Healthy Life Ad
Life Style

အမှန်လေလား၊ အမှားလား ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများ (၂)

၊ ဒေါက်တာမြတ်ထွဋ်ညွန့် ၊

မြန်မာမှာသာမက ကမ္ဘာနှင့်အဝန်း ကျန်းမာရေးဆိုင်ရာ တလွဲယုံကြည်မှုတွေရှိကြသည်။ အမှန်တွေကို မှတ်သားထားသည်က ကိစ္စမရှိ။ မဟုတ်က ဟုတ်ကတွေကို လွဲမှားစွာ ယုံကြည်လက်ခံထားပါက ဘဝနှင့်ရင်းကာ အသက်ကိုပင် ပေးဆပ်လိုက်ရနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးဆိုင်ရာ ယုံကြည်မှု များနှင့်ပတ်သက်ပြီး အမှန်လေလား အမှားလား ဟူသည်ကို စာဖတ်သူတို့ တွေးဆဆင်ခြင်နိုင်ရန်ဖော်ပြ ပေးပါမည်။
ယခုတစ်ပတ်တွင် အိပ်စက်ခြင်းဆိုင်ရာယုံကြည်မှုများကို ဆွေးနွေးဖော်ပြပေးပါမည်။

ယုံကြည်ချက် – ၁
‘နာတာရှည်ရောဂါများဖြစ်သည့် ဆီးချို၊ သွေးတိုး၊ အဝလွန်ခြင်း၊ စိတ်ကျဝေဒနာ ခံစားနေရခြင်းများသည် အိပ်စက်ချိန်နှင့် ဘာမှမဆိုင်ပါ’
မှားပါသည်။အဆိုပါ နာတာရှည်ဝေဒနာများနှင့် အိပ်စက်ခြင်းသည် ဆက်စပ်မှုများစွာ ရှိပါသည်။ ဥပမာအားဖြင့် အိပ်ရေးမဝပါက ကိုယ်ခန္ဓာမှ အင်ဆူလင်ရယူသုံးစွဲနိုင်စွမ်းကျဆင်းစေသည်။ ထိုအခါ ဆီးချိုကို ဖြစ်စေနိုင်သည်။ အလားတူ အိပ်ရေး ကောင်း ကောင်း မဝပါက ကိုယ်ခန္ဓာမှ ကြီးထွားဟော်မုန်း စစ်ထုတ်မှုကို ကမောက်ကမဖြစ်စေကာ အဝလွန်ခြင်းကို ဦးတည်စေနိုင်သည်။

ယုံကြည်ချက် – ၂
‘အသက်ကြီးလာလေလေ အိပ်ချိန်နည်းနည်း ပဲလိုလေလေ ဖြစ်သည်’
မမှန်ပါ။ အရွယ်ရောက်ပြီးသူတစ်ဦးအတွက် တစ်ညတာ အိပ်ချိန် ခုနှစ်နာရီခွဲမှ ၉ နာရီအထိ လိုအပ်သည်။ သို့မှသာ ပုံမှန် တက်ကြွလန်းဆန်းပြီး တစ်နေ့တာ လုပ်ငန်းများကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။ အသက်အရွယ်ပေါ်မူတည်ကာ အိပ်စက်မှုပုံစံ ပြောင်းလဲသွားတတ်သော်လည်း စုစုပေါင်းအိပ်ချိန်သည် ထူးထူးခြားခြား ပြောင်းမသွားသင့်ပါ။ အသက်ကြီးသူများတွင် စောစောအိပ်ရာဝင်ကာ စောစောထတတ်ပြီး လူငယ်လူရွယ်များအနေဖြင့် ညဉ့်နက်မှ အိပ်ပြီး နောက်ကျမှ အိပ်ရာထတတ်ကြသည်။ အသက်ကြီးသူများတွင် ညဘက်၌ အိပ်ပျော်နေစဉ် မကြာခဏ နိုးနေတတ်သည်။ ထို့ကြောင့် ညဘက်အမှန်တကယ် အိပ်ပျော်ချိန်နည်းတတ်သည်။ သို့သော် စုစုပေါင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချိန်သည် လူငယ်များနည်းတူ ရှိနေသင့်သည်။

ယုံကြည်ချက် – ၃
‘အိပ်နေစဉ်ဟောက်ခြင်းသည် ကျန်းမာရေး ဆိုင်ရာပြဿနာတစ်ခုဖြစ်ပြီး အန္တရာယ်ရှိသည်’
မှန်သည်။ အိပ်ပျော်စဉ်ဟောက်ခြင်းသည် အဝလွန်ခြင်း၊ နှလုံးရောဂါ၊ ဆီးချိုရောဂါတို့နှင့် ဆက်စပ်မှုရှိသည်။ အိပ်နေချိန်တွင် လေပြွန်လမ်းတစ်လျှောက် လေကောင်းကောင်း မဝင်မထွက်နိုင်ခြင်းကြောင့် ဟောက်သံအဖြစ်ပေါ်ထွက်ကာ အနားရှိ အိပ်နေသူကို ကောင်းကောင်းအိပ်မရအောင် ဖြစ်စေနိုင်သလို ဟောက်နေသူကိုယ်တိုင်မှာလည်း မကြာခဏလန့်နိုးလိုက်၊ အိပ်ပျော်လိုက် ဖြစ်နေလေ့ရှိသည်။ ထို့ကြောင့် စုစုပေါင်းအိပ်ချိန်သည် မဟောက်တတ်သူထက် လျော့နည်းနေတတ်သည်။

