Healthy Life Ad
Life Style

အိမ်မှာနေရင်း လှပစေမည့် မျက်နှာပေါင်းတင်နည်းများ

၊ လရိပ်မေ ၊

– အုန်းဆီဖြင့် ပေါင်းတင်နည်း

အုန်းဆီနဲ့ မျက်နှာသန့်စင်တာက သင့်အသားအရေရဲ့ သဘာဝအဆီဓာတ်တွေကို မကင်းစင်စေဘဲ အသားအရေကို တောက်ပြောင်စေပါတယ်။ ပိုးမွှားကင်းစင်စေတဲ့ အစွမ်းရှိတဲ့အတွက် အုန်းဆီကို သင့်အရေပြားပေါ်လိမ်းပေးရင် ချွေးပေါက်ကနေဆုံးရှုံးသွားတဲ့ အစိုဓာတ်တွေကိုကင်းစင်စေပြီး အသားအရေကျန်းမာကာ ချောမွေ့စေပါတယ်။

ပြုလုပ်နည်းမှာ သင့်မျက်နှာပေါ်ကို အုန်းဆီအနည်းငယ်လိမ်းပြီး မိနစ် ၃၀ကြာ ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ ပြီးရင် မျက်နှာပေါ်ကို နွေးထွေးစိုစွတ်တဲ့ မျက်နှာသုတ်ပဝါ အုပ်ပေးပါ။ ၁၅-၃၀ စက္ကန့်ကြာတဲ့အခါ ချွေးပေါက်တွေ ပွင့်သွားပြီဖြစ်တဲ့အတွက် ဆီတွေကိုအဝတ်စနဲ့ သုတ်ပေးရမှာဖြစ်ပါတယ်။

– ရှလကာရည်ဖြင့် ပေါင်းတင်နည်း

ရှလကာရည်ဟာ အရေပြားအပြစ်အနာအဆာတွေကို လျော့ပါးစေပြီး ချွေးပေါက်မပိတ်အောင် ကာကွယ်ပေးကာ အရေပြားရဲ့ စံအဆင့်ကို ပြန်လည်ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် အရေပြားကိုခြောက်သွေ့လွန်းတာ/အဆီပြန်လွန်းတာ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

ပြုလုပ်နည်းမှာ ရှလကာရည်တစ်ဆ၊ ရေနှစ်ဆရောမွှေပြီး ဝါဂွမ်းစ ဒါမှမဟုတ် ပိတ်စသန့်သန့်နဲ့ စွတ်ကာ သန့်စင်ထားတဲ့ မျက်နှာပေါ်မှာသုတ်လိမ်းပေးပါ။ အရေပြား ခြောက်သွေ့သွားတဲ့အခါ ခါတိုင်းလိုပဲ အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ။

– ပျားရည်နှင့် သံပရာသီးသုံးပြီး ပေါင်းတင်နည်း

ပျားရည်နဲ့ သံပရာသီးတွေပေါင်းစပ်ပြီး သဘာဝအစိုဓာတ်ထိန်းခရင်မ်နဲ့ ပိုးသတ်ဆေးအဖြစ် အာနိသင်ရှိကာ အသားအရေ သန့်စင်ချောမွေ့စေပါတယ်။ သံပရာသီးထဲရှိစစ်ထရစ်အက်စစ်ဟာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုသေစေပြီး အင်ဇိုင်းတွေက အရေပြားဆဲလ်သေတွေကို ကင်းစင်စေပါတယ်။ ပျားရည်မှာ သဘာဝဘက်တီးရီးယား ကင်းစေတဲ့ အာနိသင်ရှိပြီး အင်တီအောက်ဆီးဒင့် ပါဝင်မှုများတာကြောင့် ဝက်ခြံမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြားရဲ့ အိုမင်းမှုဖြစ်စဉ်ကို နှေးစေပါတယ်။

ပြုလုပ်နည်းမှာ ပျားရည်လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်းတို့ကိုရောမွှေပြီး လက်ထဲထည့်ကာ နွေးထွေးအောင်ပွတ်တိုက်ကာ မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပါ။ ခြောက်သွေ့တဲ့အထိထားပြီးမှ ကြက်သီးနွေးရေနဲ့ဆေးကြောလိုက်ပါ။

– ဒိန်ချဉ် မျက်နှာချွေးပေါက်ပွင့်ဆေး

ပရိုတင်းနဲ့ လက်တစ်အက်စစ် ပါဝင်မှုများတဲ့ ဒိန်ချဉ်က အပြစ်ကင်းစင်တဲ့ သဘာဝ မျက်နှာသန့်စင်ဆေးဖြစ်ပါတယ်။ မျက်နှာပေါ် လက်တစ်အက်စစ်လိမ်းပေးရင် ဆဲလ်သေတွေကိုကင်းစင်စေပြီး ချွေးပေါက်ကျဉ်းစေကာ အရေးကြောင်းပါးပါးတွေကိုလျော့စေပြီး အသားအရေ စိုပြည်စေပါတယ်။

ပြုလုပ်နည်းမှာ ဒိန်ချဉ်အလွတ်ကို သန့်စင်နေတဲ့မျက်နှာပေါ် ခပ်ပါးပါးသုတ်လိမ်းပေးပြီး ညင်ညင်သာသာနှိပ်နယ်ပါ။ ဒါဆိုရင် မျက်နှာပေါ်က မိတ်ကပ်နဲ့ အညစ်အကြေးတွေ ကင်းစင်စေပါတယ်။ နှစ်မိနစ်လောက်ကြာမှ ရေနွေးနဲ့ဆေးကြောလိုက်ရမှာပါ။

– သံလွင်ဆီဖြင့် မျက်နှာပေါင်းတင်နည်း

သံလွင်ဆီက ခြောက်သွေ့တဲ့ အသားအရေအတွက် သဘာဝအစိုဓာတ်ထိန်းခရင်မ်ဖြစ်ပြီး အင်တီအောက်ဆီးဒင့်နဲ့ အဆီတွေပါဝင်တာကြောင့် ဖရီးရယ်ဒီကယ်တွေကို လျော့ပါးစေပါတယ်။ နေလောင်ပြီး စပ်ဖျဉ်းဖျဉ်းဖြစ်နေတဲ့ အရေပြားကိုသက်သာစေပါတယ်။

ပြုလုပ်နည်းမှာ သံလွင်ဆီ ခွက်တစ်ဝက်၊ ရှလကာရည်ခွက်ရဲ့ လေးပုံတစ်ပုံနဲ့ ရေခွက်ရဲ့ လေးပုံတစ်ပုံတို့ကိုရောမွှေပြီး မျက်နှာပေါ်လိမ်းပေးရမှာဖြစ်ပါတယ်။ အမည်းစက်တွေကိုလျော့ပါးစေပြီး ဘက်တီးရီးယားပိုးသေစေကာ အသားအရေချောမွေ့ သန့်ရှင်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top