Healthy Life Ad
Child

ကလေးတီဘီရောဂါ

ပါမောက္ခဦးစောဝင်း(ကလေးအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ စစ်တမ်းအရ မြန်မာနိုင်ငံမှာ ကလေးတီဘီဖြစ်ပွားနှုန်း မြင့်မားတယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကလေးတီဘီဖြစ်နှုန်းက ဘာကြောင့်များရတာလဲ ဆိုတာသိချင်လို့ပါ ဆရာ။

ဖြေ။ ။ ကလေးတီဘီက လူကြီးတီဘီလို မဟုတ်ဘူး။ လူကြီးတီဘီမှာတော့ သလိပ်ကို စစ်လို့ရတယ်၊ သ လိပ်စစ်ပြီး တီဘီရောဂါဖြစ်လား၊ မဖြစ်လား ဆိုတာကို အတိအကျပြောလို့ရတယ်။ ကလေးတီဘီအ တော်များများက သလိပ်မထွက်ဘူး၊ အဲဒီအတွက် သလိပ်ကို စစ်လို့မရဘူး။ ဓာတ်မှန်မှာလည်း ဒါကိုတွေ့တာနဲ့ တီဘီဆိုပြီး ပြောလို့ရတဲ့အချက်က ကလေးတီဘီမှာသိပ်မရှိဘူး။ ဒီတော့ ကလေးတီဘီလို့ သတ်မှတ်တဲ့နေရာမှာ ကလေးဆရာဝန်တွေထဲမှာလည်း တစ်ယောက်နဲ့တစ်ယောက် ကွာခြားမှုက အများကြီးရှိပါတယ်။

အဓိကကတော့ Clinical Features လို့ခေါ်တဲ့လက္ခဏာတွေကို ကြည့်ပြီး ကလေးတီဘီကို သတ်မှတ်ပါတယ်။

ကလေးတီဘီဆေးပေးရင် ကလေးကို ဉာဏ်ရည်မထိခိုက်စေပါဘူး။ ကလေးတီဘီမှာ ဆေးကြောင့်ဖြစ်တတ်တဲ့ အရေပြား အနီကွက် ထွက်တာ၊ ဆီးနီတာ၊ မျက်လုံးဝါတာလေးတွေ ရှိပါတယ်။ ဒီလို ဆိုးကျိုးတွေကတောင် ကလေး ၁၀ဝမှာ ၁ ရာခိုင်နှုန်းအောက်ပဲ ဖြစ်တတ်ပါတယ်။ ဒါတွေသိနိုင်ဖို့ ကလေးကို တစ်လ တစ်ခါပြန်ခေါ်ကြည့်ပေးရပါတယ် . . .

(၁) ကလေးတစ်ယောက်က ဖျားတယ်၊ နှစ်ပတ်-သုံးပတ်ထက်ပိုပြီး ဖျားတယ်၊ ချောင်းဆိုးတယ်၊

(၂) တီဘီဖြစ်တဲ့သူနဲ့ နီးစပ်တဲ့သူရှိသလား ဆိုတာ မေးရတယ်။ တချို့ကျတော့ အိမ်မှာ တီဘီဖြစ်တဲ့သူ မရှိဘူး၊ ဒါပေမဲ့ အိမ်မှာ အပ်ချုပ်ဆိုင်၊ ဈေးဆိုင်စသဖြင့် ဖွင့်ထားတော့ လူတိုင်းက ဒီကလေးကို ချီရင်းကူးတာမျိုးလည်း ရှိတတ်ပါတယ်။

(၃) ကလေးက ပိန်သွားတယ်၊ အစားအသောက်ပျက်နေတယ်။

ဒီလိုလက္ခဏာတွေရှိရင် ဓာတ်မှန်ရိုက်ကြည့်ပါတယ်။ ဓာတ်မှန်မှာ လက္ခဏာတွေရှိသလားဆိုတာ ကြည့်တယ်၊ ပြီးတော့ Tuberculum Test ဆိုတဲ့ အရေပြားမှာ တီဘီပိုးနဲ့ ထိတွေ့မှု ရှိ၊ မရှိဆိုတာ စစ်ဆေးပါတယ်။ ဒီလိုတွေ စစ်ပြီးတော့မှ တီဘီဆေး ပေးသင့်၊ မပေးသင့် ဆုံးဖြတ်ရပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ရွေးကောက်ပွဲမှာ မဲပေးသလိုပဲ။ မဲများရင် တီဘီဆေးပေးတယ်၊ မဲနည်းရင် မပေးဘူး။ ကလေးတီဘီကို တိတိကျကျပြောနိုင်တာ တစ်ကမ္ဘာလုံးမှာ ဘယ်နေရာမှမရှိသေးပါဘူး။

