Healthy Life Ad
Child

ကလေးဖြည့်စွက်စာကျွေးခြင်းနှင့်ပတ်သက်၍ အမေးအဖြေများ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

မေး ။ ကျွန်မသားလေးက ၁၀လပါ။ နေ့တိုင်း ဥနီနဲ့ ကြက်သားနဲ့ပြုတ်ပြီး ကြိုချက်လေးကျွေးနေတာပါ။ အဲဒါ ဘေးထွက်ဆိုးကျိုးများရှိလားရှင်။
ဖြေ ။ ဥနီသိပ်များရင် မကောင်းပါ။ အရေပြားအရောင် ပြောင်းနိုင်ပါတယ်။

မေး ။ သမီးက အမေနို့ကို ၆ လကတည်းက မစို့တော့ပါဘူး။ ဘယ်လိုတိုက်တိုက်မသောက်ဘဲ နို့မှုန့်ပဲသောက် ပါတယ်။ အမေက အာဟာရပြည့်ဝအောင် မစားရင်တောင် ဘယ်ရီဘယ်ရီဖြစ်တယ်ဆိုတော့ နို့မှုန့်ပဲ သောက်တဲ့ ကလေးက အာဟာရပြည့်ဝပါ့မလားရှင်။ အခု ၈လပါ။ သွားလည်း မပေါက်ဘူးဖြစ်နေလို့ဆရာမပြန်ဖြေပေးပါနော်။
ဖြေ ။ နို့မှုန့်အပြင် ဖြည့်စွက်စာကိုပါ ကျွေးသင့်ပါတယ်။

မေး ။ ညီမကလေးက ဘယ်လိုထမင်းမျိုးမှ ကျွေးလို့မရဘူး။ ၉လရှိပြီ။ အမေနို့တစ်ခုပဲ စို့တယ်။ အဲဒါတ ခြားအာဟာရ မပြည့်မှာလည်း ကြောက်လို့ ကလေးကတော့ ဝ၀ဖြိုးဖြိုးပါပဲ။ ဒီလိုအရွယ်မှာ အဲလိုနို့တစ်ခုပဲ စို့လို့ အဆင်ပြေနိုင်ပါ့မလားသိချင်ပါတယ်ရှင့်။
ဖြေ ။ ၉လအရွယ်မှာ မိခင်နို့တစ်ခုတည်း မလုံလောက်ပါဘူး။ ဖြည့်စွက်စာကို ရအောင်ကျွေးပါ။

မေး ။ သမီးလေးက ၉လထဲမှာ မွေးကတညိးက နိုဘူး တိုက်တာ။ သူက မအေနို့မစို့လိုပါ။ ဆန်နည်းနည်း အာလူး၊ မုန်လာဥ၊ ငါး၊ဝက်သား ရောပြီး ပြုတ်ကျွေးတယ်။ သမီးလေးက ဆန်ပြုတ်ကြိုက်တယ်။ ပြဿနာက ဝမ်းချုပ်တာပဲ သုံးလေးရက်မှ ဝမ်းသွားတာ ဝမ်းကတော်တော်ချုပ်တယ်၊ ပန်းသီးလည်း ကျွေးတယ်၊ သင်္ဘောသီးလည်းကျွေးတယ် ဆန်ပြုတ်ဖြတ်ပြီးရင် ဝမ်းကသွားတယ်။ ပုံမှန်ပေါ့ ဝမ်းမချုပ်အောင် အကြံလေးပေးပါဦးနော်။
ဖြေ ။ ဆန်ပြုတ်ကျွေးပြီး အသီးဖျော်ရည်တိုက်ပါ။ သကြားမထည့်ရပါဘူး။

မေး ။ သားလေးက အသက် ၁နှစ်ရှိပြီ။ နို့ပဲစို့တယ်။အမေနို့ကသိပ့်မထွက်လို့ တခြားနို့မှုန့် တိုက်ပါသေးတယ်။ မသောက်ဘူး။ အခု ပဲနို့ပဲ သောက်တယ်။ပဲနို့ တိုက်တာဆိုးကျိုးရှိရင် ပြောပြပေးပါ။
ဖြေ ။ ကလေး အသက်တစ်နှစ်ကျော်မှ ပဲနို့တိုက်ပါ။

မေး ။ ဆရာမကြီးရှင်။ သမီးက ခြောက်လကျော်တုန်းက ကြက်ဥပေါင်းပြီး ပြစ်ပြစ်ကျွေးတာ အနီစက်တွေ ထွက်ပါတယ်။ တစ်ကိုယ်လုံးပါပဲရှင်။ ကြက်ဥကဉာဏ်ကောင်းတယ်ဆိုလို့ ကျွေးချင်ပါတယ်။ ရ၊မရဖြေပေး ပါဦးရှင့်။
ဖြေ ။ အသက် နှစ်နှစ်အရွယ်မှာ ပြန်စမ်းပါ။ အဝါနှစ်အရင်စမ်းပြီးမှ အကာကို ပြန်စမ်းပါ။

