Healthy Life Ad
Life Style

လူနာနှင့် လူနာရှင်တို့၏ အစားအသောက်ဆိုင်ရာအယူအဆမှားများ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

ဆေးရုံ၊ ဆေးခန်းတွေမှာ လူနာတွေဟာ အစားအသောက်နဲ့ ပတ်သက်ပြီး အယူအဆမှားတွေ ရှိနေ တာကိုတွေ့ရပါတယ်။

အယူအဆမှား (၁) အသားစားရင် သန်ထတယ်
ဒါက မဟုတ်ပါဘူး။ အသားစားရင် ပရိုတင်းဓာတ်ကို ရရှိစေပါတယ်။

အယူအဆမှား (၂) ကလေးတွေကို ဘဲဥကျွေးရင် သန်ထတယ်
ဒါကလည်းမဟုတ်ပါဘူး။ ကလေးတွေကို ဥအမျိုးမျိုးကျွေးတာကြောင့် အားပြည့်ပြီး ကျန်းမာစေပါတယ်။ ပရိုတင်းဓာတ်ကိုရရှိစေဖို့ ကြီးထွားဖွံ့ဖြိုးဆဲအရွယ်အတွက် အထူးသင့်တော်ပါတယ်။

အယူအဆမှား (၃) ခွဲစိတ်ပြီးချိန်မှာ အနာရင်းမှာ စိုးလို့အသားမကျွေးဘူး
ဒါက မှားနေတဲ့ အယူအဆပါ။ လူနာတွေဟာ ခွဲစိတ်ပြီးချိန် အသားစားရမှာ တော်တော်ကြောက်ကြပါတယ်။ အသားစားရင် အနာရင်းတယ်၊ အနာပွတယ်ဆိုပြီး လူနာတွေက တလွဲထင်နေကြပါတယ်။ခွဲစိတ်ပြီးစ ကလေးအမေတွေဆိုရင် ငါးခြောက်ဖုတ်၊ ဟင်းခါးနဲ့ ဆန်ပြုတ်အရည်ကျဲကျဲ စတာတွေကိုသာ စားနေရပါတယ်။ တကယ်တော့ ငါးခြောက်ဖုတ်မှာ ယမ်းစိမ်းတွေပါလို့ ကလေးအမေတွေကို မကျွေးသင့်ပါဘူး။ ခွဲစိတ်ပြီးချိန်မှာ အာဟာရပြည့်ဝဖို့ လိုအပ်ပါတယ်။
ခွဲပြီးချိန်မှာ အသားစားသင့်ပါတယ်။ အသားဓာတ်က ခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိပါတယ်။ အသားမှာပါတဲ့ အမိုင်နိုအက်စစ်က ခွဲစိတ်ထားတဲ့ အနာကို မြန်မြန်ကျက်စေပါတယ်။ မြန်မြန် အသား တက်စေပါတယ်။ အသားဓာတ်ပြည့်ဝနေရင် ခွဲပြီး ရောဂါပိုးဝင်တာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ လူကို အားအင်ပြည့်ဝစေပါတယ်။ အသားကို ပြုတ်ပြီးဖြစ်စေ၊ ကြိတ်ပြီးဖြစ်စေကျွေးလို့ရပါတယ်။ အထူးသဖြင့် ကြက်သား၊ ဆိတ်သား စသဖြင့် ကျွေးလို့ရပါတယ်။

အယူအဆမှား (၄) ခွဲစိတ်ပြီး အသားစားရင် အနာ အသားလုံးတက်တတ်တယ်
ဓားဒဏ်ရာ၊ ခွဲစိတ်ဒဏ်ရာရှိနေတုန်း အသား၊ အထူးသဖြင့် ကြက်သားစားရင် အသားလုံး တက်တတ်တယ်လို့ လူတွေ အထင်မှားနေကြတယ်။ တကယ်တော့ ဒါက Keloid Tendency ကြောင့် ဖြစ်တာပါ။ အစကတည်းက ကီးလွိုက်ဖြစ်ဖို့ရှိလို့ ခွဲထားတဲ့ နေရာမှာ ဗြုတ်လေးတွေ ထလာတာ ဖြစ်ပါတယ်။ အသား စားစား၊ မစားစား ဒီလို Keloid Tendency ပါရင် ဖြစ်မှာပဲ။ ဘယ်သူ့မှာ Keloid Tendency ပါ လာသလဲ၊ မပါဘူးလဲဆိုတာက ကြိုပြီး မသိနိုင်ဘူး။ ခွဲပြီးချိန်မှာ ကြက်စွပ်ပြုတ်တို့လို စွပ်ပြုတ်တွေက သောက်ကို သောက်သင့်ပါတယ်။

အယူအဆမှား (၅) သကြားစားရင် ကင်ဆာဖြစ် တတ်တယ်
တကယ်က ကင်ဆာမဖြစ်ခင်မှာသကြားတွေကို နေ့တိုင်းအများကြီး အလွန်အကျွံစားသွားရင် ဆဲလ်တွေက ပြောင်းလဲသွားပြီး ကင်ဆာဖြစ်တတ်တာပါ။ သကြားစားလို့ ကင်ဆာဖြစ်တာ မဟုတ်ပါဘူး။ သကြားများများစားတဲ့သူက ဆီးချိုရောဂါဖြစ်တတ်တယ်။ ဒီကနေ ကင်ဆာဖြစ်တတ်ပါတယ်။ ဘာစား စားအချိုကဲတာကိုစားရင်၊ ဘာပဲသောက်သောက် ချိုလွန်းတဲ့အရည်ကိုသောက်ရင်ဆဲလ်တွေကနောင်တစ် ချိန်မှာ ပြောင်းသွားပြီးတော့ ကင်ဆာဖြစ်စေတာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top