BCR Test ဆိုရင်လည်း သွေးက ယူရမယ်။ သွေးက ယူဖို့ကျတော့လည်း တီဘီပိုးက သွေးထဲ ရောက်ချင်မှ ရောက်မှာလေ။ သလိပ်ယူဖို့ကျတော့လည်း ခြောက်နှစ်အောက် ကလေးအတော်များများက သလိပ်မထွက်ပြန်ဘူး။ ခိုင်မာတိကျတဲ့ ရောဂါရှာဖွေနည်း မရှိသေးတာက ကလေးတီဘီမှာ ပြဿနာတစ်ရပ် ဖြစ်နေပါတယ်။

ဒီတော့ WHOက ပြောတဲ့ ကလေးတီဘီဖြစ်နှုန်းများတယ်ဆိုတာ တကယ်ဖြစ်နှုန်းများတာထက် ရောဂါသတ်မှတ်ချက်တွေက များနေတာပဲ ဖြစ်ပါလိမ့်မယ်။ ဒါကလည်း ကလေးဆရာဝန်ထဲမှာတောင် တစ်ယောက်နဲ့ တစ်ယောက် ရောဂါသတ်မှတ်ရှာဖွေ ပုံကွာခြားချက်ရှိတာကြောင့်ပါ။ ဥပမာအားဖြင့် ခဏခဏ ချောင်းဆိုးတယ်၊ ရင်ကျပ်တယ် . .ပြောရရင် ကလေးပန်းနာရင်ကျပ်ပေါ့။ ဒါက တခြားနိုင်ငံတွေမှာလည်း ဖြစ်နှုန်းများတယ်၊ မြန်မာနိုင်ငံမှာလည်း တွေ့ရတယ်။ တစ်ခါတလေ ကလေးပန်းနာရင်ကျပ်နဲ့ တီဘီက ဆင်နေတော့ ပန်းနာရင်ကျပ်ကို တီဘီဆိုပြီး ကုတာလည်း ရှိတတ်တယ်။

မေး။ ။ ကလေးတီဘီရောဂါအတွက် Gene Express စစ်ဆေးမှုကတော့ အဆင်ပြေနိုင်ပါသလား ဆရာ။

ဖြေ။ ။ Gene X-pert ဆိုတဲ့ စစ်ဆေးမှုကလည်း သလိပ်လိုပါတယ်။ ကလေးတွေမှာ သလိပ်ကအမြဲတမ်း ရတာ မဟုတ်ဘူး။ အစာအိမ်ကိုဆေးပြီး စစ်ဆေးတဲ့ Gastric Lavage ဆိုတဲ့နည်းကလည်း တီဘီရှိ၊ မရှိ တင်မက ဆေးတိုးလား၊ မတိုးလားဆိုတာပါ စစ်နိုင်လို့ တော်တော်ကောင်းတဲ့ နည်းဖြစ်ပါတယ်။ အဲဒီမှာ တွေ့ ရင် ကလေးတီဘီသေချာတယ်ဆိုပေမယ့်မတွေ့ရင် ကလေးတီဘီမဟုတ်ဘူးလို့ မပြောနိုင်ပြန်ဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ အဆုတ်ထဲကနေ ချောင်းဆိုးပြီး မျိုချမှသာ အစာအိမ်ထဲရောက်မှာကိုး။

မေး။ ။ ကလေးတစ်ယောက်က တီဘီလား၊ တီဘီမဟုတ်ဘူးလားဆိုတာ မသေချာတဲ့ အခြေအနေမှာ တီဘီ ဆေးပေးတာနဲ့ မပေးတာ ဘယ်အရာက ပိုသင့်တော်ပါသလဲ ဆရာ။

ဖြေ။ ။ ကလေးတီဘီမှာ ခိုင်မာတိကျတဲ့ နည်းစနစ်က တစ်ကမ္ဘာလုံးမှာ မရှိသေးပါဘူး။ ၁၀ဝ ရာခိုင်နှုန်းသေ ချာပေါက်ပြောလို့ရတာ မရှိသေးတဲ့အတွက် ဆရာ စောစောက ပြောခဲ့သလို လက္ခဏာတွေ၊ ဓာတ်မှန် အဖြေ၊ တီဘီရောဂါသည်နဲ့ ထိတွေ့မှု ရှိ/မရှိ၊ Tuberculum Test ဒါတွေကို ပေါင်းပြီး စဉ်းစားရပါတယ်။ ဒီမှာ တီဘီဆေးပေးကြည့်လိုက်လို့ ကလေးက စားသောက်လာတယ်၊ ဝလာတယ်၊ လန်းဆန်းလာတယ်ဆိုရင် ကလေးတီဘီလို့ ယူဆရတာပေါ့။

