Healthy Life Ad
Life Style

အမှန်လေလား၊ အမှားလား ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများ (၁)

၊ ဒေါက်တာမြတ်ထွဋ်ညွန့် ၊

မြန်မာမှာသာမက ကမ္ဘာနှင့်အဝန်း ကျန်းမာရေးဆိုင်ရာ တလွဲယုံကြည်မှုတွေရှိကြသည်။ အမှန်တွေကို မှတ်သားထားသည်က ကိစ္စမရှိ။ မဟုတ်ကဟုတ်ကတွေကို လွဲမှားစွာယုံကြည်လက်ခံထားပါက ဘဝနှင့်ရင်းကာ အသက်ကိုပင် ပေးဆပ်လိုက်ရနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးဆိုင်ရာ ယုံကြည်မှုများနှင့်ပတ်သက်ပြီး အမှန်လေလား၊ အမှားလားဟူသည်ကို စာဖတ်သူတို့ တွေးဆဆင်ခြင်နိုင်ရန်ဖော်ပြပေးပါမည်။

ယခုတစ်ပတ်တွင် လိင်မှုကိစ္စနှင့် ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ယုံကြည်မှုများကို ဖော်ပြပေးပါမည်။

မြန်မာမှာသာမက ကမ္ဘာနှင့်အဝန်း ကျန်းမာရေးဆိုင်ရာ တလွဲယုံကြည်မှုတွေရှိကြသည်။ အမှန်တွေကို မှတ်သားထားသည်က ကိစ္စမရှိ။ မဟုတ်ကဟုတ်ကတွေကို လွဲမှားစွာယုံကြည်လက်ခံထားပါက ဘဝနှင့်ရင်းကာ အသက်ကိုပင် ပေးဆပ်လိုက်ရနိုင် . . .

ယုံကြည်မှု – ၁
‘အမျိုးသမီး၏ မိန်းမကိုယ်ထဲတွင် အရည်ထွက်ပြီး ဆုံးအောင်မဆက်ဆံပါက ကိုယ်ဝန်မရနိုင်ပါ’

အကြီးအကျယ်မှားသော ယုံကြည်မှုဖြစ်သည်။ အစကနဦးအချိန်မှာကတည်းက လိင်တံကထွက်သော အရည်များထဲတွင် သုက်ပိုးတွေပါနေနိုင်သည်။ သည်အခါမျိုးတွင် နောက်ဆုံးပြီးဆုံးသည်အထိ မနေသော်လည်း တစ်ကောင်တလေသော သုက်ပိုးများက အထဲတွင် ကူးခတ်ရှင်သန်ကာ မမျိုးဥနှင့်တွေ့လျှင် အူဝဲလေးဖြစ်လာနိုင်သည်။ နောက်ဆုံးအထဲတွင် သုက်ရည်မထွက်သော်လည်း အပြင်ဘက် ယောနိအဝနားတွင် သုက်ရည်များပေကျံကုန်သည်ဆိုလျှင်ပင် ကိုယ်ဝန်ရနိုင်ခြေရှိပါသည်။

ယုံကြည်မှု – ၂
‘ကိုယ်ဝန်မရနိုင်တဲ့ရက်မှာ စိတ်ချလက်ချ အတူနေနိုင်တယ်’

ကိုယ်ဝန်မရနိုင်သောကာလ (Safe Period) ကိုသိကြသော လူငယ်တို့သည် အင်မတန် လက်တည့်စမ်းချင်တတ်ကြသည်။ တကယ်တော့ ကိုယ်ဝန်ရနိုင်ခြေနည်းခြင်းကိုသာရည်ညွှန်းသည်။ ကလေးမလိုချင်၊ ရလာလည်းကံပေါ့ဟု လက်ခံထားကြသည့် အိမ်ထောင်ရှင်တွေအတွက်သာ သင့်လျော်သည့်နည်းဖြစ်သည်။ သည်နည်းက ရာသီလာရက်မှန်ပါမှ၊ မမျိုးဥကြွေတာမှန်ပါမှ စိတ်ချရသည်။ အများစုသော အမျိုးသမီးတွေက အတိအကျ မမျိုးဥကြွေတတ်ကြသည်မဟုတ်။ ထို့ကြောင့် စိတ်ချရသောကာလကို ယုံကြည်မိကြသူများ၏ ၁၃ ရာခိုင်နှုန်းအထိသည် ကိုယ်ဝန်ရသွားတတ်ကြသည်။ ထို့ကြောင့် ကိုယ်ဝန်မရနိုင်သောရက်ကို လက်ချိုးတွက်ပြီး စိတ်အေးလက်အေးအတူနေဖို့ အားမပေးပါ။ နောက်ပြီး သည်နည်းကလည်း လိင်မှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်းမရှိသည်ကို သိထားသင့်ပါသည်။

