Healthy Life Ad
Life Style

ဆီးကျိတ်ကင်ဆာအကြောင်း သိကောင်းစရာ

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ အရင်ဆုံးဆီးကျိတ်ရဲ့တည်နေရာနဲ့ လုပ်ငန်းဆောင်တာတွေကို သိပါရစေ ဆရာ။
ဖြေ ။ ဆီးကျိတ်ဟာ အမျိုးသားမျိုးပွားအင်္ဂါတစ်ခုဖြစ်ပြီး အရွယ်အစားက သစ်ကြားသီးအရွယ် အချင်း ၃စင်တီမီတာမျှရှည်လျားပြီး ၂၀ ဂရမ်မျှလေးပါတယ်။ ဆီးအိမ်အဝမှာရှိပြီး ကျင်ချောင်း (Urethra) ကို ငုံလျက်တည်ရှိပါတယ်။ ဆီးကျိတ်ရဲ့အနောက်မှာ အစာဟောင်းအိမ် (Rectum) ရှိပါတယ်။ ဆီးကျိတ် ငုံထားတဲ့ကျင်ချောင်းကို ဆီးအိမ်အတွင်းက ဆီးတွေဖြတ်သန်းတဲ့အပြင် လိင်ဆက်ဆံပြီးတဲ့အခါ သုက်ရည်ထွက်တဲ့လမ်းကြောင်းလည်း ဖြစ်ပါတယ်။ သုက်ရည်မှာ သုက်ပိုးအပြင် ဆီးကျိတ်က စစ်ထုတ်တဲ့ မျိုး ပွားခြင်းဆိုင်ရာအရည်တွေ ပါဝင်ပါတယ်။

ဆီးကျိတ်အတွင်းမှာ ဂလင်းငယ်ပေါင်း များစွာနဲ့ပါဝင်ဖွဲ့စည်းထားပြီး သုက်ရည်ပါဝင်တဲ့ အရည် ၂၀ ရာခိုင်နှုန်းဟာ ဆီးကျိတ်က ထွက်ရှိပါတယ်။ အဲဒီ ဆီးကျိတ်ဂလင်းတွေ ကောင်းကောင်းအလုပ်လုပ်ဖို့အတွက် အမျိုးသားဟော်မုန်း (Androgen) လိုအပ်ပါတယ်။ အမျိုးသားဟော်မုန်းကို ဝှေးစေ့နဲ့ ကျောက်ကပ် အပေါ်မှာရှိတဲ့ အဒရီနယ်ဂလင်းကနေ ထုတ်လုပ်ပါတယ်။

မေး ။ ဆီးကျိတ်ကင်ဆာ ဘယ်အတိုင်းအတာထိ ဖြစ်ပွားနေပါသလဲ ဆရာ။
ဖြေ ။ ဆီးကျိတ်ကင်ဆာဟာ အနောက်နိုင်ငံတွေ (အမေရိက၊ ဥရောပနဲ့ သြစတြေးလျ)မှာ အရေပြားကင် ဆာပြီးရင် ဒုတိယအဖြစ် အများဆုံး ကင်ဆာဖြစ်ပြီး ဆီးကျိတ်ကင်ဆာကြောင့် သေဆုံးတာဟာ အဆုတ် ကင်ဆာပြီးရင် ဒုတိယအသေအပျောက်အများဆုံး ကင်ဆာဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ သက်တမ်း တစ်လျှောက်မှာ ခြောက်ဦးမှာ တစ်ဦးနှုန်းရောဂါ ခံစားရနိုင်ပါတယ်။ အသက် ၈၀ ကျော်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းမှာ ဆီးကျိတ်ကင်ဆာဆဲလ်တွေ တွေ့ရှိရတယ်လို့ တချို့သုတေသနတွေအရ သိရှိရပါတယ်။

မြန်မာနိုင်ငံမှာလည်း မြို့ပြယဉ်ကျေးမှုတွေများလာတာ၊ အစားအသောက် အနေအထိုင်ပုံစံ ပြောင်း လဲတာတွေကြောင့် တခြားကင်ဆာ ဖြစ်ပွားနှုန်း မြင့်မားလာတာနဲ့အတူ ဆီးကျိတ်ကင်ဆာဖြစ်ပွားတာလည်း များပြားလာတာတွေ့ရပါတယ်။ ဒါ့အပြင် PSA သွေးစစ်ဆေးတာ ပိုမိုများပြားလာတာကြောင့် ဆီးကျိတ်ကင်ဆာတွေ့ရှိတာ ပိုမိုများပြားလာပါတယ်။

