Healthy Life Ad
Life Style

ညဘက် ချွေးထွက်များရသည့် အကြောင်းရင်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အရင်တုန်းကနဲ့မတူဘဲ ညဘက်မှာ ချွေးထွက်များနေပါသလား။ အောက်ပါအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
(၁) သွေးဆုံးခြင်း
သွေးဆုံးချိန်မှာ ညဘက် ပူစပ်ပူလောင် ဝေဒနာဖြစ်ပြီး ချွေးထွက်များတတ်ပါတယ်။ သွေးဆုံးအကြိုကာလမှာ အမျိုးသမီးတွေဟာ ညဉ့်လယ်မှာ ချွေးထွက်များပြီး လန့်နိုးလာတတ်ပါတယ်။

(၂) ဆေးဝါးမှီဝဲခြင်း
တချို့ဆေးဝါးတွေက ညဘက်မှာချွေးထွက်ရင်း လန့်နိုးလာစေနိုင်ပါတယ်။ အထူးသဖြင့် စိတ်ကျရောဂါကုသဆေး၊ စိတ်ဝေဒနာကုသဆေးနဲ့ အက်စ်ပရင်လိုဆေးတွေက ညဘက် ချွေးထွက်များစေနိုင်ပါတယ်။

(၃) ကင်ဆာရောဂါ
ညဘက်ချွေးထွက်များတာက ပြန်ရည်ကျိတ်မှာဖြစ်ပေါ်တဲ့ ကင်ဆာရောဂါ (Lymphoma)ရဲ့ အစောပိုင်းလက္ခဏာ ဖြစ်နိုင်ပါတယ်။ ကင်ဆာကြောင့် ညဘက်ချွေးထွက်တယ်ဆိုရင် ကိုယ်အလေးချိန်ကျတာနဲ့ နာတာရှည်ဖျားတာတို့ တွဲဖက်ခံစားရတတ်ပါတယ်။

(၄) ကူးစက်ပိုးဝင်ခြင်း
တီဘီရောဂါပိုး၊ နှလုံးအဆို့ရှင် ရောင်ရမ်းစေတဲ့ပိုး၊ အရိုးရောင်ရမ်းစေတဲ့ ပိုးစတဲ့ ကူးစက်ပိုးတွေက ညဘက် ချွေးထွက်စေနိုင်ပါတယ်။ HIV ပိုးကလည်း ညဘက်ချွေးထွက်စေနိုင်ပါတယ်။

(၅) ပူပင်သောကများခြင်း
စိတ်ဖိစီးမှုများတာနဲ့ ပူပင်သောကများတာတွေကလည်း ညဘက်မှာ ချွေးထွက်စေနိုင်ပါတယ်။ ပူပင်စိတ်များတဲ့အခါ တစ်ကိုယ်လုံး တောင့်တင်းနေတာ၊ အိပ်မပျော်နိုင်တာတို့ ဖြစ်တတ်ပါသေးတယ်။

(၆) အိပ်စက်မှုဝေဒနာများ
အိပ်ရေးပျက်တဲ့ ဝေဒနာတွေကြောင့် ညဘက်ချွေးထွက်စေနိုင်ပါတယ်။ ညဘက်အိပ်ရေးပျက်တဲ့ ဝေဒနာဖြစ်နေရင် နေ့ခင်းဘက် အိပ်ငိုက်တတ်ပါတယ်။

(၇) သွေးတွင်း သကြားဓာတ်ကျဆင်းခြင်း
သွေးတွင်း သကြားဓာတ်လျော့နည်းတာကြောင့် ချွေးထွက်စေနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေဟာ ညဘက်မှာ သွေးတွင်း သကြားဓာတ်လျော့ကျတာကြောင့် ချွေးထွက်များတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top