Healthy Life Ad
Local

ရန်ကုန်တိုင်းဒေသကြီးကိုဦးတည်၍ ဆေးယဉ်ပါးတီဘီရောဂါဆိုင်ရာ လူထုလှုံ့ဆော်မှုလုပ်ငန်း လုပ်ဆောင်သွားမည်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဆေးယဉ်ပါးတီဘီရောဂါဆိုင်ရာ လူထုလှုံ့ဆော်မှုလုပ်ငန်းကို မတ်လ၂၄ရက်တွင်ကျရောက်မည့် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့မတိုင်မီ ကြားကာလအတွင်း ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် အခြား မီဒီယာများမှတစ်ဆင့် လူထုအသိပညာပေး လှုံ့ဆော်မှုလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်သည့် အမျိုးသားအဆင့် တီဘီရောဂါဆိုင်ရာ လူထုလှုံ့ဆော်လှုပ်ရှားမှု သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသား တီဘီတိုက်ဖျက်ရေးစီမံကိန်း၊ စီမံကိန်းမန်နေဂျာ ဒေါက်တာစည်သူအောင်ကပြောသည်။

“ရန်ကုန်တိုင်းဒေသကြီးမှာ နှစ်စဉ်ရိုးရိုးတီဘီဖြစ်သူ လူနာဦးရေသုံးသောင်းကျော် ရှာဖွေတွေ့ရှိရတယ်။ တစ်နိုင်ငံလုံးတီဘီဖြစ်သူဦးရေ တစ်သိန်းလေးသောင်းကျော်ရှိတဲ့အတွက် တစ်နိုင်ငံလုံးရဲ့ ၂၃ ရာခိုင်နှုန်းရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ ဆေးယဉ်ပါးတီဘီဖြစ်သူဦးရေ ၅၀ ရာခိုင်နှုန်းကျော်ရှိတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးကိုသာ သေချာထိန်းချုပ်နိုင်မယ်ဆိုရင် ရောဂါကိုကောင်းကောင်း ထိန်းချုပ်နိုင်တယ်လို့ ဆိုနိုင်တယ်။ ရိုးရိုးတီဘီအဆင့်မှာပဲ ဆေးယဉ်ပါးတီဘီမဖြစ်အောင် ကာကွယ်တားဆီးရေးနည်းလမ်းတွေ လုပ်ဆောင်ရမယ်၊ ဆေးမှန်မှန်သောက်ဖို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကုသမှုကိုစနစ်တကျခံယူရပါမယ်”ဟု ဒေါက်တာစည်သူအောင်ကဆိုသည်။

တီဘီရောဂါသည် လေမှတစ်ဆင့် ကူးစက်မြန်ရောဂါဖြစ်သည့်အတွက် လူနေထူထပ်သိပ်သည်းမှု၊ ရုပ်ရှင်ရုံများ၊ ဘတ်(စ်)ကားများ၊ စူပါမားကတ်များ ပေါများသည့် ရန်ကုန်မြို့တွင် ရောဂါဖြစ်ပွားနှုန်း မြင့်တက်နိုင်သဖြင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်မှုများ လုပ်ဆောင်ထားမည်ဖြစ်ကြောင်းသိရသည်။

“ရန်ကုန်တိုင်းဒေသကြီးက တစ်နိုင်ငံလုံး လူဦးရေရဲ့ ၁၂ရာခိုင်နှုန်းကျော်ရှိသော်လည်း တီဘီရောဂါဖြစ်ပွားမှုက တစ်နိုင်ငံလုံးရဲ့ငါးပုံတစ်ပုံရှိနေတယ်၊ ဆေးယဉ်ပါးတီဘီဖြစ်ပွားမှုက တစ်နိုင်ငံလုံးရဲ့ ၅၃ ရာခိုင်နှုန်းရှိနေပါတယ်။ ရန်ကုန်မှာ တီဘီရောဂါဖြစ်ပွားမှုနှုန်းက တစ်နှစ်ကို တစ်သိန်းမှာ ၃၅၁ ဦးရှိပြီး ဆေးယဉ်ပါးတီဘီ ဖြစ်ပွားမှုနှုန်းက လူဦးရေတစ်သိန်းမှာ ၂၅ဦးရှိတဲ့အတွက် တီဘီရောဂါနဲ့ ပတ်သက်ရင်ကော ဆေးယဉ်ပါးတီဘီနဲ့ ပတ်သက်ရင်ပါ များနေတဲ့သဘောရှိပါတယ်။ ဒါကြောင့် တီဘီရောဂါနဲ့ပတ်သက်ပြီး စောစောစီးစီးသိမယ်၊ စောစောစီးစီး ကုသမှု ခံယူမယ်ဆိုရင်တော့ ကူးစက်နှုန်းလျော့ကျနိုင်ပါတယ်။