ဆီးကျိတ်ကင်ဆာဟာ အသက် ၆၀နဲ့ ၈၀ နှစ်ကြားမှာ အဖြစ်များဆုံးဖြစ်ပြီး ပျမ်းမျှအားဖြင့် ရောဂါဖြစ်ပွားတဲ့ အသက်အရွယ်ဟာ ၇၀ နှစ်ဖြစ်ပါတယ်။ အသက် ၅၀ နှစ်အောက်မှာ ဖြစ်ပွားနှုန်း အလွန်နည်းပါးတာ တွေ့ရပါတယ်။

မေး ။ ဆီးကျိတ်ကင်ဆာရဲ့ သဘောသဘာဝကို ရှင်းပြပေးပါ ဆရာ။
ဖြေ ။ ဆီးကျိတ်ကင်ဆာဆိုတာ ဆီးကျိတ်ထဲက ဂလင်းငယ်တွေမှာရှိတဲ့ ဆဲလ်တွေ ပုံမှန်ဆဲလ်ပွားနေရာက မူမမှန်ဆဲလ်တစ်ခုအဖြစ် ပြောင်းလဲပြီး အဲဒီမူမမှန်ဆဲလ်တွေ အဆင့်လေးဆင့်ဆက်လက်ပြောင်းလဲကာ ကင်ဆာဆဲလ်တွေဖြစ်လာပြီး အထိန်းအချုပ်ကင်းမဲ့ကာ လျှင်လျှင်မြန်မြန်ပွားလာတာကြောင့် ဆီးကျတ်ကင်ဆာရောဂါ စတင်ဖြစ်ပေါ်လာပါတယ်။ဆီးကျိတ်ကင်ဆာရဲ့ ၉၅ ရာခိုင်နှုန်းဟာ ဂလင်းဆဲလ်တွေက စတင်ဖြစ်ပေါ်လာတာ ဖြစ်ပြီး ၄ ရာခိုင်နှုန်းဟာ ဆီးလမ်းကြောင်း နံရံတွေက ဖြစ်လာပြီး ၁ ရာခိုင်နှုန်းကတော့ ဆီးကျိတ်အတွင်း တခြားဆဲလ် တွေကဖြစ်လာတာ ဖြစ်ပါတယ်။ဆီးကျိတ်ကင်ဆာ ၇၀ ရာခိုင်နှုန်းဟာ ဆီးကျိတ်ရဲ့အပေါ်ယံဆဲလ်တွေမှာ ဖြစ်ပြီး ၂၀ ရာခိုင်နှုန်းဟာ အတွင်းပိုင်းမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဆီးကျိတ်ကင်ဆာအများစုမှာ တစ်နေရာထက် ပိုကြီးတဲ့ ကင်ဆာ ဆဲလ်မှာ ဖြစ်ပွားနေတာကို တွေ့ရှိရပါတယ်။

မေး ။ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေက ဘာတွေပါလဲ ဆရာ။
ဖြေ ။ ဆီးကျိတ်ကင်ဆာဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် ဗီဇကြောင့် ဆီး ကျိတ်ကင်ဆာဖြစ်ပွားတယ်လို့ ထင်မြင်ကြပါတယ်။ဗီဇသယ်ဆောင်သူတွေမှာ ဖြစ်နိုင်ခြေမြင့်တက်ပြီး မျိုးရိုးလိုက်တဲ့ ကင်ဆာရောဂါတစ်ခုဖြစ်ပါတယ်။ မျိုးရိုးမှာ (အသက် ၆၅နှစ်အောက်မှာ) ဆီးကျိတ်ကင်ဆာဖြစ်သူရှိရင် မိမိမှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ လေးဆပိုမြင့်လာပြီး ပုံမှန်ဖြစ်နေကျ အသက်ထက် ခြောက်နှစ်၊ ခုနစ်နှစ်ငယ်တဲ့ အသက်အရွယ်မှာ ဖြစ်လာနိုင်ပါတယ်။

အာရှနိုင်ငံက လူတွေ အနောက်နိုင်ငံတွေမှာ အခြေချနေထိုင်တဲ့အခါ ဆီးကျိတ်ကင်ဆာဖြစ်ပွား နှုန်းမြင့်မားလာတာကြောင့် ဗီဇအပြင် အစားအသောက်၊ အနေအထိုင်စတဲ့ ပတ်ဝန်းကျင်ဆိုင်ရာအချက်တွေ လည်း ပါဝင်ပတ်သက်မှုရှိတာကို တွေ့ရပါတယ်။

