Healthy Life Ad
Health Tips

ကင်ဆာအားပေး အစားအသောက်များ

၊ ငွေကြယ်စင်ယံ ၊

ကင်ဆာဖြစ်မှာ ကြောက်သလား။ ကင်ဆာဖြစ်မှာကို လူတိုင်းစိုးရိမ်ကြောက်လန့်ကြပါတယ်။ ကင် ဆာရောဂါဖြစ်မှာ စိုးရွံ့သူတွေအနေနဲ့ ကင်ဆာဖြစ်အောင် အားပေးတတ်တဲ့ အစားအသောက်တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

အရက်
အရက်ကို အလွန်အမင်းသောက်တာကြောင့် အာခေါင်အနောက်ကင်ဆာ၊ အသံအိုးကင်ဆာ၊ ရင်သားကင်ဆာ၊ အစာအိမ်အူလမ်းကြောင်း ကင်ဆာ၊ ပန်ကရိယကင်ဆာနဲ့ အသည်းကင်ဆာတို့ကို ဖြစ်စေနိုင်ပါတယ်။

ဆေးလိပ်
ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီးကို ဝါးစားတာတွေနဲ့ နှီးနွယ်နေတဲ့ ကင်ဆာတွေကတော့ အဆုတ်ကင်ဆာ၊ အသံအိုးကင်ဆာ၊ ခံတွင်းကင်ဆာ၊ အာခေါင်အနောက်ကင်ဆာ၊ ဆီးအိမ်ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတို့ပဲ ဖြစ်ကြပါတယ်။ သတိပြုရန်-အရက်နဲ့ ဆေးလိပ်ကို တွဲသောက်တဲ့သူတွေမှာကင်ဆာဖြစ်နိုင်ခြေ ပိုမိုမြင့်တက်လာစေပါတယ်။

အဆီ
တိရစ္ဆာန်ထွက်အဆီတွေကို အစားများတာကြောင့် ကင်ဆာဖြစ်နိုင်ခြေ၊ အထူးသဖြင့် ရင်သား ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်ကျန်းမာရေးအတွက်ကောင်းတဲ့ အဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ မြေပဲဆီ၊ ငါးကြေး ဆီစတာတွေကို စားပါ။ ကြက်သားစားတဲ့အခါမှာ အရေခွံကို ဖယ်ပြီးစားပါ။ ကျန်တဲ့အသားတွေကို အဆီဖယ်ပြီးမှစားပါ။

မှိုတက်နေသော အစာ
အစားအသောက်တွေ၊ အထူးသဖြင့် ငရုတ်သီး၊ မြေပဲ၊ ပြောင်းဖူးစတာတွေမှာ မှိုတက်နေတဲ့၊ မှိုနံ့ထွက်နေတဲ့ အစားအစာကို မစားပါနဲ့။ မှိုတက်နေတဲ့ အစားအစာတွေဟာ အသည်းကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

ဆိုးဆေးပါသော အစာနှင့် ဓာတုပစ္စည်း ပါသော အစာများ
ဆိုးဆေးပါတဲ့ အစားအသောက်တွေနဲ့ စက်ရုံထွက် ဓာတုဗေဒပစ္စည်းတွေဟာ ပန်ကရိယကင်ဆာ၊ ရင်သားကင်ဆာ၊ သွေးကင်ဆာနဲ့ အကျိတ်ကင်ဆာစတဲ့ ကင်ဆာရောဂါတွေနဲ့ ဆက်စပ်မှုရှိပါတယ်။

အနီရောင်အသားနှင့် တာရှည်ခံအောင် ပြုပြင်ထားသော အသားများ
အနီရောင်အသား(ဥပမာ-အမဲသား)ကို များများစားတာဟာ အူမကြီးကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ တာရှည်ခံအောင်ပြုပြင်ထားတဲ့ အစားအစာ (ဥပမာ-ဝက်အူချောင်း၊ ကြက်အူချောင်း) တွေဟာ အစာအိမ်ကင်ဆာနဲ့ ဆက်စပ်မှုရှိပါတယ်။ အသားကို အများကြီးမစားဘဲ တစ်ခါတစ်ရံမှသာ နည်းနည်းစားပါ။ အသားကို များများမစားမိအောင် ဟင်းသီးဟင်းရွက်နဲ့ ရောချက်ပြီစားပါ။ ဖြစ်နိုင်ရင် အသားတွေကို ကင်ပြီးမစားပါနဲ့။

ဆားနယ်ထားသော အစားအစာ
ငါးခြောက်၊ ပုဇွန်ခြောက်၊ အချဉ်တည်ထားတဲ့ သနပ်စတဲ့ ဆားနယ်ထားတဲ့ အစားအစာတွေဟာ နှာခေါင်းအနောက်ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top