Healthy Life Ad
Local

ငါးနှစ်ကျော် ရပ်တည်နိုင်ခဲ့ပြီဖြစ်သည့် မရှိနွမ်းပါးပြည်သူတို့အားထားရာ ရောင်ခြည်သစ်ကုသိုလ်ဖြစ် အခမဲ့ဆေးကုခန်း

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

သင်္ဃန်းကျွန်းမြို့နယ်၊ စံပြ(၁)လမ်းရှိ ရောင်ခြည်သစ်ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းရှေ့တွင် အလှည့်ကျ ဆေးကုသမှုခံယူရန် လူနာအများအပြား စောင့်ဆိုင်းလျက်ရှိသည်။ ထိုအခမဲ့ဆေးခန်းသည် အထူးသဖြင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ နွမ်းပါးသူလူနာများအားထားရာ ဖြစ်နေတော့သည်။ ဆီးချို၊ သွေးတိုးရောဂါ စသည့် ပုံမှန်ဆေးခန်းပြနေရမည့် နာတာရှည်ရောဂါဝေဒနာ ခံစားနေရသူ နွမ်းပါးလူနာများအတွက် ထိုဆေးခန်းလေးရှိခြင်းက အားရှိဖွယ်ရာပင်။

“ဒီအခမဲ့ဆေးခန်းကို ကျွန်တော်ရယ်၊ ဒေါက်တာဥက္ကာကြည်ဝင်း၊ ဒေါက်တာသက်ဇော်၊ ဒေါက်တာအေးလွင်၊ ဒေါက်တာထွန်းနေဝင်း၊ ဒေါက်တာကျော်ဇင်ဝင်းစတဲ့ သူငယ်ချင်းခြောက်ယောက်က ပူးပေါင်းပြီး စေတနာရှင်ဆရာဝန်တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ စေတနာရှင် အလှူရှင်တွေက ကိုယ်ထူကိုယ်ထ စဖွင့်ဖြစ်ခဲ့တာပါ။ ဆေးခန်းစဖွင့်တာက ၂၀၁၂ ဒီဇင်ဘာလကဖြစ်ပြီး ၂၀၁၃ ဇန်နဝါရီလဆန်းမှာ စတင်ကုသမှုပေးခဲ့ပါတယ်။ အခုဆိုရင် ငါးနှစ်ကျော်ခဲ့ပါပြီ” ဟု ရောင်ခြည်သစ်ဆေးခန်း တာဝန်ခံတစ်ဦးဖြစ်သည့် ဒေါက်တာကျော်စွာဦးကပြောပြခဲ့သည်။

ရောင်ခြည်သစ်ကုသိုလ်ဖြစ် အခမဲ့ဆေးကုခန်းကို ၂၇-၁၂-၂၀၁၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မရှိဆင်းရဲသားအများပြည်သူအတွက် ရည်ရွယ်ဖွင့်လှစ်ကာ စေတနာရှေ့ထားပြီး တတ်အားသရွေ့ ကျွမ်းကျင်စွာကူညီကုသပေးမည့် ဆရာဝန်များ၊ ကျန်းမာရေးလုပ်သားများအတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။ “ဒီဆေးခန်းဖွင့်ဖြစ်တာကတော့ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးကာလမှာ ကျန်းမာရေးအခန်းကဏ္ဍအတွက် ကျွန်တော်တို့တတ်ထားတဲ့ ဆေးပညာနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်တဲ့ရည်ရွယ်ချက်နဲ့ ဖွင့်ဖြစ်ခဲ့တာပါ။ လူနာတစ်ယောက်ပဲ တတ်နိုင်သည်ဖြစ်စေ၊ နှစ်ယောက်ပဲ တတ်နိုင်သည်ဖြစ်စေ . . ဒီလူနာတွေရဲ့ ဆေးကုသစရိတ်သက်သာတဲ့အခါ သူတို့အတွက် တခြားနေထိုင်စရိတ်တွေမှာ အဆင်ပြေစေဖို့ရည်ရွယ်ပါတယ်”ဟု ဒေါက်တာကျော်စွာဦးက ဆေးခန်းဖွင့်လှစ်ဖြစ်ခဲ့ပုံကို ရိုးသားစွာပြောပြခဲ့သည်။

ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း စဖွင့်ကာစက စနေနှင့် တနင်္လာနေ့တွင် ကုသမှုပေးခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အထွေထွေရောဂါကုသမှုအတွက် တစ်ပတ်လျှင် စနေ၊ တနင်္ဂနွေနှစ်ရက် (နံနက် ၉ နာရီမှ ၁၂ နာရီအထိ)ပုံမှန်အခမဲ့ ကုသမှုပေးလျက်ရှိသည်။ ထို့ပြင် သွားရောဂါဝေဒနာကုသမှုအတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း (နံနက် ၉ နာရီမှ ၁၂နာရီအထိ) သွားနှင့်ခံတွင်း ကုဆရာဝန်တစ်ဦးက အခမဲ့ကုသပေးလျက်ရှိပြီး မျက်စိရောဂါကုသမှုအတွက် မျက်စိအထူးကု ဆရာဝန်ကြီးများက နှစ်ပတ်လျှင် တစ်ရက်နှုန်း (ကြာသာပတေး ညနေလေးနာရီ)နှင့် တစ်လနှစ်ကြိမ် အခမဲ့ကုသပေးလျက်ရှိကြောင်းသိရသည်။

“အထွေထွေရောဂါဝေဒနာတွေအတွက် တစ်နေ့ကို လူနာ ၃၀နဲ့ ၅၀ကြား သတ်မှတ်ထားပါတယ်။ ဒါက လာထိုင်မယ့် ဆရာဝန်ဦးရေနဲ့ချိန်ဆပြီး လူနာကိုလက်ခံပေးပါတယ်။ လာပြတဲ့လူနာတွေကတော့ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါစတဲ့ နာတာရှည်ရောဂါဝေဒနာရှင်တွေများတဲ့အတွက် လူနာတွေက အဟောင်းတွေများပါတယ်။ လူနာအသစ်ကရှိပေမယ့် အယောက် ၃၀မှာ ၅ ယောက်လောက်ပဲပါတတ်ပါတယ်။ မျက်စိနဲ့သွားရောဂါဝေဒနာတွေအတွက် တစ်နေ့ကို ၁၀ ယောက်နဲ့ ၁၅ ယောက်ကြား အခမဲ့ကုသမှုပေးပါတယ်” ဟု ယင်းကဆိုသည်။ ပုံမှန်အားဖြင့် စေတနာဆရာဝန်ဦးရေ ၁၀ဦးခန့်နှင့် လည်ပတ်နေသော ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်းသည် ဆီးချိုသွေးချိုရောဂါနှင့် သွေးတိုးရောဂါ ထိန်းချုပ်ကုသမှုအပိုင်းတွင် ထိရောက်မှုရှိသည်ဟု လူနာများအကြား နာမည်ကြီးသဖြင့် ထိုရောဂါဖြစ်နေသည့် နာတာရှည်ဝေဒနာရှင်များသည် ချိန်းဆိုချက်အတိုင်း ပုံမှန်လာရောက်ပြသလေ့ရှိကြသည်။

