Healthy Life Ad
Life Style

ကူညီပေးကမ်းလှူဒါန်းတတ်သော မြန်မာ့ဓလေ့နှင့် ကျန်းမာရေးဆက်စပ်မှု

ကူညီပေးကမ်းလှူဒါန်းခြင်းနှင့် စိတ်ကျန်းမာရေး(၁)
ဒေါက်တာဦးအုန်းကျော် (စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး)

အလှူအတန်းပြုခြင်း၊ ပေးကမ်းလှူဒါန်းခြင်းလို့ပြောရင် အဓိပ္ပာယ်နှစ်မျိုး ကောက်ယူနိုင်ပါတယ်။ ပထမအဓိပ္ပာယ်က မိမိကိုးကွယ်တဲ့ ဘာသာရေးနဲ့ပတ်သက်ပါတယ်။ အခုဘဝနဲ့ တမလွန်ဘဝကောင်းရာကောင်းကျိုးအတွက်ရည်ရွယ်ပြီး ကုသိုလ်ပြုတာ ဒါမှမဟုတ် မိမိယုံကြည်ကိုးကွယ်တဲ့ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ပေးလှူတာမျိုးဖြစ်ပါတယ်။ အဲဒီလိုအဓိပ္ပာယ်နဲ့ ပေးကမ်းလှူဒါန်းတာကြောင့် စိတ်ချမ်းသာ ကျေနပ်မှုဖြစ်နိုင်ပါတယ်။

ဒုတိယအဓိပ္ပာယ်ကတော့ ကိုးကွယ်တဲ့ ဘာသာရေးယုံကြည်ချက်နဲ့ မသက်ဆိုင်ပါဘူး။ ဒုက္ခရောက်နေလို့ အကူအညီလိုအပ်သူ၊ ဆင်းရဲနွမ်းပါးသူကို ကူညီဆောင်မပေးတာဖြစ်ပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေး တပြေးညီညီဆောင်ရွက်နိုင်တဲ့ “ကူညီပေးကမ်းလှူဒါန်းခြင်း” (Charity) ဖြစ်ပါတယ်။ ကူညီပေးကမ်းလှူဒါန်းလိုတဲ့စိတ်မှာ ကိုယ်ကျိုးအတွက် ရည်ရွယ်ချက်မပါပါဘူး။ တစ်ပါးသူကို ငဲ့ညှာထောက်ထား ကိုယ်ချင်းစာတရားနဲ့ ကူညီပံ့ပိုးပေးတာပဲဖြစ်ပါတယ်။

ကူညီပေးကမ်းလှူဒါန်းခြင်း (Charity) စိတ်ဓာတ်နဲ့ ကောင်းမှုကုသိုလ်လေးမျိုး ဆောင်ရွက်နိုင်ပါတယ်။ အဲဒီလုပ်ငန်းတွေကတော့-

(က) ငွေကြေးပစ္စည်းနဲ့ ထောက်ပံ့ကူညီခြင်း၊

(ခ) ခန္ဓာကိုယ်အင်္ဂါတစ်ခုခုကိုလှူဒါန်းခြင်း(ကျောက်ကပ်တစ်ဖက်လှူခြင်း၊ သွေးလှူခြင်း)၊

(ဂ) ပရဟိတစေတနာလုပ်အားပေးဆောင်ရွက်ခြင်းနဲ့

(ဃ) ဒုက္ခရောက်နေတဲ့ လူစိမ်းတစ်ဦးဦးကို တွေ့တဲ့နေရာမှာ အကူအညီပေးခြင်းတို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဖြစ်လို့ အလှူအတန်းရက်ရောတဲ့ အစဉ်အလာရှိပါတယ်။ ကူညီပေးကမ်းလှူဒါန်းချင်စိတ်ပွားများတဲ့ နိုင်ငံဖြစ်တယ်ဆိုတာကိုလည်း ကမ္ဘာကအသိအမှတ်ပြုလာတာကို တွေ့ရှိရတယ်။ မြန်မာနိုင်ငံမှာ ၉၁ ရာခိုင်နှုန်းဟာ တစ်နှစ်အတွင်းမှာ အကြောင်းတစ်ခုခုအတွက် အလှူငွေထည့်ဝင်တယ်။ အမေရိကန်နိုင်ငံမှာ ၇၅ ရာခိုင်နှုန်းဖြစ်တယ်။

