနေသလား စစ်ရမယ်။ ရှိနေရင် ခွဲစိတ်ရမယ်။ ရေးထားပါတယ်။

– အလုပ်လုပ်ရာမှာ ကပ္ပာယ်အိတ်နေရာကို သိပ်ပူနေစေတာ မကောင်းဘူး။

– လိင်ဆက်ဆံတဲ့အချိန် သိပ်ကြာလွန်းရင်လည်း သုက်ပိုးတွေ နှေးစေနိုင်တယ်။ တစ်ခါဆက်ဆံ နေချိန် ကြာလွန်းတာကို ပြောတာပါ။

– ဟော်မုန်းဆေးတွေ (စတီးရွိုက်)ဆေးတွေကနေလည်း သက်ရောက်စေနိုင်တယ်။ မသင့်ပါ။

– အထောက်အကူပေးနိုင်တာတွေကတော့ Vita­min C, Vitamin E, Vitamin B12, Selenium, Zinc နဲ့ Lycopene တွေဖြစ်တယ်။

– အထောက်အကူပေးနိုင်သလားလို့ ယူဆတဲ့တိုင်းရင်းဆေးတွေထဲမှာ Panax Ginseng, Lepi­dium Meyenii, or Maca, Polygonum Cuspidatum နဲ့ Resveratrol တွေပါတယ်။

– အားမနာတမ်းပြောရရင် အထောက်အကူနည်းတွေဟာ ကလေးရစေမယ်လို့ အာမခံတာတွေ တော့မဟုတ်ပါ။

– နောက်ဆုံးမှာ ntrauterine Insemination (IUI) သားအိမ်ထဲကို သုက်ရည်ထည့်ပေးနည်း Vitro Fertilization (IVF) or Intracyto­plasmic Sperm Injections (ICSI) ပြင်ပမှာ သန္ဓေတည်စေနည်းတွေနဲ့ ကလေးရအောင် လုပ်ကြရတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top