“ဆေးခန်းစဖွင့်တုန်းက ဆေးခန်းနေရာငှားဖို့အတွက် ပင်မအလှူရှင်တွေလည်းရှိပါတယ်။ ကျွန်တော်တို့မိတ်ဆွေဆရာဝန်တွေကော ကျွန်တော်တို့စတင်တည်ထောင်တဲ့ သူငယ်ချင်းခြောက်ဦးကကော တတ်နိုင်သလောက် ထည့်ဝင်လှူဒါန်းကြပါတယ်။ အခုနောက်ပိုင်းကျတော့ လူသိများလာတဲ့အတွက် လစဉ်လာလှူတဲ့သူတွေရှိသလို မွေးနေ့တို့၊ မင်္ဂလာနှစ်ပတ်လည်တို့ဆိုရင် လာလှူတဲ့သူတွေရှိပါတယ်။ တချို့ကုမ္ပဏီတွေကလည်း သူတို့ဝန်ထမ်းတွေလစဉ် အလှူငွေစုပြီး လာလှူတာလည်းရှိသလို ဆေးလာကုတဲ့ လူနာတွေထဲကလည်း တတ်နိုင်သလောက် ထည့်ဝင်လှူဒါန်းတာမျိုးလည်းရှိပါတယ်။ ဆေးကုမ္ပဏီတချို့ကလည်း ဆေးလာလှူတာရှိပါတယ်။

လွန်ခဲ့တဲ့ ခြောက်လ-ခုနစ်လမတိုင်ခင် အချိန်တုန်းက လူနာတွေကို သွေးတိုး၊ ဆီးချို စတဲ့ နာတာရှည်ရောဂါတွေအတွက် ဆေးဝါးကို နှစ်ပတ်စာ အခမဲ့ပေးလိုက်ပါတယ်။ အခုနောက်ပိုင်း အလှူငွေနည်းလာတာရယ်၊ ဆေးဝါးစရိတ်ကြီးလာတာရယ်ကြောင့် တစ်ပတ်စာ ဆေးအခမဲ့ပေးပြီး တစ်ပတ်စာကို ဝယ်သောက်ခိုင်းပါတယ်။ ဒီလို နာတာရှည်လူနာတွေကို နှစ်ပတ်တစ်ခါပြန်ကြည့်ပေးပါတယ်”ဟု ဒေါက်တာကျော်စွာဦးကပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်မှ လူနာများသာမက တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ ရွာသာကြီး၊ သန်လျင်၊ တိုက်ကြီး၊ ဖျာပုံ၊ ဘိုကလေးစသည့် မြို့နယ်များမှ လူနာများသည် ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်းတွင် ဆေးကုသမှုခံယူနိုင်ရန် ဆေးခန်းမဖွင့်မီ ၂နာရီအလိုတွင် လာရောက်၍ တိုကင်ယူလေ့ရှိပြီး အနီးအနားစံပြဈေးသို့ ဈေးဝယ်ထွက်ခြင်း၊ လည်ပတ်ခြင်းတို့ပြုလုပ်ကာ အလှည့်ကျချိန်ကို ဆေးခန်းအရှေ့ဘက်တွင် လူနာစောင့်ရန်စီစဉ်ထားသော အကာတဲလေးအောက်တွင် ထိုင်ခုံများဖြင့် စောင့်ဆိုင်းလေ့ရှိကြသည်။

မရှိနွမ်းပါး ပြည်သူများအတွက်ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် စေတနာအပြည့်ဖြင့် တတ်အားသရွေ့ဖေးမကုသပေးကြသည့် ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်းမှ ဆရာဝန်များအား လူနာတို့က ကျေးဇူးတင်မဆုံးပေ။ သူတို့ကျေးဇူးတင်ရှိခြင်းကို နှုတ်အားဖြင့်သော်လည်းကောင်း၊ စာအားဖြင့်သော်လည်းကောင်း ပြသကြရာ လူနာများပေးသော ကဗျာများအနက် ထင်ရှားသည့်ကဗျာလေး တစ်ပုဒ်ရှိလေသည်။ ထိုကဗျာမှာ-

‘ရောင်ခြည်သစ်မှ ဆရာဝန်များ’

လူနာတစ်ရာ
သူ့မှာတစ်ယောက်
မလောက်မင
ပင်ပန်းရလဲ
ရင်မှစေတနာ
အဖြာဖြာကြောင့်
ဘယ်အခြေအနေ
မအားလေလည်း
ငွေကိုမကြည့်
ဝေဒနာရှိ
လူနာကြည့်ကာ
ကုသိုလ်ရှာသူ
သူ့လိုလူလေ
ဇမ္ဗူမှာရှား
လူတော်များ … ဟူ၍ ဖြစ်လေသည်။