မြန်မာနိုင်ငံမှာ ၅၁ ရာခိုင်နှုန်းဟာ ပရဟိတစေတနာလုပ်အားပေးလုပ်ငန်းမှာ ပါဝင်လုပ်ဆောင်တယ်၊ အမေရိကန်နိုင်ငံမှာ ၄၄ရာခိုင်နှုန်းရှိတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ “ကူညီပေးကမ်းလှူဒါန်းခြင်း” (Charity) လုပ်ငန်းမှာ အမေရိကန်ပြည်ထောင်စုနဲ့အတူ ကမ္ဘာပေါ်မှာ နံပါတ်တစ်နေရာ ရရှိပါတယ်။ (CAF USA/ UK ၂၀၁၄)

ကူညီပေးကမ်းလှူဒါန်းတာက စိတ်ကျန်းမာရေးကို အထောက်အကူပြုပါသလား . . အထောက်အကူပြုနိုင်တဲ့ အချက် ၅ ချက်ရှိပါတယ်။ (NIMH ၂၀ဝ၆)။

– ကူညီပေးကမ်းလှူဒါန်းတာကြောင့် စိတ်ထဲမှာ ပျော်ရွှင်ကျေနပ်မှုတစ်မျိုးကို ရရှိခံစားနိုင်ပါတယ်။ အင်္ဂလိပ်ဝေါဟာရမှာ Warm Glow လို့ခေါ်တယ်။ “သာယာပီတိဂွမ်းဆီထိ”တဲ့ ခံစားရမှုမျိုးလို့ဆိုရမယ်။ စေတနာအပြည့်နဲ့ ကူညီပေးကမ်းလှူဒါန်းမှုပြုမူချိန်မှာ ဦးနှောက်ပိုင်းတစ်နေရာမှာ ‘အင်ဒိုဖင်းဓာတ်’ (Endorphin) ပိုမိုထွက်ရှိလာတယ်၊ သဘာဝဘိန်းဓာတ်လို့လည်းခေါ်ပါတယ်။ စိတ်သာယာကြည်နူးမှုကိုဖြစ်စေတဲ့ ဓာတ်ဖြစ်ပါတယ်။

– ကူညီပေးကမ်းလှူဒါန်းတဲ့ လုပ်ငန်းတွေကတစ်ဆင့် မိတ်ဆွေသစ်တွေရရှိလာနိုင်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ယုံကြည်လေးစားမှု ခိုင်မာလာတယ်။ အချင်းချင်း ပူးပေါင်းဆောင်ရွက်လိုစိတ် ထွန်းကားလာနိုင်ပါတယ်။ အဲဒီအချက်တွေက စိတ်ကျန်းမာရေးအတွက် အားဆေးတစ်ခွက်ပါပဲ။

– ကူညီပေးကမ်း လှူဒါန်းချင်တဲ့စိတ်ဓာတ်ဟာ တစ်ဦးမှတစ်ဦးထံ ကူးစက်ပြန့်ပွားသွားနိုင်ပါတယ်။ ရက်ရောတဲ့သူ၊ သဘောထားကြီးကြီးနဲ့ အကူအညီပေးတတ်သူကိုမြင်ရရင် ဘေးကလူတွေမှာလည်း အဲဒီလို စိတ်ဓာတ်မျိုးပေါ်ပေါက်လာစေပါတယ်။

