Healthy Life Ad
Health Tips

ရောဂါကာကွယ်နိုင်မည့် အာဟာရဓာတ်ပြည့်ဝစွာရရှိစေရန် လိုက်နာသင့်သောစည်းမျဉ်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကင်ဆာကို တွန်းလှန်နိုင်ဖို့၊ သွေးတိုးကျစေဖို့နဲ့ သွေးတွင်းကိုလက်စထရောအဆင့် လျော့ကျစေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အပင်ထွက်ဒြပ်ပေါင်း ဖိုင်တိုနျူးထရီးရန့် လိုအပ်ပါတယ်။ ဒါကြောင့် သင့်မှာ အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေရရှိစေဖို့ အောက်ပါစည်းမျဉ်းခြောက်ခုကို မဖြစ်မနေလိုက်နာသင့်ပါတယ်။

(၁) အရောင်ရင့်ကို ရွေးချယ်ပါ
ဘလူးဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး၊ ငရုတ်ပွသီးအနီ၊ ခရမ်းသီး၊ စပျစ်သီး အစရှိတဲ့ အရောင်ရင့် အသီးအနှံတွေမှာ အန်သိုဆိုင်ယာနင်ဓာတ်တွေပါရှိပြီး တခြားအပင်ထွက်အစာတွေထက် ကျန်းမာရေးအကျိုးကျေးဇူး ပိုမိုပါဝင်ပါတယ်။

(၂) မသိမ်းဆည်းမီ ဆလတ်ရွက်ကိုလှီးဖြတ်ပါ
ဆလတ်ရွက်တွေကို လှီးဖြတ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားတာက မလှီးဖြတ်ဘဲ သိမ်းထားတာထက် အင်တီအောက်ဆီးဒင့်လေးဆ ပိုမိုရရှိစေပါတယ်။

(၃) အရင်ဆုံးစားရမည့် အစာစာရင်းကိုပြုစုပါ
တချို့အစာတွေက တခြားအစာတွေထက် အာဟာရဆုံးရှုံးမှု ပိုပြီးမြန်ပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ချယ်ရီသီး၊ ကိုက်လန် စတဲ့ ဟင်းသီဟင်းရွက်တွေကို တစ်ရက်၊ နှစ်ရက်အတွင်းစားပါ။ ကြက်သွန်နီ၊ အာလူး၊ ပန်းသီးစတဲ့ အသီးအနှံတွေကို ရက်ကြာကြာထားလို့ အဆင်ပြေပါတယ်။

(၄) မုန်လာဥနီကို အခွံမခွာပါနှင့်
မုန်လာဥနီအခွံမှာပါတဲ့ အာဟာရဓာတ်တွေက မုန်လာဥနီတစ်လုံးလုံးမှာပါတဲ့ အာဟာရဓာတ်နဲ့ ညီမျှနေပါတယ်။ ဒါကြောင့် မုန်လာဥနီကို အခွံမခွာပါနဲ့။ မုန်လာဥနီပေါ်က အညစ်အကြေးတွေကင်းစင်အောင် သေချာဆေးကြောပြီး ဟင်းလျာပြင်ဆင်စားသုံးပါ။

(၅) ခါးသက်သည့် အရသာကိုခံစားပါ
အမေရိကန်လူမျိုးတွေက ခါးသက်တဲ့ အစားအသောက်တွေကို ရှောင်လေ့ရှိပါတယ်။ တကယ်တော့ မုန်ညင်းလိုခါးသက်တဲ့ ဟင်းသီးဟင်းရွက်တွေက ဟင်းနုနယ်ရွက်ထက် အင်တီအောက်ဆီးဒင့် ပိုမိုပါဝင်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်မှု ပိုများပါတယ်။

(၆) ကြက်သွန်ဖြူကို ထောင်းထားပါ
ဆီပူထဲကို ကြက်သွန်ဖြူနွှာပြီး ချက်ချင်းမထည့်ပါနဲ့။ ကြက်သွန်ဖြူကို အခွံခွာပြီး ကြိတ်ချေကာ အချိန် ၁၀ မိနစ်ကြာထားပါ။ ကြိတ်ချေထားတဲ့ ကြက်သွန်ဖြူတွေက အင်ဇိုင်းထွက်ရှိစေပြီး ကင်ဆာနဲ့ နှလုံးရောဂါအန္တရာယ်ကိုလျှော့ချနိုင်တဲ့ ကျန်းမာစေတဲ့ဒြပ်ပေါင်းတွေကို ပိုမိုထွက်ရှိစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top