“ဆေးခန်းဖွင့်ကတည်းက အဓိကကြုံရတဲ့ အခက်အခဲကတော့ ငွေရေးကြေးရေးပါပဲ။ ရတဲ့အလှူငွေထက်ပိုကုန်တဲ့အခါ အကျပ်အတည်းလေးတွေဖြစ်ရပါတယ်။ တစ်ခါတလေ ရပ်လိုက်ရမလားလို့ စဉ်းစားဖြစ်ပေမယ့် ရအောင်ရပ်တည်နေပါတယ်။ မျက်စိဆရာဝန်ဆိုရင် သူ့ပစ္စည်းတွေနဲ့သူ၊ သူ့မျက်စဉ်းနဲ့သူ အခမဲ့လာကုတယ်။ ဒါပေမဲ့ မျက်မှန်တပ်ရမယ်ဆိုရင် အခမဲ့မပေးနိုင်သေးပါဘူး။ သွားဆရာဝန်ဆိုရင်လည်း သူ့ပစ္စည်းကိရိယာတွေနဲ့သူ အခမဲ့လာကုပေးပါတယ်။

ဆေးခန်းလေးရပ်တည်နိုင်ခဲ့တာ လေးနှစ်ကျော်ခဲ့ပါပြီ။ ဒီလိုရပ်တည်နိုင်အောင် ပါဝင်ပံ့ပိုးကူညီပေးကြတဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေ၊ ဆေးပေးတာ၊ သွေးပေါင်ချိန်တာကနေ အောက်ခြေသိမ်းအထိ တာဝန်ယူပေးတဲ့ စေတနာ့ဝန်ထမ်း ညီအစ်ကိုမောင်နှမတွေ၊ စာရင်းဇယားကိုင်ပေးတဲ့ ဦးလေးတွေ၊ အဒေါ်တွေ၊ အလှူရှင်တွေကို အထူးကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ရပ်တည်နိုင်အောင် ကူညီပေးမယ့် စေတနာ့ဝန်ထမ်းတွေကိုလည်း လက်ကမ်းကြိုဆိုပါတယ်။ အလှူရှင်တွေလည်း ဒီ့ထက်ပိုလှူနိုင်ကြပါစေ”ဟု ဒေါက်တာကျော်စွာဦးကဆိုသည်။

ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်းသည် ဆေးအလှူရှင်များ၏ ကူညီလှူဒါန်းမှုများဖြင့် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ကာ ထိုလှူဒါန်းသူတို့သည် အသက်ရှည်ခြင်း၊ ခွန်အားကြီးခြင်း၊ ပညာဉာဏ်ကြီးခြင်း၊ အခြွေအရံများ၍ချမ်းသာခြင်း၊ အဆင်းလှခြင်း၊ ဆင်းရဲကင်း၍ချမ်းသာခြင်း၊ ဘေးဥပါဒ်အန္တရာယ်ကင်းခြင်း၊ ရောဂါရန်မာန်ကင်းခြင်း၊ လူနတ်တို့၏ အပူဇော်ခံရခြင်းနှင့် ချစ်သူနှင့် မကွဲမကွာနေရခြင်းစသည့် ဆေးလှူဒါန်းရခြင်း အကျိုး (၁၀)ပါးကို မတောင်းဘဲရရှိမည်ဖြစ်သည်။ သို့ဖြစ်ရာ မရှိနွမ်းပါး နာမကျန်းပြည်သူတို့အတွက် အားထားရာရောင်ခြည်သစ်ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းသို့ လှူဒါန်းလိုသူစေတနာရှင်များသည် အမှတ် (၃၇၇)၊ စံပြ ၁လမ်း၊ စံပြရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ဝ၉ ၅၁၀၈၈၄၁၊ ဝ၉ ၄၅၀ဝ၂၅၉၈၀၊ ဝ၉ ၂၆၄၂၆၅၈၈၀ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top