– ကူညီပေးကမ်းလှူဒါန်းတဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေရင် ခန္ဓာကိုယ်ထဲမှာ အောက်ဆီတိုစင် (Oxytocin) ဟော်မုန်း ပိုမိုထွက်ရှိလာပါတယ်။ လိင်ဆက်ဆံစဉ် ကျေနပ်မှုအဆင့်နဲ့ မိခင်က ကလေးကို နို့တိုက်နေစဉ်မှာလည်း အောက်ဆီတိုစင်ဓာတ်ကို ခန္ဓာကိုယ်ထဲမှာ ပိုမိုထုတ်လုပ်ပေးပါတယ်။ အောက်ဆီတိုစင်ဓာတ်ဟာ သားအိမ်ကို တင်းကျပ်ကျုံ့ဝင်စေတဲ့ အာနိသင်ရှိလို့ သားဖွားနဲ့မီးယပ်ဆေးပညာမှာ သားအိမ်ကျုံ့ဝင်ဆေးအဖြစ် အသုံးပြုပါတယ်။ အဲဒါအပြင် အောက်ဆီတိုစင်ဓာတ်ရဲ့ အာနိသင်က စိတ်သာယာကြည်နူးမှုကို ဖြစ်ပေါ်စေတယ်၊ အကြွင်းမဲ့ မေတ္တာစိတ်ကို ပွားများစေတယ်၊ မိခင်ကသားငယ်ကို ချစ်တဲ့ “မိခင်မေတ္တာစိတ်”ကို ဖြစ်ပေါ်စေပါတယ်။ အဲဒီလို စိတ်ခံစားမှုရရှိရင် စိတ်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

– ကူညီပေးကမ်းလှူဒါန်းခြင်းအားဖြင့် ကျေးဇူးတရား ပွားများစေတယ်လို့ဆိုပါတယ်။ အကူအညီရယူသူက ဖော်ပြတဲ့ကျေးဇူးတရား (Gratitude)ဟာ ကူညီပေးကမ်း လှူဒါန်းသူရဲ့စိတ်ထဲမှာ ရောင်ပြန်ဟပ်ပြီး သာယာကြည်နူးမှုကို ဖြစ်စေပါတယ်။ ကိုယ်ကိုယ်ကိုယ်တိုင်မှာလည်း ကျေးဇူးတင်တတ်တဲ့ စိတ်ဖွံ့ဖြိုးလာနိုင်ပါတယ်။ ကျေးဇူးတင်တာခံရတာ၊ ကျေးဇူးသိတတ်တဲ့စိတ်ဟာ စိတ်ကျန်းမာရေးကို အားပေးပါတယ်။

အမေရိကန်ပြည်ထောင်စု၊ မစ်ချီဂန်တက္ကသိုလ် စိတ်ကျန်းမာရေးဌာနက ကိုယ်ကျန်းမာ စိတ်ချမ်းသာတာကို ဖြစ်စေတဲ့ အချက် ၁၀ ချက်ကို ဖော်ပြထားတာရှိပါတယ်။ အဲဒီအထဲမှာ “ကူညီပေးကမ်း လှူဒါန်းခြင်း” (Charity) ကို အချက်တစ်ချက်အဖြစ် ထည့်သွင်းထားပါတယ်။

ကူညီပေးကမ်းလှူဒါန်းခြင်းနှင့် ကျန်းမာရေး(၂)
ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေ ရောဂါအထူးကုဆရာဝန်ကြီး)ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းအတွင်းရေးမှူး

