Healthy Life Ad
Local

ဆေးရုံတက်သောလူနာများ၏ ၈၀ရာခိုင်နှုန်းနီးပါးမှာ သွေးတွင်းအဆီဓာတ်များနေကြောင်းတွေ့ရှိ

၊ အေးမို့မို့ဇော် ၊

ဆေးရုံတက်သောလူနာများ၏ ၈၀ရာခိုင်နှုန်းနီးပါးမှာ သွေးတွင်းအဆီဓာတ်များနေသည်ကို တွေ့ရှိရကြောင်း မြောက်ဥက္ကလာပသင်ကြားရေးနှင့် အထွေထွေကုသရေးဆေးရုံကြီးမှ ပါမောက္ခဒေါက်တာ ချိုမာလှိုင်က Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။

သွေးတွင်းအဆီဓာတ်များခြင်းမှာ နေထိုင်စားသောက်မှုပုံစံများ မှားယွင်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနှင့် မျိုးရိုးဗီဇကြောင့်ဖြစ်ပြီး သွေးတွင်းအဆီဓာတ်များပါက နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ သွေးတိုးရောဂါ၊ သွေးကြောပိတ်ရောဂါများ ဖြစ်ပွားနိုင်ကြောင်းသိရသည်။ သွေးတွင်းအဆီများခြင်းဖြင့် နှလုံးသွေးကြောကျဉ်းရောဂါကို အမျိုးသမီးများတွင် အသက်၆၀ကျော်၌ဖြစ်ပွားပြီး အမျိုးသားများတွင် အသက်၅၀ကျော်၌ဖြစ်ပွားကာ အချို့သော အသက် ၂၀နှင့် ၃၀ အရွယ်များတွင်လည်း နှလုံးသွေးကြောပိတ်ရောဂါများ ဖြစ်ပွားနိုင်ကြောင်း ပါမောက္ခဒေါက်တာချိုမာလှိုင်ကပြောသည်။

၂၀ဝ၄ခုနှစ် ထိုင်းနိုင်ငံတွင် အသက် ၂၀မှ ၆၅ နှစ်အထိ စစ်တမ်းများကောက်ယူရာ လူဦးရေ၏ ၇၄ ရာခိုင်နှုန်းမှာ သွေးတွင်းအဆီများနေသည်ကို တွေ့ရှိခဲ့သဖြင့် မြန်မာနိုင်ငံတွင်လည်း ဆေးရုံသို့ တက်ရောက်သောလူနာများကို စမ်းသပ်စစ်ဆေးမှုများလုပ်ရာ ရာခိုင်နှုန်း ၈၀နီးပါးမှာ သွေးတွင်းအဆီဓာတ်များနေသည်ကိုတွေ့ရကြောင်း ၎င်းကဆိုသည်။

“ပြည်သူလူထုတွေမှာ သွေးထဲမှာ အဆီများနေတာကို သူတို့မသိကြဘူး။ သူတို့ကသွေးတိုးတယ်။ နှလုံးသွေးကြောကျဉ်းတယ်၊ ဆီးချိုဖြစ်တယ်ဆိုပြီးတော့ ဆေးခန်းမှာလာပြတယ်။ မေးကြည့်လိုက်တော့လည်း အစားအသောက်၊ ဘဝနေထိုင်မှုပုံစံကို မပြောင်းပါဘူး။ ဝတဲ့လူတွေမှာ ရောဂါပိုဖြစ်ပါတယ်။ ဒါကြောင့်ပြည်သူလူထုထဲမှာလည်း သွေးတွင်းအဆီများတာရဲ့ ဆိုးကျိုးတွေသိဖို့ကို ဆရာမတို့ကြိုးစားပြီးတော့ အသိပညာပေးဟောပြောပွဲတွေကို လုပ်ပေးနေပါတယ်။ ငယ်ရွယ်တဲ့ကလေးဘဝကနေစပြီးတော့ ကျောင်းကျန်းမာရေးဆရာဝန်တွေကနေတစ်ဆင့် အသိပညာပေးဟောပြောပွဲတွေပေးမယ်။ ကလေးငယ်တွေကို အဆီအအိမ့်တွေ တတ်နိုင်သလောက်ရှောင်ဖို့၊ ပြည့်ဝဆီတွေမစားဖို့ . . ဒါတွေကို အခြေခံကလေးဘဝထဲက ပြုပြင်လိုက်မယ်ဆိုရင် ကြီးလာရင် ရောဂါဖြစ်မယ့်အကြောင်း နည်းသွားပါမယ်”ဟု ပါမောက္ခဒေါက်တာချိုမာလှိုင်ကပြောသည်။

သွေးတွင်းအဆီဓာတ်မများစေရန် ပြည့်ဝဆီဖြစ်သည့် စားအုန်းဆီမစားသုံးရန်၊ အဆီလျှော့စားရန်၊ အချိုဓာတ်များကိုလျှော့စားရန်နှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရန်လည်း ၎င်းကဆိုသည်။ သွေးတွင်းအဆီဓာတ်များခြင်းသည် အသက်အရွယ်ရလာချိန်တွင် ပိုမိုဖြစ်ပွားနိုင်ပြီး ယင်းသို့ဖြစ်ပွားပါက ဆေးလိပ်နှင့်အရက် ရှောင်ကြဉ်သင့်ကြောင်းသိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top