ဗီဇအပြင် ဖြစ်နိုင်ခြေ မြင့်မားစေတဲ့ အချက်တွေကတော့-
(၁) အသက်ကြီးလာတာ- အသက် ၅၀ နှစ် အောက်မှာ ဖြစ်ပွားတာနည်းပြီး ဆီးကျိတ်ကင်ဆာဖြစ်သူ ထက်ဝက်ကျော်ဟာ အသက် ၇၀ ကျော်သူတွေဖြစ်ပါတယ်။
(၂) အစားအသောက်
(၃) အဝလွန်တာ
(၄) ကိုယ်လက်လှုပ်ရှားမှု နည်းတာ
(၅) ဆေးလိပ်သောက်တာတွေနဲ့ဆက်စပ်မှုရှိတယ်လို့ သုတေသနပြုချက်တွေအရ သိရပါတယ်။

မေး ။ ဆီးကျိတ်ကင်ဆာနဲ့ ဆက်စပ်နေတဲ့ စားသောက်နေထိုင်မှုအကြောင်းကို ရှင်းပြပေးပါ ဆရာ။
ဖြေ ။ ဆရာ အထက်မှာ ပြောခဲ့သလို ရွှေ့ပြောင်းအခြေချနေထိုင်သူတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု များလာတာကြောင့် အစားအသောက်က ဆီးကျိတ်ကင်ဆာဖြစ်ပွားတာနဲ့ ဆက်စပ်မှုရှိတာကို တွေ့ရပါတယ်။ သုတေသနေတွေ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး တချို့သုတေသနလဒ်တွေအရ အဆီစားနှုန်းများတာနဲ့ ဆက်စပ်မှုရှိတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် အနီရောင်အသားစားတာ၊ အဆီများတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း၊ ကယ်လ်စီယမ်များစွာ ပါဝင်တဲ့ အစာနဲ့ဆေးတွေ သောက်သုံးတာတွေနဲ့ အနည်းငယ်ဆက်စပ်မှုရှိတာကို တွေ့ရှိရပါတယ်။တခြား မသေချာတဲ့ဆက်စပ်မှုတွေကတော့ ဆေးလိပ်သောက်တာ၊ အမျိုးသားတွေမှာ သားကြောဖြတ်တာ၊ ဆီးကျိတ်ရောင်တာ၊ မီးသတ်သမား၊ STDs(လိင်ဆက်ဆံရာမှ ကူးစက်တဲ့ရောဂါ ဖြစ်ဖူးတာ)တွေဖြစ်ပြီး အဝလွန်သူတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်ရင် ပြင်းထန်သလို ဆီးကျိတ်ကင်ဆာကြောင့် အသက်ဆုံးရှုံးလေ့ရှိတာကို တွေ့ရှိထားပါတယ်။

မေး ။ ဆီးကျိတ်ကင်ဆာနဲ့ ရင်သားကင်ဆာ ဆက်စပ်နေတဲ့ အကြောင်းကိုလည်း သိပါရစေ ဆရာ။
ဖြေ ။ အမျိုးသားတစ်ဦးရဲ့ဆွေမျိုးတွေထဲမှာ ရင်သားကင်ဆာဖြစ်ပွားသူရှိရင် (အထူးသဖြင့် အသက် ၆၀ နှစ်အောက်မှာ) ကိုယ့်မှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေမြင့်မားလာပါတယ်။ အကြောင်းကတော့ ရင်သား ကင်ဆာဖြစ်စေတဲ့ ဗီဇ BRCA-2 ပြောင်းလဲတာကြောင့် မျိုးရိုးလိုက်တဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု များလာတာကြောင့် ဖြစ်နိုင်ခြေ ခုနစ်ဆ မြင့်တက်လာတာကို တွေ့ရှိထားပါတယ်။ ရင်သားကင်ဆာအပြင် အူမကြီးကင်ဆာ ဖြစ်ပွားသူတွေမှာလည်း ဆီးကျိတ်ကင်ဆာဖြစ်ပွားနှုန်း မြင့်တက်တာကို တွေ့ရှိထားပါတယ်။