ပေးကမ်းလှူဒါန်းခြင်းရဲ့ အကြောင်းတရားပေါ်မူတည်ပြီး ရရှိတဲ့အကျိုးကျေးဇူးက ကွာခြားနိုင်ပါတယ်။ ဥပမာ အလှူခံလာတယ်၊ မကောင်းတတ်လို့ လှူလိုက်တာမျိုး၊ သူတစ်ပါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးချင်လို့ လှူလိုက်တာမျိုး။ ဒီနေရာမှာ ကိုယ်က သူတစ်ပါးကို ဘယ်လိုစိတ်ထားမျိုးနဲ့ လှူလိုက်တယ်ဆိုတဲ့အပေါ်မူတည်ပြီး ရရှိတဲ့အကျိုးကျေးဇူးက ကွာခြားသွားပါတယ်။ ဒါကြောင့် ညောင်ပင်ကြီးလောက်လှူပေမယ့် ညောင်စေ့လောက်ပဲရတယ်၊ ညောင်စေ့လေးလောက်လှူပေမယ့် ညောင်ပင်ကြီးလောက်ရတယ်ဆိုတာတွေက ကိုယ်လှူတဲ့ အလှူသန့်စင်မွန်မြတ်ခြင်း၊ အလှူခံပုဂ္ဂိုလ် မြင့်မြတ်ခြင်း၊ လိုအပ်တဲ့အချိန်ဖြစ်ခြင်း ဒီလိုအချက်တွေပေါင်းစုံပြီး ပြောင်းလဲသွားတာပါ။

မလှူချင် လှူချင် လှူရတယ်ဆိုရင် ကျန်းမာရေးအတွက် မကောင်းတဲ့သက်ရောက်မှုဖြစ်စေပါတယ်။ စိတ်အလိုမကျဘူး၊ စိတ်မကြည်လင်ဘူး . . တကယ်မှလုပ်ရဲ့လားမသိဘူးဆိုပြီး ဒီလို မယုံသင်္ကာလှူလိုက်တယ်ဆိုရင် ကျန်းမာရေးအတွက် အထောက်အကူမပြုဘူး။ အထောက်အကူမပြုတဲ့အပြင် စိတ်တိုဒေါသထွက်တာကြောင့် သွေးလှည့်ပတ်မှုများပြီး သွေးဖိအားတိုးတယ်၊ နှလုံးကို ထိခိုက်စေနိုင်တယ်။

ကိုယ်က ပေးကမ်းလှူဒါန်းချင်တဲ့စိတ်နဲ့ လိုလိုလားလားလှူရင် လောကုတ္တရာအကျိုးကို ခံစားရစေပါတယ်။ ခန္ဓာကိုယ်ထဲမှာဆိုရင် ကျေနပ်နှစ်သက်ခြင်းကြောင့် ထွက်လာတဲ့ဓာတ်တွေက စိတ်ပိုင်းဆိုင်ရာအပန်းပြေစေတယ်၊ ကျေနပ်နှစ်သိမ့်မှုဖြစ်စေတယ်၊ အဲဒီအတွက်ကြောင့် နှလုံးသွေးကြောတွေကို ကျန်းမာစေပါတယ်။ လှူဒါန်းလိုက်လို့ စိတ်ပိုင်းဆိုင်ရာ ကျေနပ်နှစ်သိမ့်မှု ရှိတယ်ဆိုပေမယ့် အင်္ဂါတစ်ခုချင်းအပေါ် ဘယ်လိုသက်ရောက်တယ်ဆိုတာ ပြောရခက်ပါတယ်။ ဒါပေမဲ့ ဆဲလ်တွေပေါ်မှာ အကျိုးသက်ရောက်မှု ကောင်းပါတယ်။ အကောင်းမြင်စိတ်ထားရှိတဲ့အတွက် အသက်ပိုရှည်တယ်။