ကြက်ဥတည့်မတည့် စမ်းနည်း
ကလေးကို ကြက်ဥမကျွေးခင် အရင်စမ်းပေးဖို့တော့ လိုပါတယ်။
ပထမရက်မှာ ကြက်ဥအကာချက်ထဲက အဝါနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ဆန်ပြုတ်ကျွေးပြီး နာရီဝက်အကြာမှာ ကျွေးရပါမယ်။ ပြီးရင် အနီစက်ထွက်၊ မထွက် ကြည့်ရပါမယ်။ မတည့်ရင် ကြက်ဥမကျွေးတော့ပါဘူး။ တည့်တယ်ဆိုရင်တော့ ဒုတိယရက်မှာ ထပ်စမ်းရပါမယ်။
ဒုတိယရက်မှာ ကြက်ဥအကာချက်ထဲက အကာ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ဆန်ပြုတ်ကျွေးပြီး နာရီဝက်အကြာမှာ ကျွေးရပါမယ်။ အနီကွက် ထွက်၊ မထွက် စောင့်ကြည့်ရပါမယ်။ တည့်ရင် တတိယရက်မှာ ထပ်စမ်းရပါမယ်။

တတိယရက်မှာ ကြက်ဥအကာချက်ကနေ အဝါနှစ်နဲ့ အကာ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ဆန်ပြုတ်ကျွေးပြီး နာရီဝက်အကြာမှာ ကျွေးရပါမယ်။
အနီကွက် ထွက်၊ မထွက် ကြည့်လိုက်လို့ မထွက်ဘူးဆိုရင် ဒါ ကြက်ဥနဲ့ လုံးဝ တည့်တယ်လို့ ဆိုရမှာပါ။ အဲဒီလိုဆိုရင် စတုတ္ထရက်မှာ ကျတော့ Cereal ထဲမှာ ကြက်ဥအကာချက်တစ်လုံးကို မနက်တစ်လုံး၊ ညတစ်လုံး ထည့်ကျွေးရပါမယ်။

မေး ။ ကြက်ဥအကာချက်ဆိုတာ ဘယ်အဆင့်ကို ပြောတာပါလဲ။ ရေနွေးဆူဆူထဲမှာ ဘယ်လောက်ပြုတ်ပေး ရမှာပါလဲ။ အကာပျော့ပျော့ အနှစ်အရည်အတိုင်း ရှိတဲ့အနေအထားကိုပြောတာပါလား။ တချို့က မကျက်ရင် ပိုးပါနိုင်တယ် ပြောကြလို့ပါ ဖြေပေးပါနော်။
ဖြေ ။ ရေကျက်ကျက်ဆူထဲမှာ ကြက်ဥကို ၃မိနစ်ထား ပြီးထုတ်ရင် အကာကျက်ရပါပြီ။

မေး ။ ၉လမှာ ကျွေးရမယ့်အသားဟင်းအရွက်ကြော် ကရော ပျော့နေရမှာလား၊ ဇွန်းနဲ့ ချေဖို့ လိုသေးလား။ထမင်းပျော့ပျော့ကရော အစိလိုက်ပဲ ကျွေးရမှာလား။ ဖြေပေးပါဦးရှင့်။
ဖြေ ။ အရွက်ပြဲပြဲကြော်ပြီး သေးသေးလေးတွေညှပ်ပါ။ အသားကတောက်တောက်စဉ်းပြီးပြဲအောင်ကျော်။ထမင်းပြဲကိုဇွန်းနဲ့ချေပါ။

မေး ။ ဖြည့်စွက်စာ တစ်ကြိမ်ကျွေးရင် ဘယ်လောက် ကျွေးရလဲရှင်။ သမီးလေးကသိပ်မစားလို့ပါ။ အသက် ၇လပါ။
ဖြေ ။ ဖြည့်စွက်စာ တစ်ကြိမ်ကျွေးရင် တရုတ်ပန်းကန်လုံး တစ်ဝက်ကျွေးရပါမယ်။

မေး ။ အိုဗာတင်းအဖြူတိုက်နေပါတယ်။ တိုက်လို့ရပါသလား။ အသက် ၇ လသားပါ။ ဖြေကြားပေးပါရှင်။
ဖြေ ။ မရသေးပါဘူး။ နှစ်နှစ်ကျော်မှ ကျွေးပါ။ အခု ကလေးနို့မှုန့် (infant formula) ကျွေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top