ယုံကြည်မှု – ၃
‘မတ်တပ်ရပ်သည့်ပုံစံဖြင့် အတူနေပါက ကလေးမရနိုင်’

မည်သည့်ပုံစံနှင့်ပင်ဖြစ်စေ အမျိုးသားထံမှ သုက်ပိုးနှင့် မမျိုးဥတွေ့လျှင် ကလေးရမည်သာဖြစ်သည်။ ထိုင်ထိုင်၊ ရပ်ရပ် ဘာမှမထူးခြားပါ။

ယုံကြည်မှု – ၄
‘လိင်ဆက်ဆံပြီး ခုန်ပေါက်လိုက်ခြင်းဖြင့် ကလေးမရနိုင်ပါ’

ခါချရုံနှင့် သုက်ပိုးများက အပြင်ထွက်ကျသွားမည်မဟုတ်။ ထို့ကြောင့် ခုန်ပေါက်ပြေးလွှားကြိုက်သလိုလုပ်၊ ဘာမှထူးမည်မဟုတ်ပါ။

ယုံကြည်မှု – ၅
‘အမျိုးသမီးဘက်မှ ကျေနပ်သာယာမှုမရှိလျှင် ကလေးမရနိုင်ပါ’

အမျိုးသမီးအနေဖြင့် ကျေနပ်မှုရရ၊ မရရ ကိုယ်ဝန်ရနိုင်ခြေ အတူတူပင်ဖြစ်သည်။

ယုံကြည်မှု – ၆
‘ရေထဲတွင် လိင်ဆက်ဆံခြင်းဖြင့် ကလေးမရနိုင်ပါ’

ရေသည်နွေးနေသည်၊ ဆပ်ပြာရည်ကဲ့သို့သော အယ်ကာလီဆန်သည်ဆိုပါက သုက်ပိုးရှင်သန်မှုကိုပင် ပိုစေပါသည်။ ထိုသို့သောရေထဲတွင် သုက်ပိုးက ပြင်ပမှာထက်ကြာကြာပိုအသက်ရှည်ပြီး ကလေးရနိုင်ခြေပင် ပိုနိုင်ဖွယ်ရှိပါသည်။

ယုံကြည်မှု – ၇
‘ရာသီလာနေစဉ် ဆက်ဆံပါက ကလေးမရနိုင်’

အများအားဖြင့် ရာသီလာချိန်တွင် ကိုယ်ဝန်ရနိုင်ခြေနည်းသော်လည်း လုံးဝစိတ်ချရသည်မဟုတ်ပါ။ သုက်ပိုးသည် အခြေအနေပေးလျှင် တစ်ပတ်ခန့်အထိ အသက်ရှင်နိုင်၊ ကလေးရစေနိုင်သေးကြောင်း သိစေလိုပါသည်။

ယုံကြည်မှု – ၈
‘လိင်ဆက်ဆံပြီးပါက မိန်းမကိုယ်အတွင်းပိုင်းကို သေချာစွာဆေးကြောလျှင် ကလေးမရပါ’

မမှန်ပါ။ မည်မျှပင် ဆေးကြောပါစေ။ အလွန်သေးငယ်သော သုက်ပိုးတစ်ကောင်တလေကသည်ပင် ကလေးရစေနိုင်ပါသည်။ ထို့ပြင် အတွင်းပိုင်းထိ ဆေးကြောခြင်းကြောင့် မိန်းမကိုယ်ရှိ သဘာဝဆဲလ်များ ပျက်စီးကာ ရောဂါရလွယ်စေပါသည်။

ယုံကြည်မှု – ၉
‘ပါးစပ်ဖြင့် ဆက်ဆံခြင်းသည် အိပ်ချ်အိုင်ဗီပိုး မကူးစက်နိုင်ပါ’