ခန္ဓာကိုယ်က အမြဲဖြစ်ပျက်ပြောင်းလဲနေတော့ လှူဒါန်းပေးကမ်းလိုက်တဲ့အတွက် စိတ်ကျေနပ်နှစ်သိမ့်မှုဖြစ်တဲ့အခါ ခန္ဓာကိုယ်အပေါ်မကောင်းတဲ့ သက်ရောက်မှုနည်းသွားစေပါတယ်။ ခန္ဓာကိုယ်ထိခိုက်စေနိုင်တဲ့ ဖရီးရယ်ဒီကယ်ဓာတ် ထုတ်လုပ်မှုတွေလည်း လျော့ကျသွားပါတယ်။ ကိုယ့်ဆီမှာ ဒါနနဲ့ပတ်သက်တဲ့ ကုသိုလ်တွေပြည့်နေတယ်ဆိုရင် တော်ရုံတန်ရုံစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဖြေဖျောက်နိုင်တယ်။ တစ်ဖက်လှည့်နဲ့ပြောရရင် စိတ်ပိုင်းဆိုင်ရာစွမ်းအင်တွေ တိုးတက်နိုင်တယ်၊ အဲဒီအတွက် ကိုယ်အင်္ဂါထိခိုက်မှုတွေကို လျော့ကျစေနိုင်တယ်။ အဲဒါနဲ့ဆက်စပ်ပြီး ခန္ဓာကိုယ် ယိုယွင်းမှုအခြေအနေတွေကို လျော့ပါးစေပါတယ်။ အတိအကျ သိပ္ပံနည်းကျ စမ်းသပ်ထားတာမရှိပေမယ့် လှူဒါန်းပေးကမ်းကူညီရင် ခန္ဓာကိုယ်ထဲမှာ စိတ်ကျေနပ်မှုဖြစ်စေတဲ့ အန်ဒေါ်ဖင်ဓာတ်ထွက်ပြီး ခန္ဓာကိုယ်ကို ကောင်းကျိုးဖြစ်စေတယ်ဆိုတာကို သိရပါတယ်။

ဆရာတို့နိုင်ငံမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဒီလှူဒါန်းပေးကမ်းတာလောက်နဲ့တော့ အများကြီးမကောင်းနိုင်ပါဘူး။ အစားအသောက်တွေ၊ နေထိုင်တဲ့ ပုံစံတွေအပေါ်မှာလည်းမူတည်တယ်။ တစ်ဖက်က လှူတော့လှူပါရဲ့ အဆီအအိမ့်တွေစားပြီး လူကဝဖိုင့်နေတယ်၊ ဆေးလိပ်၊ အရက်တွေသောက်နေတယ်၊ အပြင်စာတွေ စားနေတယ် . . ဒီလိုဆိုရင်တော့ ကျန်းမာရေးက အပြည့်အဝကောင်းနိုင်မှာ မဟုတ်ပါဘူး။ လှူဒါန်းပေးကမ်းကူညီတာက ကျန်းမာရေးအတွက် စိတ်ကျေနပ်မှု အထောက်အပံ့တစ်ခုအနေနဲ့ပဲ ကောင်းစေမှာဖြစ်ပါတယ်။

ကျန်းမာလိုသူတိုင်း (၁) ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေစားပေးရမယ်၊ (၂) ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးရမယ်၊ (၃) စိတ်ဖိစီးမှုလျှော့ချပေးရမယ် . . ဒီသုံးချက်နဲ့ အညီနေရင် ကူးစက်မဟုတ်တဲ့ ရောဂါတွေနဲ့ ကင်ဆာရောဂါကို ၅၀ရာခိုင်နှုန်းမက ကာကွယ်ပေးနိုင်ပါတယ်။ ဒီတော့ လှူဒါန်းပေးကမ်းမှုကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်ကြည်နူးနှစ်သိမ့်မှုကို ရရှိစေတဲ့အတွက် ဒါက ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံထဲမှာ ပါဝင်နေပါတယ်။
လောကုတ္တရာရေးအရပြောရရင် စေတနာသုံးတန်နဲ့ လှူတယ်ဆိုရင် ဆင်းရဲခြင်းတရား ကင်းဝေးပြီး လောကုတ္တရာ အကျိုးများပါတယ်။

ကူညီပေးကမ်းလှူဒါန်းခြင်းနှင့် ကျန်းမာရေး(၃)
ပါမောက္ခဦးဦးကျော်(ခွဲစိတ်ဆရာဝန်ကြီး)