အမျိုးသားကာကွယ်ဆေးထိုးစီမံကိန်းအရက လေးတွေကို ဘီစီဂျီကာကွယ်ဆေးထိုးပေးပါတယ်။ ဘီစီဂျီက ရိုးရိုးတီဘီကို မကာကွယ်ပါဘူး။ ပြင်းထန်ဆိုးရွားတဲ့ တီဘီ၊ တစ်ကိုယ်လုံး ပျံ့နှံ့တဲ့ တီဘီ တွေကိုပဲ ကာကွယ်ပေးတာပါ။ အဲဒီအတွက် တီဘီ ဖြစ်တယ်လို့ သံသယရှိရင် ဆေးပေးပါတယ်။ ဘာဖြစ်လို့ ပေးသလဲဆိုတော့ ကလေးရဲ့ အရွယ်အစားအလိုက် ဆေးပမာဏပေးရင် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို ကလေးက လူကြီးထက် ပိုခံနိုင်လို့ပါ။ ဘေးထွက်ဆိုးကျိုးဖြစ်နှုန်းက ကလေး ၁၀ဝ မှာ တစ်ယောက်တောင် မရှိဘူး။ အဲဒီအတွက် ပေးသင့်ရင် ပေးရပါတယ်။ တီဘီဆေး မပေးလိုက်မှ ကလေးက ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးတာတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် တီဘီဦးနှောက်အမြှေးရောင်ရောဂါနဲ့ ပျံ့နှံ့တီဘီတွေ ဖြစ်သွားနိုင်ပါတယ်။

မေး။ ။ ကလေးတီဘီဆေးပေးလိုက်ရင် ဉာဏ်ရည်ထိခိုက်မယ်လို့ မိဘတချို့ကစိတ်ပူနေကြပါတယ်ဆရာ။ အဲဒါနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။ ။ ကလေးတီဘီဆေးပေးရင် ကလေးကို ဉာဏ်ရည် မထိခိုက်စေပါဘူး။ ကလေးတီဘီမှာဆေးကြောင့် ဖြစ်တတ်တဲ့ အရေပြား အနီကွက်ထွက်တာ၊ ဆီးနီတာ၊ မျက်လုံးဝါတာလေးတွေရှိပါတယ်။ ဒီလို ဆိုးကျိုးတွေ ကတောင် ကလေး ၁၀ဝမှာ ၁ ရာခိုင်နှုန်းအောက်ပဲ ဖြစ်တတ်ပါတယ်။ ဒါတွေသိနိုင်ဖို့ ကလေးကို တစ်လတစ်ခါ ပြန်ခေါ်ကြည့်ပေးရပါတယ်။

မေး။ ။ ကလေးတီဘီက ကလေးအချင်းချင်း ကူးစက်နိုင်ပါသလား ဆရာ။

ဖြေ။ ။ မကူးစက်နိုင်ပါဘူး။ ကလေးတီဘီဖြစ်ရင် တီဘီအကျိတ်ဖြစ်တယ်၊ အဆုတ်ထဲမှာရှိတယ်၊ အဆုတ် ထဲမှာ ဖြစ်တဲ့ တီဘီက ခဏဖြစ်ပြီး ပြန်ပျောက်သွားတယ်။ ဒါကို ဆေးပညာအခေါ်အဝေါ်အရ Primary Complex လို့ခေါ်ပါတယ်။ ကလေးမှာတော့သလိပ် ထွက်တာနည်းတဲ့ တီဘီလို့ခေါ်ပါတယ်။ အဲဒီအတွက် ကလေး ကလေးချင်း ကူးတာမရှိပါဘူး။ ကလေးတီဘီက သလိပ်ထဲမှာ ပိုးပါတဲ့ လူကြီးဆီက ကူးတာ ဖြစ်ပါတယ်။

မေး။ ။ ကလေးတွေမှာ ဆေးယဉ်ပါးတီဘီကော ဖြစ်နိုင်ပါသလား ဆရာ။

ဖြေ။ ။ ကလေး ဆေးယဉ်ပါးတီဘီအတွက် သုတေသနတွေ လုပ်ဖူးပါတယ်။ ဆရာ့တပည့်တစ်ယောက် သု တေသနလုပ်တာတော့ မတွေ့သေးဘူး။ လောလောဆယ် မန္တလေးက ကလေးဆရာဝန်တစ်ယောက် သု တေသနလုပ်တော့ တစ်ယောက်တွေ့တယ်လို့ ဆိုပါတယ်။ ဆေးယဉ်ပါးလူနာရှိတဲ့ အိမ်က ကလေးတွေမှာ ဆရာတို့က သတိထားစောင့်ကြည့်ပါတယ်။ အခုချိန်အထိ ဆရာ့အတွေ့အကြုံအရတော့ ကလေးတွေမှာ ဆေးယဉ်ပါးတီဘီဖြစ်တာမရှိသေးပါဘူး။ ကလေးတွေက တီဘီဖြစ်လို့ ဆေးကုလိုက်ရင် ပျောက်တာချည်းပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top