Healthy Life Ad
Health Tips

ကျန်းမာရေးထိခိုက်နိုင်သည့် နေ့စဉ်အမူအကျင့်များ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကျန်းမာရေးထိခိုက်စေတဲ့ အမူအကျင့်တွေကို စွန့်လွှတ်ဖို့ခက်ပါတယ်။ ပိုခက်တာက ကိုယ်လုပ်နေကျအကျင့်တွေက ကျန်းမာရေးထိခိုက်စေသလားဆိုတာကို မသိတာပါပဲ။ ဒါကြောင့် အကောင်းထက်အဆိုးကိုဖြစ်စေနိုင်တဲ့ အမူအကျင့်တွေကို မျှဝေလိုက်ပါတယ်။

(၁) နှာချေချင်စိတ်ကို ဟန့်တားခြင်း

နှာချေချင်တဲ့အခါ ပါးစပ်ပိတ်ပြီး နှာခေါင်းကို အားနဲ့ဖိလိုက်ရင် နှာခေါင်းတွင်းဖိအား သိသိသာသာမြင့်တက်လာပါတယ်။ အဲဒီအခါ ဦးနှောက်ဆီကို သွေးစီးဆင်းရောက်ရှိမှု အဟန့်အတားဖြစ်ပြီး သွေးကြောတွေနဲ့ နာ့ဗ်ကြောတစ်သျှူးတွေကို ဖိထားသလိုဖြစ်သွားပါတော့တယ်။ ဒီအခြေအနေက ခေါင်းကိုက်တာ၊ သွေးကြောထိခိုက်တာနဲ့ အကြားအာရုံထိခိုက်တာတို့ကိုတောင် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နှာချေချင်ချေလိုက်ပါ။ နှာချေချင်စိတ်ကို မဟန့်တားပါနဲ့။

(၂) ရေမွှေးဆွတ်ခြင်း

ရေမွှေးအနံ့ပြင်းဖို့အတွက် ဓာတုပစ္စည်းတွေကို မကြာခဏအသုံးပြုရပါတယ်။ ဒီပစ္စည်းတွေက ခေါင်းကိုက်တာ၊ မူးဝေတာနဲ့ ပျို့ချင်အန်ချင်တာတို့ကို ဖြစ်စေနိုင်ပါတယ်။ အခန့်မသင့်ရင် မျက်စိ၊ လည်ချောင်းနဲ့ အရေပြားကိုလည်း စပ်ဖျဉ်းဖျဉ်းဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် ရေမွှေးဆွတ်ချင်ရင် လေဝင်လေထွက်ကောင်းတဲ့ အခန်းထဲမှာဆွတ်ပါ ဒါမှမဟုတ် သဘာဝအဆီကိုဆွတ်ပါ။

(၃) ပလတ်စတစ်ခွက်ထဲ ဟင်းလျာများထည့်သိမ်းခြင်း

ပလတ်စတစ်ခွက်တွေ ပျော့ပျောင်းစေဖို့နဲ့ ကြာရှည်ခံစေဖို့ သားလိတ်၊ Bisphenol တို့လို ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတတ်ပါတယ်။ ဒါပေမဲ့ ဒီပလတ်စတစ်ခွက်တွေထဲ ဟင်းလျာတွေထည့်ပြီး ကြာကြာသိမ်းဆည်းအသုံးပြုရင် ကိုယ်တွင်းဟော်မုန်းစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ဖန်၊ စတီးနဲ့ ကြွေထည်တွေနဲ့ပြုလုပ်ထားတဲ့ အသုံးအဆောင်တွေထဲ အစာကိုထည့်သိမ်းတာက ပိုကောင်းပါတယ်။

(၄) အစာစားပြီး ချက်ချင်းသွားတိုက်ခြင်း

အစာစားပြီး အနည်းဆုံး မိနစ် ၃၀ အကြာမှာ သွားတိုက်ဖို့ သွားဆရာဝန်တွေက အကြံပြုထားပါတယ်။ ဖြစ်နိုင်ရင် အစာစားပြီး တစ်နာရီအကြာမှာ သွားတိုက်တာ ပိုကောင်းပါတယ်။ အက်ဆစ်ပါဝင်မှုများလွန်းတဲ့ အစားအသောက်တွေကိုစားရင် သွားကြွေလွှာကိုထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ သွားတိုက်လေလေ၊ အက်ဆစ်တွေက သွားနှစ်လွှာထဲ စိမ့်ဝင်လေဖြစ်ပြီး သွားကျဉ်စေနိုင်သလို သွားကြွေလွှာကို ထိခိုက်စေနိုင်ပါတယ်။

(၅) ဘက်တီးရီးယားတားဆပ်ပြာကို မကြာခဏအသုံးပြုခြင်း

အရေပြားမျက်နှာပြင်ပေါ်မှာ ဘက်တီးရီးယားများများရှိတာက ခန္ဓာကိုယ်ကို အကာအကွယ်ပေးနိုင်ပါတယ်။ ဘက်တီးရီးယားတား ဆပ်ပြာတွေကို အရေပြားခြစ်ရာ၊ ကုတ်ရာတွေရှိမှသာ သုံးသင့်တယ်လို့ အရေပြားအထူးကု ဆရာဝန်တွေကအကြံပြုထားပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ်ထက် ပိုပြီးမသုံးပါနဲ့။

(၆) ကျပ်လွန်းသော ဂျင်းဘောင်းဘီများဝတ်ခြင်း

ဂျင်းဘောင်းဘီကျပ်ကျပ်ဝတ်တာက ဖက်ရှင်ကျတယ်ဆိုပေမယ့် အရေပြားနဲ့ နာ့ဗ်အစွန်အဖျားတွေကို အဆက်မပြတ်ဖိထားရာရောက်ပြီး မသက်မသာဝေဒနာ ခံစားရတတ်ပါတယ်။ ခြေထောက်ဆီ လေလှည့်ပတ်မှုလျော့ကျကာ ယားယံတာနဲ့ ထုံကျဉ်တာတွေဖြစ်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top