Healthy Life Ad
Local

မြန်မာနိုင်ငံတွင် ဆေးကုသနေသော ဆရာဝန်များ ဆီးချိုရောဂါဆိုင်ရာကုသရေး အထောက်အကူဖြစ်စေရန် ၁၂လတာ သင်တန်းပေးမည်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မြန်မာနိုင်ငံတွင် ဆေးကုသမှုအတွေ့အကြုံ ၃နှစ်ရှိပြီးသော ဆရာဝန်များ ဆီးချိုရောဂါဆိုင်ရာကုသရေး အထောက်အကူဖြစ်စေရန် ၁၂လတာ သင်တန်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့၊ ဂရင်းဟံသာ အင်တာနေရှင်နယ် ဆေးရုံတွင်ပြုလုပ်ကျင်းပသော မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် ဆီးချိုသွေးချိုရောဂါအသင်းတို့ ပူးပေါင်းဖွင့်လှစ်မည့် Certificate Course in Evidence Based Diabetes Management (CCEBDM) အကြောင်း အကြိုရှင်းလင်းပွဲမှသိရသည်။

“တက်ရောက်လိုသူတွေက တစ်နှစ်စာသင်တန်းကြေး နှစ်သိန်းလေးသောင်းကျပ်ပေးရပါမယ်။ သင်တန်းဦးရေကို ပထမအသုတ်မှာ သင်တန်းတစ်နေရာကို သင်တန်းသား အယောက်၂၀- ရန်ကုန်နဲ့ မန္တလေးသုံးနေရာဆိုတော့ အယောက် ၆၀ပဲ လက်ခံသွားမှာပါ။ သင်ကြားပေးမယ့် ဆရာတွေကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဆီးချိုအထူးကု ဆရာဝန်ကြီးတွေထဲက အကြီးဆုံး ပုဂ္ဂိုလ်တွေပဲသင်ပေးမှာဖြစ်ပါတယ်” ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးသိန်းမြင့်ကပြောသည်။

သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်မှာ မြန်မာနိုင်ငံမှဆရာဝန်များ၏ ဆီးချိုသွေးချိုရောဂါနှင့်ပတ်သက်သော ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံတကာ အသိအမှတ်ပြုအရည်အသွေးမှီ အဆင့်အတန်းအဖြစ်ရရှိစေရန်၊ ဆီးချိုသွေးချို ဝေဒနာရှင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုတွင် လက်တွေ့သာမက အခြေပြု ကုထုံးလမ်းညွှန်များကို အသုံးပြုလာခြင်းအားဖြင့် ကုသမှုရလဒ်ကောင်းများ ပိုမိုရရှိလာစေရန်နှင့် ဆေးလက်တွေ့သုတေသနများမှ ဖော်ထုတ်တွေ့ရှိချက်များကို ဆေးကုသမှုနယ်ပယ်အတွင်းသို့ လက်တွေ့အသုံးပြုနိုင်ရေးအတွက် လွှဲပြောင်းပေးနိုင်ရန်တို့ဖြစ်ကြောင်းသိရသည်။

အဆိုပါ သင်တန်းသို့တက်ရောက်ခွင့် အရည်အချင်းများမှာ မြန်မာနိုင်ငံတွင် ဆေးကုသနေသော ဆရာဝန်ဖြစ်ခြင်း၊ ဆေးတက္ကသိုလ်တစ်ခုခုမှ ဆေးပညာဘွဲ့ရရှိထားပြီး ဆေးကုသမှု အတွေ့အကြုံအနည်းဆုံး ၃ နှစ်ရှိပြီးသူဖြစ်ခြင်းနှင့် သင်တန်းကာလ ၁၂လပြီးဆုံးသည်အထိ မပျက်မကွက် တက်ရောက်နိုင်သူဖြစ်ခြင်းတို့ ဖြစ်ကြောင်းသိရသည်။

၇-၃-၂၀၁၈ ရက်နေ့မှ ၂၀-၄-၂၀၁၈ ရက်နေ့အထိ သင်တန်းသားလက်ခံသွားမည်ဖြစ်ကြောင်း၊ သင်တန်းကို ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ် (၂)ရန်ကုန်နှင့် ဆေးတက္ကသိုလ် မန္တလေးတို့တွင် ၂၀၁၈မေလ၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတက်ရောက်လိုသူများသည် ဆေးတက္ကသိုလ်(၁) ရန်ကုန်-ဒေါက်တာခင်စန္ဒာ (ဖုန်း-ဝ၉ ၂၅ ၆၄၂၀၉၀၄)၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်-ဒေါက်တာထက်ထက်ခင် (ဖုန်း-ဝ၉ ၅၂၅၁၄၄၅)၊ ဆေးတက္ကသိုလ်မန္တလေး- ဒေါက်တာအောင်ကိုကို (ဖုန်း-ဝ၉၂၀၁၇၆၀၄)တို့သို့ ဆက်သွယ်နိုင်ပါကြောင်း သတင်းရရှိသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top