Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါရှင်များ အစားအသောက်ရွေးချယ်ခြင်း (၂)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

ဆီးချိုသမားအတွက် သီးသန့်အစားအသောက်ဆိုပြီး မရှိပါဘူး။ အခုနောက်ပိုင်းပေါ်လာတဲ့ ဆီးချိုအတွက် ပေါင်မုန့်၊ ဆီးချိုအတွက် ဘီစကွတ်မုန့်ဆိုတာတွေက အချိုလျှော့လိုက်တာပါပဲ။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပြီး စားဖို့နဲ့ အာဟာရဓာတ်ပြည့်ဝစွာ ရရှိအောင်စားဖို့ပဲ အရေးကြီးပါတယ်။

ထမင်း

မြန်မာလူမျိုးတွေရဲ့ အဓိကအစာက ထမင်းပါပဲ။ ငယ်ငယ်ကတည်းက ထမင်းနဲ့ပဲကြီးခဲ့ကြတာဆိုတော့ ကစီဓာတ်ဖြစ်တဲ့ ကာဗိုဟိုက်ဒရိတ်ကိုရရှိပါတယ်။ ကစီဓာတ်က ပြောင်း၊ ခေါက်ဆွဲ၊ ပေါင်မုန့်နဲ့ ဟင်းသီးဟင်းရွက်တွေမှာလည်း ပါဝင်ပါတယ်။

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကိုလည်း များများစားပေးရပါမယ်။

နွားနို့၊ ဥအမျိုးမျိုးနှင့် ငါးများ

နွားနို့၊ ဥအမျိုးမျိုးနဲ့ ငါးတွေကိုလည်း အသင့်အတင့် စားပေးနိုင်ပါတယ်။

အဆီ၊ ထောပတ်၊ သရေစာနှင့် ဆီ

အဆီ၊ ထောပတ်၊ သရေစာနဲ့ ဆီတွေကို လျှော့စားရပါမယ်။ ဆီနည်းတာကို ရွေးစားရပါမယ်။

ဘယ်လောက်ပမာဏ စားရမလဲ

လူတိုင်းက မနက်စာ၊ နေ့လယ်စာနဲ့ ညစာဆိုပြီး သုံးနပ်စားလေ့ရှိကြတယ်။ ဒါပေမဲ့ ဆီးချိုသွေးချိုရောဂါသည်တွေကို အဲဒီလို သုံးနပ်စားမယ့်အစား အဲဒီပမာဏကို ခြောက်နပ်ခွဲပြီး စားစေချင်ပါတယ်။ ခြောက်ကြိမ်ခွဲပြီးစားပေးရင် ခန္ဓာကိုယ်ထဲက အင်ဆူလင်ထုတ်တာကို သွားပြီးလှုံ့ဆော်ပေးပါတယ်။ အဲဒီလိုစားပေးရင် ဆီးချိုကိုလည်း ထိန်းပေးပါတယ်။ ဒါပေမဲ့ တစ်ကြိမ်စားတဲ့ ပမာဏကို လျှော့ပေးရပါမယ်။ မနက်စာကို မဖြစ်မနေစားပါ။ မနက်စာကို ကောင်းကောင်းစားမှ ကျန်းမာရေးနဲ့ ညီညွတ်မှာဖြစ်ပါတယ်။

တစ်နေ့တာစားသင့်တဲ့ အစားအသောက်ထဲမှာ အနည်းဆုံးပါဝင်သင့်တာတွေက-

– ဟင်းသီးဟင်းရွက် ၂-၃ ခွက်၊

– သစ်သီး ၂ လုံး၊

– ထမင်း၊ ပဲမျိုးစုံ၊ အာလူး၊ ဖရုံသီး ၆ ခွက်၊

– နွားနို့ ၂ ခွက်၊

– အသား ၃၀ ကျပ်သား (ချက်ပြီး ၂၅ ကျပ်သား)၊

– အချိုနှင့် အဆီအနည်းငယ်တို့ ဖြစ်ပါတယ်။

အထူးသဖြင့် အရွက်စားတာက နည်းနေတာများပါတယ်။ အဲဒါကြောင့် ဟင်းရွက်ကို တစ်နေ့မှာ အနည်းဆုံး နှစ်ခွက်ကနေ သုံးခွက်အထိ စားပေးရပါမယ်။ အမျှင်ဓာတ်များများပါတဲ့ အရွက်နဲ့အသီးကို စားပေးလို့ရပါတယ်။ ပန်းသီးဆိုရင် လက်တစ်ဆုပ်စာအရွယ်ကို တစ်နေ့တစ်လုံး စားနိုင်ပါတယ်။ ဆီးချိုရှိသူတွေမှာဖရဲသီး၊ နာနတ်သီး၊ သရက်သီး မစားခိုင်းပါဘူး။ ဒူးရင်းသီးကို သိပ်ကြိုက်တယ်ဆိုရင် နည်းနည်းစားခိုင်းပါတယ်၊ ဒါပေမဲ့ ဒူးရင်းသီးစားတဲ့အခါ ထမင်းမစားခိုင်းပါဘူး။ သင်္ဘောသီး၊ ငှက်ပျောသီး၊ စပျစ်သီး စတဲ့ အသီးတွေ စားလို့ရပါတယ်။ နွားနို့သောက်ပေးရင် လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်ကို ရရှိစေပါတယ်။

ဘယ်လိုပန်းကန်ပြားနဲ့ စားသင့်သလဲ

၁၀လက်မအရွယ်နဲ့ ၈လက်မအရွယ် ပန်းကန်ပြားနှစ်ခုအနက် ၈ လက်မအရွယ်ပန်းကန်ပြားနဲ့ စားသင့်ပါတယ်။ အသီးအရွက်ကို ထမင်းပန်းကန်ရဲ့ တစ်ဝက်နီးပါး ထည့်စားသင့်ပါတယ်။ ထမင်းကို လေးပုံတစ်ပုံပဲ စားသင့်ပါတယ်။

ရေခဲမုန့်စားရင် အလုံးတစ်လုံးရဲ့ တစ်ဝက်ပဲစားသင့်ပါတယ်။ လှုပ်ရှားမှုနည်းတဲ့သူတွေက ကယ်လိုရီ ၁၅၀ဝထက် ပိုမစားသင့်ပါဘူး။ ကယ်လိုရီ ၁၅၀ဝထက် ပိုစားမိရင် တဖြည်းဖြည်းနဲ့ဝလာပါလိမ့်မယ်။

ငပိရည်ကိုဆမ်းမစားပါနဲ့။ ငပိရည်ဆိုတာ တို့စားရမယ့်အရာပါ။ ထမင်းထဲကို ငပိရည်လောင်းချပြီးစားတာက မှားပါတယ်၊ အဲဒီလိုစားတာကြောင့် သွေးတိုးနိုင်ပါတယ်။ ဒါကြောင့် ဆမ်းမစားပါနဲ့။ ကြိုက်ရင် စားလို့ရပေမယ့် အသီးအရွက်နဲ့တို့စားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top