Healthy Life Ad
Life Style

သကြားစားသုံးမှု လွန်ကဲခြင်းနှင့် ကျန်းမာရေးအန္တရာယ်

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ သကြားအလွန်အမင်းစားတာကြောင့်ဖြစ်တတ်တဲ့ ကျန်းမာရေး အန္တရာယ်တွေကို သိပါရစေဆရာ။
ဖြေ ။ သကြားကို အလွန်အမင်းစားတာကြောင့် ကိုယ်အလေးချိန် မြင့်တက်တာ၊ အဝလွန်တာ၊ သွေးတိုးတာ စတဲ့ ကူးစက်မဟုတ်တဲ့ ရောဂါတွေ အဖြစ်များပါတယ်။ အဝလွန်တာကြောင့် နှလုံးရောဂါ၊ ကျောက် ကပ်ရောဂါနဲ့ ဆီးချိုရောဂါတို့လို အသက်အန္တရာယ်ရှိတဲ့ အခြေအနေတွေ ဖြစ်နိုင်ခြေ တိုးမြင့်စေပါ တယ်။ သကြားများများ စားတာကြောင့် အဖြစ်များတဲ့ နောက်ထပ်အန္တရာယ်တစ်ခုက သွားပိုးစားတာပဲ ဖြစ်ပါတယ်။ သကြားများများ စားရင် အိပ်ငိုက်စေပြီး တွက်ချက်နိုင်စွမ်းလျော့ကျသလို မှတ်မိနိုင်စွမ်းလည်း လျော့နည်းတတ်ပါတယ်။သကြားကို အလွန်အမင်းစားတာကြောင့် နုံးချည့်ညောင်းညာတာ၊ စိတ်ဓာတ်ကျတာ၊ အာရုံစူးစိုက် နိုင်စွမ်းမကောင်းတာ၊ ဂနာမငြိမ်ဖြစ်တာ စတဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာလက္ခဏာတွေလည်း ဖြစ်ပေါ်တတ်ပါ တယ်။

မေး ။ အခုနောက်ပိုင်း သကြားကို လျှော့စားဖို့ အပြောများလာကြပါတယ်၊ အဲဒါဘာကြောင့်ပါလဲ ဆရာ။
ဖြေ ။ သကြားဆိုပြီး သီးသန့်မစားဖြစ်ပေမယ့် လူတွေသတိမပြုမိဘဲ ပါဝင်နေတတ်တဲ့ အစားအသောက် တွေက ကိတ်မုန့်တွေ၊ အချိုရည်၊ အဆင်သင့် သစ်သီးဖျော်ရည်ဘူး (Fruit Juice)၊ တာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာတွေနဲ့ ဂတ်စ်ပါတဲ့ အချိုရည်စတာတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုပါတယ်။

အရွယ်ရောက်သူတစ်ယောက်က တစ်နေ့ကို သကြား လက်ဖက်စားဇွန်း ခြောက်ဇွန်းပဲ စားသင့်တယ်လို့ ဆိုထားတဲ့အတွက် အချိုရည်သံဘူး တစ်ဘူးကို သောက်လိုက်ရင် အဲဒီထဲမှာ ခြောက်ဇွန်းထက် ပိုပြီး ပါဝင်နေတတ်ပါတယ်။ ဒါကို လူတွေက သတိမထားမိတတ်ပါဘူး။

မေး ။ သကြားက ကင်ဆာဆဲလ်ကြီးထွားမှုကို အားပေးတယ်လို့လည်း ဆိုကြပါတယ်။ ဟုတ်ပါသလား ဆရာ။
ဖြေ ။ သကြားဟာ ကင်ဆာကို ဖြစ်စေတဲ့၊ ကင်ဆာကို အားပေးတဲ့အဆိပ်လို့လည်း တချို့က ဆိုကြပါတယ်။ ဒါပေမဲ့ တိကျခိုင်မာတဲ့အထောက်အထားတော့ မရှိသေးပါဘူး။

မေး ။ သကြားကို တစ်နေ့မှာ ဘယ်လောက်ပမာဏ စားရင် ကျန်းမာရေးဆိုးကျိုး ကင်းပါသလဲ ဆရာ။
ဖြေ ။ သကြားကို တစ်နေ့မှာ လက်ဖက်စားဇွန်း ခြောက်ဇွန်း(၂၅ဂရမ်)ထက်ပိုမစားဖို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က ဆိုထားပါတယ်။ သကြားစားသုံးမှုက လူတွေ တစ်နေ့တာ စားသုံးတဲ့ ကယ်လိုရီ စုစုပေါင်းရဲ့ ငါးရာခိုင်နှုန်းအောက်ပဲ ရှိသင့်ပါတယ်။ သကြားကလည်း တန်ဆေးလွန်ဘေးပါပဲ။

မေး ။ ဟင်းလျာတွေထဲမှာ အချိုမှုန့်အစား သကြားကို အစားထိုးပြီး စားလာကြတယ်။ အဲဒါကရော ဘယ်လို ဆိုးကျိုး ဖြစ်စေနိုင်ပါသလဲ ဆရာ။
ဖြေ ။ အချိုမှုန့်ရော သကြားရော နှစ်မျိုးစလုံးက အလွန်အကျွံ စားရင် ကျန်းမာရေးအတွက် မကောင်းပါဘူး။ သုံးချင်ရင် အသင့်အတင့်ပဲ သုံးသင့်ပါတယ်။

မေး ။ သကြားမှာ အညိုက အဖြူထက် ကျန်းမာရေးနဲ့ ပိုညီညွတ်တယ်လို့လည်း တချို့က ပြောကြပါတယ်။ မှန်ပါသလား ဆရာ။
ဖြေ ။ ယေဘုယျအားဖြင့် ပြောရရင် သကြားအညိုက သကြားအဖြူထက် ပိုပြီး ကောင်းတယ်လို့ ဆိုရပါမယ်။ ဆန်တွေမှာ ဖြူအောင် မဖွပ်ထားတဲ့ ဆန်လုံးညိုက ဖြူဖွေးနေတဲ့ ဆန်ထက် ဗီတာမင်ဓာတ်တွေ ပိုပြီး ပါဝင်တယ်။ အဲဒီလိုပဲ သကြားအညိုကလည်း သကြားအဖြူထက် ပိုပြီး သင့်တော်ပါတယ်။

မေး ။ သကြားနဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ ။ သကြားကို အလွန်အမင်းစားတာကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေး အန္တရာယ်တွေအနက် သွားပိုး စားတာ၊ ကိုယ်အလေးချိန်မြင့်တက်စေတာ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ သွေးတိုးရောဂါတို့လို ကူးစက် မဟုတ်တဲ့ ရောဂါတွေကို ဖြစ်စေတာစတဲ့ အချက်ကြီးသုံးခုကိုတော့ လေ့လာမှုတွေက အတည်ပြုပြီး ဖြစ်ပါတယ်။ သကြားစားသုံးမှုကို လျှော့ချဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း အကြံပေးချက်တွေ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဒါက သကြားစားသုံးမှု လွန်ကဲတာကြောင့် အဝလွန်တဲ့ သူတွေများလာတဲ့ အတွက်ဖြစ်ပါတယ်။ ဒါကြောင့် သကြားကို နေ့စဉ် အလွန်အကျွံ မစားသုံးမိအောင်ဆင်ခြင်ဖို့ သတိထားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top