ယုံကြည်ချက် – ၄
‘လိုအပ်သည်ထက် လျော့အိပ်နိုင်သည်’
မှားပါသည်။ တစ်နေ့လျှင် ၇နာရီခွဲမှ ၉ နာရီအထိ အိပ်စက်ရန်လိုအပ်ပြီး အကြောင်းကြောင်းကြောင့် အိပ်ချိန်ထို့ထက် လျော့နည်းခဲ့ပါက နောက်ရက်များတွင် အတိုးချပြီး ပိုအိပ်ဖို့လိုသည်။ ကာလတာရှည် ဆက်တိုက် လိုအပ်သည်ထက် လျော့နည်းစွာ အိပ်စက်မိပါက နောက်ဆက်တွဲကျန်းမာရေး ပြဿနာ များဝင်လာနိုင်သည်။

ယုံကြည်ချက် – ၅
‘ပျိုဖော်ဝင်စ ဆယ်ကျော်သက် အရွယ်တွင် ပိုမိုအိပ်စက်ဖို့လိုသည်’
မှန်သည်။ လူကြီးများ၏ တစ်ညတာအိပ်ချိန် ၇ နာရီမှ ၉နာရီ လိုအပ်ချက်နှင့် နှိုင်းယှဉ်ပါက ဆယ် ကျော်သက်အရွယ်တွင် အိပ်ချိန်ပိုလိုအပ်သည်။ ပျိုဖော်ဝင်ချိန်တွင် ဇီဝနာရီသဘောအရ ညပိုင်းတွင် တော် ရုံနှင့် မအိပ်ချင်သေးဘဲ အိပ်ပျော်ချိန် နောက်ကျကာ မိုးလင်းလျှင်လည်း တော်ရုံနှင့် မထဘဲ ရှိတတ်သည်။

ယုံကြည်ချက် – ၆
‘အိပ်မပျော်ခြင်းဝေဒနာသည် အိပ်ပျော်ရန် ခက်ခဲခြင်းကိုသာ ရည်ညွှန်းသည်’
မှားသည်။ အိပ်မပျော်ခြင်းသည် အိပ်ပျော်ရန် ခက်ခဲခြင်းကိုသာမက အခြားသော အခြေအနေများ ဖြစ်သည့် စောလွန်းစွာ နိုးနေပြီး ပြန်အိပ်မပျော်ခြင်း၊ မကြာခဏ အိပ်ပျော်လိုက်၊ နိုးလိုက် ဖြစ်နေခြင်းနှင့် နိုးထပြီးသည့်တိုင် လန်းဆန်းတက်ကြွမှု မရှိခြင်း တို့ကိုပါ ဆိုလိုသည်။

ယုံကြည်ချက် – ၇
‘နေ့လယ်ဘက် အိပ်ငိုက်ခြင်းသည် အိပ်ရေး မဝသေးခြင်းကြောင့်ဖြစ်သည်’
မှားသည်။ အများအားဖြင့် ညဘက် အိပ်ရေးမဝပါက နေ့လယ်ခင်းတွင် အိပ်ငိုက်တတ်သော်လည်း ထိုအချက်သည် အမြဲမမှန်ပါ။ အိပ်စက်ခြင်းဆိုင်ရာ ရောဂါများဖြစ်သည့် အိပ်နေစဉ်မကြာခဏ လန့်နိုးခြင်း၊ အကြောင်းမဲ့နေ့ရောညပါ အိပ်ငိုက်နေခြင်းတို့ကြောင့်လည်း နေ့ခင်းဘက်တွင်အိပ်ချင်နေနိုင်သည်။

ယုံကြည်ချက် – ၈
‘အိပ်ပျော်နေစဉ် ဦးနှောက်သည် အနားရနေသည်’
မှားသည်။ အိပ်နေစဉ် ကိုယ်ခန္ဓာ အစိတ်အပိုင်း အများစုအနားရသော်လည်း ဦးနှောက်အပါအဝင် ကိုယ်တွင်းအင်္ဂါများမှာ အနားမရပါ။ အိပ်ပျော်နေချိန်တွင် အသက်ရှူခြင်းအပါအဝင် အရေးကြီးသော ဇီဝ ကမ္မဖြစ်စဉ်များစွာကို ဦးနှောက်မှ ဆက်လက် ထိန်းချုပ်နေဆဲ ဖြစ်ပါသည်။

ယုံကြည်ချက် – ၉
‘ညဘက်အိပ်မပျော်ပါက အိပ်ရာမှထကာ တစ်ခုခုလုပ်ပါ’
မှန်သည်။ ညလယ်ခေါင် နိုးလာပြီး ပြန်အိပ်ပျော်ဖို့ကြိုးစားသည့်တိုင် အိပ်မပျော်တော့ပါက အတင်းကြိတ်မှိတ်ကာ အိပ်ပျော်ဖို့ကြိုးစားခြင်းသည် မထူးနိုင်ပါ။ ထို့ကြောင့် နိုးလာပြီး ၁၅မိနစ်မှ မိနစ် ၂၀ခန့်အထိ ပြန်အိပ်မပျော်တော့ပါက ဆက်အိပ်မနေဘဲ သာယာသော ဂီတသံနားထောင်ခြင်း၊ စာ ဖတ်ခြင်းတို့လုပ်ကာ ပင်ပန်းလာသည်ဟု ခံစားရမှ ပြန်အိပ်ပျော်ဖို့ ကြိုးစားသင့်သည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top