Healthy Life Ad
Health Tips

ကင်ဆာတား အာဟာရဓာတ်များ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

မျှတတဲ့ အာဟာရ (Balance Diet) ကို စားပေးရပါမယ်။ ဆီကို လုံးဝဖြတ်ဖို့မလိုပါဘူး။ အဓိက ပြည့်ဝဆီကိုပဲ လျှော့ရပါမယ်။ မပြည့်ဝဆီကို စားရပါမယ်။ သစ်သီးဝလံတွေက ကင်ဆာဖြစ်နှုန်းကို လျော့ကျစေပါတယ်။ ဟင်းသီးဟင်းရွက်တွေက ကင်ဆာဖြစ်နှုန်းကို လျော့ကျစေပါတယ်။ အချိုရည်တွေကိုရှောင်ရပါမယ်။ ပြုပြင်ထားတဲ့ အစာတွေကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။ ဝတာကို ထိန်းရပါမယ်။ ဝရင်ကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။

ဗီတာမင်နှင့် သတ္တုဓာတ်များ
ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကင်ဆာရောဂါကို ဟန့်တားပေးပါတယ်။ မတူညီတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေမှာ မတူညီတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်း ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံကိုအများကြီး စားသင့်ပါတယ်။
အူနဲ့ အူလမ်းကြောင်း ကင်ဆာတွေဖြစ်တဲ့အခါ အရွက်တွေကို စားလိုက်ရင် အူထဲမှာ ဗျူတာရစ်ဆိုတဲ့ ဓာတ်ကို ထုတ်ပေးပါတယ်။ အဲဒီဓာတ်က အူမကြီးထဲက ဆဲလ်တွေကို ပုံမှန်ဖြစ်အောင် လုပ်ပေးပါတယ်။ ပြီးတော့ အူနံရံနဲ့ ကင်ဆာဆဲလ်တွေ့တဲ့ အချိန်က နည်းသွားပါတယ်။ လွယ်လွယ်ပြောရရင် အသီးအရွက်စားရင် ဝမ်းမှန်မှန်သွားပါတယ်။

ဗီတာမင်စီနှင့် ဗီတာမင်အီး
ဗီတာမင်စီပါတဲ့ လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ ဗီတာမင်အီးပါတဲ့ အခွံမာအစေ့အဆန် စတာတွေမှာ အင်တီအောက်ဆီးဒင့် ပါဝင်တဲ့အတွက် အောက်ဆီဒေးရှင်း (Oxidation) မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အောက်ဆီဒေးရှင်း ဖြစ်ရင် ဒီအင်န်အေထိခိုက်တာ ပိုမြန်ပါတယ်။ ပြီးတော့ ပရိုတင်းတွေ ထိခိုက်တာလည်း ပိုမြန်ပါတယ်။ အဲဒီလိုဖြစ်တာက အစာအိမ်ကင်ဆာနဲ့ ဆက်စပ်နေပါတယ်။
အစာအိမ်နာရင် အရင်က အချဉ်နည်းနည်းတောင် မစားခိုင်းတာတို့၊ သံပရာရည်မသောက်ရတာတို့ ရှိခဲ့ပါတယ်။ ဒါတွေက မှားနေတဲ့ အယူအဆတွေပါ။ တကယ်က ဗီတာမင်စီပါတဲ့ အစားအသောက်တွေစားပေးရင် အစာအိမ်ကင်ဆာမဖြစ်အောင် အများကြီး ကာကွယ်နိုင်သွားပါတယ်။

ဖောလိတ်ဓာတ်
ဖောလိတ်ဓာတ်ကို ကိုယ်ဝန်ဆောင်စဉ်မှာ အဓိက မှီဝဲကြပါတယ်။ ဖောလိတ်ဓာတ်ကလည်း ကင် ဆာရောဂါကာကွယ်ဖို့ ထိရောက်ပါတယ်။ ဖောလိတ်ဓာတ်ပါဝင်မှုများတဲ့ အုတ်ဂျုံကွေကာ (Cereal)၊ သံ လွင်ဆီ၊ ကြက်ဥတွေ စားသင့်ပါတယ်။
ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကလည်း ကင်ဆာကို ကာကွယ်ပေးပါတယ်။

ကယ်လ်စီယမ်
ကယ်လ်စီယမ်က နွားနို့မှာ အများဆုံး ပါဝင်ပါတယ်။ တချို့ဟင်းသီးဟင်းရွက်တွေမှာလည်း ပါဝင်ပါတယ်။ ဒါတွေစားသောက်ရင် အူမကြီးကင်ဆာဖြစ်နှုန်း လျော့ကျစေပါတယ်။ အရင်တုန်းက ကလေးတွေ အရပ်ရှည်ဖို့နဲ့ လူကြီးတွေ အရိုးပွရောဂါမဖြစ်ဖို့ ကယ်လ်စီယမ်ကို အသုံးပြုခဲ့ပေမယ့် အခုနောက်ပိုင်း လေ့လာမှုအရ ကယ်လ်စီယမ်က အူနဲ့အူလမ်းကြောင်းမှာရှိတဲ့ ကင်ဆာဖြစ်နှုန်းကို လျော့ကျစေတယ်လို့ သိလာရပါတယ်။

ဗီတာမင်ဒီ
ဗီတာမင်ဒီက တိရစ္ဆာန်ထွက်အစာ၊ အထူးသဖြင့် ငါးသေးသေးလေးတွေစားရင် ရနိုင်ပါတယ်။ မနက်စောစောထွက်တဲ့ နေရောင်ခြည်ထိတွေ့လိုက်ရင် အရေပြားက ဗီတာမင်ဒီ ထုတ်ပေးပါတယ်။ ဗီတာမင်ဒီရှိမှ ကယ်လ်ဆီယမ်က အရိုးထဲ ရောက်တဲ့အတွက် အရပ်မြင့်တယ်လို့ အရင်က သိခဲ့ကြပါတယ်။ အခုနောက်ပိုင်း သိလာတာက ဗီတာမင်ဒီက အူမကြီး ကင်ဆာဖြစ်နှုန်းကို လျော့ကျစေတယ်ဆိုတာပါပဲ။

ကင်ဆာဖြစ်နေလျှင် . . .
ကင်ဆာရောဂါဖြစ်နေရင် ထမင်း၊ အသား၊ ငါး၊ အသီးအရွက်စသဖြင့် စုံလင်အောင် စားပေးရပါမယ်။ လုံးဝမစားနိုင်တဲ့အခြေအနေကျမှနှာခေါင်းပိုက်ထည့်ပါတယ်။ တစ်ရက်ကို ၃၀ဝ၀-၃၅၀ဝ ကယ်လိုရီပြည့်အောင် ကျွေးပါတယ်။ အစာအိမ်က အလုပ်မလုပ်မှ Total Parenteral Nutrition (TPN) သွင်းပေးပါတယ်။ ဘာမှ စိတ်အားငယ်စရာ မလိုပါဘူး။

အားဆေးသောက်မည်ဆိုလျှင် . . .
အားဆေးကို ညဘက်သောက်တာ အကောင်းဆုံးပါ။ ညစာစားပြီး အားဆေးသောက်လိုက်ရင် အားဆေးထဲမှာပါတဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေက တစ်ခါတည်းစုပ်ယူပြီးသားဖြစ်သွားတဲ့အတွက် ညဘက်အစာစားပြီး အားဆေးသောက်တာ အကောင်းဆုံးဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top