ဘုရားဟောအရ- လှူဒါန်းပေးကမ်းတဲ့အခါ ရိုရိုသေသေနဲ့ ပေးကမ်းတယ်ဆိုရင် လှူတဲ့သူက ရုပ်ချောတယ်၊ ကောင်းကောင်းမွန်မွန် ရိုရိုသေသေ ပေးကမ်းလှူဒါန်းတယ်ဆိုရင် ကိုယ့်ကိုရိုသေလေးစားတဲ့သူများတယ်၊ ကာလဒါနဆိုတဲ့အတိုင်း သီတင်းကျွတ်မှာ သင်္ကန်းလှူတယ်ဆိုရင်အရွယ်သုံးပါးမှာ မဆင်းရဲဘူး၊
ကိုယ်ကသူတစ်ပါးကို လှူတဲ့အတွက်ကြောင့် ကိုယ့်မှာချမ်းသာမှုတွေဖြစ်လာတယ်၊ ကိုယ်လှူတဲ့အခါ သူများက ဘယ်လောက်လှူတယ်၊ ကိုယ်က ဘယ်လောက်လှူတယ်၊ ငါက လှူနိုင်တယ်၊ နင်ကမလှူနိုင်ဘူးဆိုတဲ့ သူများထိခိုက်စေတဲ့ စကားပြောတာက မလုပ်သင့်ဘူး။ ဒါက ကိုယ့်ပစ္စည်းဆုံးရှုံးတတ်တယ်လို့ သိရတယ်။

ဘယ်သူ့ကိုပဲလှူလှူ၊ ဘယ်ဘာသာဝင်ကိုပဲလှူလှူ လှူရင်တော့ ကိုယ့်မှာအကျိုးရှိတာပါပဲ။ အဲဒီအထဲမှာ စောစောကပြောတဲ့ ကာလဒါနအလိုက်လှူရင်၊ ရိုရိုသေသေလှူရင် ပိုပြီး အကျိုးကျေးဇူးများပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေမှာ အဲဒီလိုလှူဒါန်းပေးကမ်းမှုရှိတဲ့အတွက် အနောက်နိုင်ငံသားတွေလို ချမ်းသာကြွယ်ဝမှု မရှိပေမယ့် စိတ်တော့ချမ်းသာကြတယ်။ အလှူတတ်ရင် စိတ်ငြိမ်းချမ်းမှုရရှိတယ်။

ကူညီပေးကမ်းလှူဒါန်းခြင်းနှင့် ကျန်းမာရေး(၄)
ပါမောက္ခဦးသိန်းမြင့်သူ (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

ပေးကမ်းလှူဒါန်းတယ်ဆိုတာက မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်မြင့်မားမှုတစ်ခုပါ။ ဒီအစဉ်အလာကို မျိုးဆက်သစ်လူငယ်တွေ ဆက်လက်ထိန်းသိမ်းသင့်ပါတယ်။ ဆုတောင်းတိုင်းပြည့်ချင်ရင် အချက် ငါးချက်နဲ့ပြည့်စုံဖို့လိုတယ်။ အဲဒီအထဲက အရေးကြီးဆုံးအချက်က အလှူဒါနပြုခြင်းပဲ။ အလှူဒါနပြုရင် ရိုရိုသေသေလှူရမယ်။ ဘယ်လိုလူမျိုးကိုပဲပေးကမ်းသည်ဖြစ်စေ ရိုရိုသေသေပေးကမ်းရမယ်။

ဒီလိုပေး ကမ်းလှူဒါန်းတယ်ဆိုတာ စွန့်လွှတ်လိုက်တဲ့သဘောပဲ။ စွန့်လွှတ်နိုင်ဖို့ဆိုတာ သိပ်လွယ်တဲ့အရာတော့ မဟုတ်ပါဘူး။ စိတ်ထဲက လိုလိုချင်ချင်၊ လိုလိုလားလားနဲ့ ဘာမှပြန်မမျှော်လင့်ဘဲ တရိုတသေပေးကမ်း လှူဒါန်းတယ်ဆိုတာက ကိုယ်ကျင့်သိက္ခာမြင့်မားကြောင်း ပြသတာပဲဖြစ်တယ်။ ဘာပဲဖြစ်ဖြစ်လှူဒါန်းတတ်တဲ့ မြန်မာလူမျိုးတွေရဲ့ဓလေ့ကို မျိုးဆက်သစ်လူငယ်တွေက ဆက်လက်စောင့်ထိန်းသင့်ပါတယ်။