မေး ။ ဆီးကျိတ်ကင်ဆာက ဟော်မုန်းနဲ့ကော ဆက်စပ်မှု ရှိပါသလား ဆရာ။
ဖြေ ။ အမျိုးသားဟော်မုန်းနဲ့ ဆီးကျိတ်ကင်ဆာ ဆက်စပ်မှုရှိတာကိုလည်း တွေ့ရှိရပါတယ်။ သင်းကွပ်ထား သူတွေမှာဂလင်းကဖြစ်တဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားတာမတွေ့ရတဲ့အပြင် အမျိုးသားဟော်မုန်း မထွက်ရှိ အောင်ပြုလုပ်ထားရင်လည်း ဆီးကျိတ်ကင်ဆာ သက်သာစေတာကို တွေ့ရှိရပါတယ်။

မေး ။ ဆီးကျိတ်ကင်ဆာဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲဆရာ။
ဖြေ ။ ဆီးကျိတ်ကင်ဆာ လူနာတွေထဲက တချို့က ဆီးလမ်းကြောင်းလက္ခဏာတွေ ခံစားရတာကြောင့် စစ်ဆေးရာက တွေ့ရှိကြပြီး တချို့ကတော့ ရောဂါလက္ခဏာမရှိသေးဘဲ ကြိုတင်စစ်ဆေးရာက တွေ့ရှိရတာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာရဲ့အဓိကလက္ခဏာ သုံးခုကတော့ ဆီးလမ်းကြောင်းလက္ခဏာတွေဖြစ်တဲ့ ဆီးအနည်းငယ် မကြာခဏသွားတာ၊ ဆီးစတင်သွားဖို့ ခက်ခဲတာ၊ ဆီးအလုံးသေးသွားတာ၊ ဆီးအားနည်းသွားတာ၊ ဆီးတစ်စက်စက်ကျတာ၊ ဆီးကျန်တာတွေ ခံစားရနိုင်ပါတယ်။ ဒုတိယလက္ခဏာကတော့ ခါးနာတာနဲ့ တတိယလက္ခဏာကတော့ ဆီးထဲမှာ သွေးပါတာတွေဖြစ်ပါတယ်။

မေး ။ ဆီးကျိတ်ကင်ဆာ ဆိုးရွားလာရင်၊ ပျံ့နှံ့နေပြီဆိုရင် ဘယ်လို လက္ခဏာတွေ ပြတတ်ပါသလဲဆရာ။
ဖြေ ။ အစားအသောက်ပျက်တာ၊ ပိန်လာတာ၊ သွေးအားနည်းတာ၊ အရိုးတွင်း နာကျင်တာ၊ အရိုးကျိုးတာ၊ အကျိတ်တွေထွက်ပေါ်လာတာ၊ ခြေထောက်ဖောတာ၊ ရောင်တာ၊ ခြေထောက်သွေးပြန်ကြော ပိတ်တာ၊ ဆီးလမ်းကြောင်း ပိတ်ဆို့ပြီး ဆီးလမ်းကြောင်း တင်းလာတာတွေ ခံစားရနိုင်ပါတယ်။

မေး ။ ဆီးကျိတ်ကင်ဆာမဖြစ်အောင် ဘယ်လို ကာကွယ်သင့်ပါသလဲ ဆရာ။
ဖြေ ။ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားတာကို မကာကွယ်နိုင်ပေမယ့် ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်တဲ့ အချက်တွေကို ရှောင်ကြဉ်ရပါမယ်။ အဓိကအနေနဲ့ အဆီ၊ အသား၊ နို့ထွက်ပစ္စည်း စားသုံးမှုကို လျှော့ချတာ၊ အဆီးများတဲ့ငါးနဲ့ ခရမ်းချဉ်သီး စားသုံးတာ၊ ဗီတာမင်အီးနဲ့ ဆီလီနီယမ် (Selenium) ဆေးဝါးသုံးစွဲတာ၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာတွေ ပြုလုပ်ရပါမယ်။ ဂျပန်မှာ သုတေသနတွေအရ သက်သတ်လွတ် အသီးအရွက်တွေသာ စားသုံးသူတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု လျော့နည်းတာကို တွေ့ရပါတယ်။ ဒါကြောင့် အဆီ၊ အသားလျှော့စားတာ၊ အသီးအရွက်၊ အသီးအနှံ၊ ငါးများများစားတာ၊ လေ့ကျင့်ခန်း ပြုလုပ်တာ၊ ဘဝတစ်လျှောက်လုံး ကျန်းမာတဲ့ ကိုယ် အလေးချိန်တွင်းရှိအောင် ထိန်းသိမ်းတာတွေကြောင့် ဆီးကျိတ်ကင်ဆာသာမက တခြားကင်ဆာတွေအပြင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စတဲ့ မကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ပွားမှုကို လျှော့ချနိုင်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top