Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါရှင်များ အစားအသောက်ရွေးချယ်ခြင်း (၁)

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

အခုနောက်ပိုင်း ဆီးချိုရောဂါဖြစ်နှုန်း မြင့်မားလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာလူမျိုးအများစုက ငယ်ငယ်လေးကတည်းက ထမင်းကို အဓိကစားခဲ့ပြီး ထမင်းများများစားတာကြောင့်ဖြစ်ပါတယ်။ အရင်က ဆီးချိုရောဂါဖြစ်နှုန်းက နယ်တွေမှာ များပြီး မြို့ပေါ်မှာ သိပ်မရှိပါဘူး။ အခုနောက်ပိုင်းကျတော့ နယ်မှာလည်း ဖြစ်နှုန်းအတော်များလာပါတယ်။ ဒါပေမဲ့ သူတို့ ဆီးချိုဖြစ်နေမှန်းလည်း မသိကြဘူး။ ဒါကြောင့် သွေးစစ်ကြည့်ကြဖို့ပြောချင်ပါတယ်။အခုဆိုရင် ဈေးသက်သာတဲ့ သွေးချိုတိုင်းကိရိယာလေး တွေလည်းရှိတာကြောင့် ဖြစ်နိုင်ရင် မနက်မှာသွေး စစ်ကြည့်ကြပါလို့ အကြံပြုချင်ပါတယ်။

ဆီးချိုသွေးချိုရောဂါအမျိုးအစား (၂) မျိုး

– အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါ
ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ အဖြစ်များပါတယ်။ အရင်ကထက် အဖြစ်များလာတယ်။ ကလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အချိုရည်တွေကို အရမ်းသောက်တယ်။ နဂိုကတည်းက ကလေးတွေမှာ မုန့်ချိုအိတ်ထဲကနေ အင်ဆူလင်ထုတ်တာ နည်းတယ်။ အဲဒီအချိန်မှာ အစားအသောက်ပုံစံတွေ ပြောင်းလဲပြီး အဆင်သင့်အစာတွေ စားတာများလာတဲ့အတွက် ဆီးချိုရောဂါဖြစ်နှုန်း ပိုများလာတယ်။

– အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ
လူကြီးတွေမှာ အဖြစ်များပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန် များတဲ့သူတွေမှာ အဖြစ်များပါတယ်။ ပြီးတော့ ငြိမ်ပြီး လှုပ်ရှားမှုနည်းတဲ့သူတွေ၊ အချိုရည် အသောက်များတဲ့သူတွေ၊ ဝတဲ့သူတွေဟာ ဆီးချိုရောဂါ ဖြစ်နှုန်းများလာတယ်။ အသက် ၃၀-၄၀ အရွယ်တွေတောင် ဖြစ်နှုန်းများလာပါတယ်။

ဘယ်အသက်အရွယ်မဆို ကိုယ်အလေးချိန် ပေါင် ၂၀ဝ ကျော်သွားရင် ဆီးချိုသွေးချိုရောဂါဖြစ်နှုန်း အရမ်းများတယ်၊ နှလုံးရောဂါအမောဖောက်ခြင်း (Heart Attack) ဖြစ်နိုင်ခြေများတယ်။

၈၀ ရာခိုင်နှုန်းသော ဆီးချိုရောဂါဝေဒနာသည် တွေက နှစ် ၂၀မှာ ကျောက်ကပ် စပျက်တတ်တယ်။ ဒါကြောင့် ဆီးချိုရောဂါဖြစ်ရင် ကိုယ့်ကျောက်ကပ်ကို သနားပါလို့ပြောပါတယ်။ ဆီးချိုစဖြစ်တာနဲ့ အစားအသောက်ကို ထိန်းပါ၊ ဒါမှမဟုတ်ရင် ဆီးချိုအကြို ဝေဒနာဖြစ်ချိန်ကတည်းက ထိန်းသိမ်းပါလို့ အကြံပြုရပါတယ်။ အမေရိကန်နိုင်ငံမှာ အရင်တုန်းက အသက် ၃၀ မကျော်ရင် ဆီးချိုမစစ်ဘူး၊ သွေးတွင်း ကိုလက်စထရော မစစ်ဘူး။ အခုကျတော့ အသက် ၁၂ နှစ်ကနေ ၁၉နှစ် ကြားအရွယ်တွေကို ဆီးချိုစစ်တယ်၊ သွေးတွင်းကိုလက်စထရောစစ်ပါတယ်။ ဒီအရွယ်မှာ ကျန်းမာနေမှ နောင်တစ်ချိန်မှာ ကျန်းမာနေမှာလို့ ယူဆတယ်။

အဆင်သင့်အစာလို့ခေါ်တဲ့ အလွယ်စာတွေကို ဝယ်စားလို့ ငယ်တဲ့အရွယ်တွေမှာ ဆီးချိုတက်နေတတ်တယ်၊ ကိုလက်စထရောများနေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်ဖြစ်တဲ့ ဆီးချိုရောဂါက လည်း ကျွန်မအတွေ့အကြုံအရ အရင်က တစ်နှစ်လုံးနေမှ တစ်ယောက်-နှစ်ယောက်ပဲ တွေ့ရတယ်။ အခုတော့ တစ်လကို နှစ်ယောက်လောက် တွေ့နေရတယ်။ များသောအားဖြင့် ကိုယ်ဝန်ဆောင်ကာလ ၃၄ပတ်မှာ ဆီးချိုရောဂါ ဖြစ်တာများတယ်။ အဲဒီအခါ သွေးထဲက ဂလူးကို့စ်တွေက အချင်းကို ဖြတ်ပြီး က လေးဆီ ရောက်သွားတယ်။ အဲဒီအခါ ထွက်လာတဲ့ ကလေးက ရှစ်ပေါင်ကျော်- ၁၀ပေါင်ကျော် ဖြစ်နေ တတ်တယ်။ ဒီကလေး ကြီးလာရင် ဆီးချိုရောဂါ ဖြစ် နှုန်းက သူများထက် ပိုများနေပါတယ်။ ဒီလိုမဖြစ်စေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ နှစ်ယောက်စာ မစားရပါဘူး။ ခါတိုင်းထက် နှစ်ဇွန်းလောက်၊ နွားနို့ဆိုလည်း နှစ်ငုံလောက် ပိုသောက်ရင်ရပါပြီ။

ဆီးချိုသွေးချိုရောဂါထိန်းနည်း သုံးမျိုး

(၁) အစားအသောက်
အစားအသောက်နဲ့ ထိန်းရပါတယ်။ အစားအသောက်က သွေးထဲမှာရှိတဲ့ ဂလူးကို့စ်အဆင့်ကို အမြဲတမ်း ထိန်းပေးပါတယ်။

(၂) လေ့ကျင့်ခန်း
ဆီးချိုထိန်းရာမှာ ကိုယ်လက်လှုပ်ရှားမှုကလည်း အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် သွေးထဲမှာရှိတဲ့ ဂလူးကို့စ်အဆင့်ကို လျော့သွားစေပါတယ်။

(၃) ဆေးဝါးကုသမှု
စားဆေး၊ ထိုးဆေးတွေနဲ့ ထိန်းရပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို ပုံမှန်စားပြီး လေ့ကျင့်ခန်း မှန်မှန်လုပ်ရင်း ဆေးတွေကို ပုံမှန် မှီဝဲသွားမယ်ဆိုရင် ဆီးချို ထိန်းနိုင်ပြီး ကျောက်ကပ်မထိအောင် ကာကွယ်နိုင်မှာဖြစ်သလို သက်တမ်းစေ့ နေနိုင်မှာ ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top