Healthy Life Ad
Life Style

သင့်မျက်လုံးက သင့်ကျန်းမာရေးအခြေအနေကို ပြောပြနေပါတယ် . . .

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မျက်လုံးဆိုတာ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ မျက်လုံးမှာ ထိခိုက်မှုတစ်စုံတစ်ရာရှိ နေရင် ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတစ်ခုခု ဖြစ်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မျက်လုံးဆိုတာ စိတ်ရဲ့ ပြတင်းပေါက်လို့ တင်စားပြောဆိုကြရာ အခုအခါမှာတော့ မျက်လုံးဟာ သင့်ကိုယ်ခန္ဓာ ကျန်းမာရေးကို လှစ်ဟဖော်ပြပေးနေတဲ့ တံခါးတစ်ချပ်လို့ ဆိုရမလို ဖြစ်နေပါတယ်။ ဒါကြောင့် မျက်စိရဲ့ပြောင်းလဲမှုတွေကိုကြည့်ပြီး သင့်ကျန်းမာရေးအခြေအနေကို လေ့လာကြည့်နိုင်ဖို့ ရေး သားလိုက်ရပါတယ်။

– မျက်ခမ်းအရောင်ဖျော့နေလျှင်
မျက်ခမ်းကို လှန်ကြည့်လိုက်လို့ မျက်ခမ်းရှိ မျက်မြှေးအရောင်က ဖျော့နေရင် သွေးအားနည်းနေတာ ဖြစ်နိုင်ပါတယ်။ သွေးအားနည်းနေရင် သွေးကြောတွေမှာ သွေးစီးဆင်းမှုက နည်းနေတတ်တဲ့အတွက် မျက်ခမ်းအရောင်က ဖျော့နေတတ်ပါတယ်။

သွေးနီဥဆဲလ်တွေ ပုံပျက်တာကို ဖြစ်စေတဲ့ မျိုးဗီဇဆိုင်ရာ သွေးအားနည်း ရောဂါတစ်မျိုး (Sickle Cell Anaemia) ရှိရင်လည်း မျက်စိမှာ သွေးအားနည်းတဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။

မျက်ဖြူလွှာ ရောင်ရမ်းမှုနှင့် မျက် ကြည်လွှာရောင်ရမ်းမှု ဖြစ်နေလျှင်
သင့်မှာ တွယ်ဆက်တစ်သျှူးထိခိုက်မှုဆိုင်ရာ ရောဂါဝေဒနာ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။တွယ် ဆက်တစ်သျှူးထိခိုက်မှု (Connective Tissue Disorder) ဆိုတာ ရူမတွိုက်လေးဖက်နာ၊ အဆစ်အမျက်ကိုက်တာစတဲ့ ရောဂါတွေပါဝင်တဲ့ အခြေအနေပါ။ မျက်လုံးကိုအုပ်ထားတဲ့ မျက်ဖြူလွှာနဲ့ မျက်ကြည်လွှာတို့က ကော်လာဂျင်တစ်သျှူးတွေနဲ့ တည်ဆောက်ထားတာကြောင့် မျက်ဖြူလွှာရောင် တာနဲ့ မျက်ကြည်လွှာရောင်တာတို့ဖြစ်ရင် ခန္ဓာကိုယ်မှာ အဆစ်ရောင်နာနဲ့ လေးဖက်နာရောဂါတွေ ရှိနေနိုင်ပါတယ်။

– မျက်စိအာရုံခံလွှာ ရောင်ရမ်းနေလျှင်
သင့်မှာ ဆီးချိုသွေးချိုရောဂါရှိနေနိုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါကြောင့် မျက်စိနဲ့ကျောက်ကပ်ရှိ သွေးကြောတွေမှာ သက်ရောက်မှုရှိလို့ပါ။ ဒါကြောင့် မျက်လုံးမှာရှိတဲ့ မျက်စိ အာရုံခံလွှာမှာ ရောင်ရမ်းမှုဖြစ်ရင် ဆီးချိုရောဂါရှိ၊ မရှိ စစ်ဆေးကြည့်သင့်နေပါပြီ။

– မျက်မြှေးဝါနေလျှင်
မျက်လုံးရဲ့ မျက်မြှေး(Conjunctiva)က ဝါ နေရင် သင့်မှာ အသားဝါရောဂါ(Jaundice)ရှိနေ တာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

– မျက်စိသွေးကြောများ ထိခိုက်နေလျှင်
ဒါဆိုရင် သွေးနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာ (Haematological Disorder) တွေကြောင့်လည်း မျက်စိမှာ ထိခိုက်မှုရှိနိုင်ပါတယ်။ လူကေးမီးယား ရောဂါကြောင့် မျက်စိအာရုံခံလွှာမှာ ထိခိုက်မှု ဖြစ်နိုင်ပါတယ်။

သွေးကြောမှာ သွေးခဲတဲ့ အခြေအနေတွေရှိပါတယ်။ သွေးခဲမှုဆိုင်ရာ ပုံမမှန်အခြေအနေ- ဥပမာ Haemophilia ကြောင့်လည်း မျက်စိမှာရှိတဲ့ သွေးကြောတွေထိခိုက်မှုဖြစ်နိုင်ပါတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ သွေးကြောတွေမှာ သွေးခဲမှုဖြစ်ရင် မျက်စိမှာရှိတဲ့ သွေးကြောတွေကိုလည်း ထိခိုက်နိုင်ပါတယ်။

– မျက်စိသွေးကြောပိတ်ကာ ဝါးနေလျှင်
သင့်မှာ နှလုံးတွင်း ပိုးဝင်ပြီး ရောင်တဲ့ အခြေအနေ (Infective Endocarditis) ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒီလိုနှလုံးပိုးဝင်တာကြောင့် မျက်လုံးမှာရှိတဲ့ သွေးကြောတွေမှာ Emboli လာပိတ်ပြီး မျက်လုံးက ဝါးသွားတတ်ပါတယ်။

– မျက်စိသွေးကြောကျဉ်းပြီး အမြင်အာရုံထိခိုက်လျှင်
သင့်မှာ သွေးတိုးရောဂါ ရှိနေနိုင်ပါတယ်။ သွေးတိုးရောဂါကြောင့် ခန္ဓာကိုယ်ရှိ သွေးကြောတွေ မာကြော ကျဉ်းမြောင်းတတ်တာကြောင့် မျက်စိရှိ အာရုံခံလွှာ သွေးကြောတွေလည်း ကျဉ်းလာတတ်ပါတယ်။ အဲဒီလို အာရုံခံလွှာသွေးကြောတွေကျဉ်းပြီး ပိတ်သွားရင် မမြင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ ကိုယ်ဝန်ဆိပ်တက်တဲ့ အခြေအနေကြောင့်လည်း သွေးတိုးကာ မျက်စိသွေးကြောကျဉ်းပြီး အမြင်အာရုံ ထိခိုက်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top