ကူညီပေးကမ်းလှူဒါန်းခြင်းနှင့် ကျန်းမာရေး(၅)
ဦးခင်ဇော် (တရားပြဆရာ၊ အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိလုပ်ငန်းဌာန)

သူများကို ပေးကမ်းလှူဒါန်းရင် (နေထိုင်မကောင်းဖြစ်နေတုန်းလှူလိုက်ရင်တောင်) သူများအဆင်ပြေတာကြည့်ပြီး ကိုယ့်စိတ်ကလေးက ကြည်လင်သွားပါတယ်။ လက်ခံရရှိသူကလည်း သူလိုချင်တဲ့ ပစ္စည်းလေးတစ်ခုရရင် ရွှင်လန်းရသလို အဲဒီရွှင်လန်းမှုကပေးကမ်းသူကို ပြန်အကျိုးပြုပြီး စိတ်ချမ်းသာစေတယ်လေ။ တစ်ဖက်သားကိုရွှင်လန်းအောင် လုပ်လိုက်နိုင်တာကိုး။

နောက်တစ်ချက်က သူများကိုပေးကမ်းလှူဒါန်းခြင်းအားဖြင့် ကိုယ်ကမျှော်လင့်ချက်မထားပေမယ့် ပြန်ရလာတတ်တယ်။ ဥပမာ ကိုယ်ကအင်္ကျီအဝတ်အစားတွေ လှူဒါန်းပေးကမ်းလိုက်တယ်ဆိုရင် ကိုယ်ကလည်း တစ်နည်းနည်းနဲ့အင်္ကျီအဝတ်အစားတွေ အလကားပြန်ရလာတတ်တယ်။ လှူဒါန်းပေးကမ်းတယ်ဆိုတာ အင်မတန်အကျိုးများလို့ ဘုရားလောင်း ပါရမီဖြည့်ကျင့်တုန်းက ပါရမီ ၁၀ပါးမှာ ဒါနပါရမီကို ထိပ်ဆုံးမှာတင်ထားတာပါ။ သံသရာခရီးမှာ ဒါနကကိုယ့်ရဲ့ စရိတ်ပဲလေ။

အင်မတန်ကြည်ညိုတဲ့သံဃာကို လှူနိုင်လိုက်တယ်ဆိုရင် ကိုယ့်စိတ်ထဲမှာ အင်မတန်ကြည်နူးဝမ်းသာတဲ့ ပီတိလေးကို ရရှိစေပါတယ်။ ဒီလိုစိတ်ရွှင်လန်းမှုက ကျန်းမာရေးကိုတစ်ဖက် တစ်လမ်းအထောက်အကူပေးပါတယ်။ ဒါကြောင့် နေမကောင်းတဲ့သူတွေ၊ စိတ်ဓာတ်ကျနေတဲ့သူတွေ ကိုယ်ကြည်ညိုတဲ့ ရဟန်းသံဃာတွေကို သွားလှူလိုက်ရင် သူ့စိတ်ထဲမှာ ရွှင်လန်းချမ်းမြေ့သွားတယ်၊ ဒါက ကျန်းမာရေးကို တစ်နည်းအားဖြင့် အထောက်အပံ့ပေးပါတယ်။ ကိုယ်ကလှူဒါန်းလိုက်တယ်၊ အလှူခံပုဂ္ဂိုလ်က သံဃာဆိုရင် ‘ကျန်းမာပါစေ၊ ချမ်းသာပါစေ’ဆိုပြီး ဆုပေးလိုက်တယ်။ သီလစင်ကြယ်တဲ့ဆရာတော်ကဆုပေးလိုက်တဲ့ ဒီကုသိုလ်အရှိန်အဝါကြောင့်လည်း ကျန်းမာရေးအခြေအနေ တိုးတက်လာနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top