ခန္ဓာကိုယ်မှ ထွက်သည့်အရည်တိုင်းတွင် ရောဂါပိုးပါဝင်နိုင်သည်။ ပါးစပ်အချွဲမြှေးတွင် ဒဏ်ရာရှိပါက လွယ်လင့်တကူ ကူးစက်နိုင်သည်။

ယုံကြည်မှု – ၁၀
‘စအိုဝဖြင့် ဆက်ဆံခြင်းသည် ရောဂါပိုးကူးစက်မှု နည်းစေသည်’

ပြောင်းပြန်ဖြစ်သည်။ စအိုဝသည် ရောဂါပိုးပေါင်းစုံရှိသည့်အပြင် အချွဲမထွက်နိုင်သည့်အတွက် ကွဲဖို့၊ ဒဏ်ရာဖြစ်စေဖို့ ပိုများသည်။ ထို့ကြောင့် ရောဂါရနိုင်ခြေပိုများသည်။

ယုံကြည်မှု ၁၁
‘အမျိုးသားတန်ဆာထိပ် အရေပြားဖြတ်ခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက်သောရောဂါများကို ကာကွယ်နိုင်သည်’

အတိုင်းအတာတစ်ခုအထိမှန်သည်။ တချို့သော လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါများကို တန်ဆာထိပ်အရေပြားဖြတ်ထားပါက အထိုက်အလျောက်ကာကွယ်ပေးသည်။ သို့သော် ရာနှုန်းပြည့် မဟုတ်သည်ကို သိထားသင့်သည်။

ယုံကြည်မှု-၁၂
‘ကွန်ဒုံးမရှိပါက ပလတ်စတစ်အိတ်ဖြစ်စေ၊ ပူဖောင်းကိုဖြစ်စေသုံးနိုင်သည်’

မမှန်ပါ။ ကွန်ဒုံးသည် လိင်ဆက်ဆံသည့်အခါ ကိုယ်ဝန်မရနိုင်ရုံသာမက ကူးစက်ရောဂါများ မကူးစက်နိုင်အောင်ပါ ဟန့်တားပေးထားနိုင်ပါသည်။ ပလတ်စတစ်၊ ပူဖောင်းများသည် အတိအကျစွပ်နေခြင်းမျိုး မရှိသည့်အတွက် မည်သည့်အာမခံချက်ကိုမှမပေးနိုင်ပါ။

ယုံကြည်မှု – ၁၃
‘လိင်ဆက်ဆံပြီး ဆီးသွားလိုက်ခြင်းဖြင့် ကလေးမရနိုင်ပါ’

လိင်ဆက်ဆံပြီး ဆီးသွားခြင်းဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း (လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ မဟုတ်ပါ)ကို အထိုက်အလျောက် ကာကွယ်ပေးသည်။ သို့သော် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများနှင့် ကိုယ်ဝန်ရမှုတို့ကို တားဆီးပေးနိုင်ခြင်းမရှိပါ။

ယုံကြည်မှု – ၁၄
‘တားဆေးကတ်ပါဆေးကို စသောက်ပြီးသည်နှင့် စိတ်ချရသည်’

နှစ်ဆယ့်ရှစ်လုံးပါ တားဆေးကတ်သည် ထိရောက်သော သန္ဓေတားနည်းဖြစ်သော်လည်း စသောက်ပြီးသည်နှင့် ဆေးအာနိသင်ရဖို့ ၇ ရက်ခန့် စောင့်ရပါသည်။ ဆေးသောက်ပြီးသည်နှင့် ချက်ချင်းအာနိသင်မရပါ။

ယုံကြည်မှု – ၁၅
‘အရေးပေါ်တားဆေးသောက်ပြီးလျှင် အတူတူနေလည်း ကလေးမရပါ’

အရေးပေါ်တားဆေးသည် ပုံမှန်သန္ဓေတားနည်းမဟုတ်ပါ။ အကာအကွယ်မသုံးမိဘဲ လိင်ဆက်ဆံမိသည့်အခါ သို့မဟုတ် ကွန်ဒုံးပေါက်ပြဲသွားသည့်အခါတွင် အရေးပေါ်အခြေအနေအဖြစ် အရဲစွန့်သုံးရသည့်ဆေးဖြစ်ပါသည်။ အရေးပေါ်တားဆေးသောက်ပြီး အတူနေခြင်း၊ အကြိမ်ကြိမ်အတူနေခြင်းများသည် စိတ်ချရမှုမရှိပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top