ရန်ကုန်မြို့မှာ သွားလာလှုပ်ရှားနေရတာက လိုင်းကားတွေနဲ့ အများဆုံးဖြစ်တယ်။ တီဘီရောဂါ အများဆုံးကူးစက်မှုက လေကနေတစ်ဆင့်ဖြစ်တယ်။ တီဘီရောဂါကို စောစောစီးစီးကုသမှုမခံယူဘူး၊ ပြွတ်သပ်ကျပ်တောက်တဲ့ ယာဉ်တွေနဲ့ သွားလာနေမယ်ဆိုရင် ကူးစက်မှုကို အားပေးတဲ့သဘောရှိတယ်။ ဒီတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ အကြောင်းတရားပေါင်းစုံရှိပါတယ်။

နံပါတ်တစ် တီဘီဆေးသောက်တာ မမှန်ရင်လည်း ဆေးယဉ်ပါးတီဘီဖြစ်တတ်ပါတယ်။ ဆေးကုထုံးမမှန်ရင်လည်း ဆေးယဉ်ပါးတီဘီဖြစ်တတ်တယ်၊ ဆေးတွေကို သောက်လိုက် မသောက်လိုက် လုပ်ရင်လည်း ဆေးယဉ်ပါးတီဘီဖြစ်တယ်။ အရည်အသွေးညံ့တဲ့ ဆေးဝါးတွေကိုသုံးစွဲရင်လည်း ဆေးယဉ်ပါးတီဘီဖြစ်တယ်။ ကိုယ်ကုမယ့် တီဘီလူနာတစ်ယောက်ကို ပြီးဆုံးအောင်ကုသဖို့ တာဝန်မယူခဲ့ဘူးဆိုရင် ဆေးယဉ်ပါးတီဘီဖြစ်တယ်။ ဆေးယဉ်ပါးတီဘီဖြစ်စေတဲ့ အကြောင်းတရားမျိုးစုံရှိတဲ့အနက် ရန်ကုန်တိုင်းဒေသကြီးက တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုထက် သယ်ယူပို့ဆောင်မှုစနစ်မှာ ကျပ်တည်းတယ်၊ လူတွေက အစုလိုက်အပြုံလိုက် ပိုစီးတယ်ဆိုရင်တော့ ကူးစက်မှုမှာ အားပေးရာရောက်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး၊ တီဘီရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာဦးဇော်မြင့်ကဆိုသည်။

ရန်ကုန်တွင် တီဘီဖြစ်ပွားမှုကို ထိန်းချုပ်ရန်ရည်ရွယ်၍ ယခင်နှစ်များက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အဝေးပြေးကား၊ အောင်မင်္ဂလာအဝေးပြေးကားဂိတ် စသည်တို့တွင် အနုပညာရှင်များနှင့် လူထုလှုံ့ဆော်မှု လုပ်ဆောင်ခဲ့သည့်အတိုင်း ယခုနှစ်တွင် YBS ကားများ၌ လူထုအသိပေးနှိုးဆော်ချက်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဓိက ပြည်သူလူထုအတွင်း တီဘီရောဂါကာကွယ်ရေး အသိတရား၊ ခံယူချက်များ သိရှိနားလည်သဘောပေါက်စေရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းညှိနှိုင်းစီစဉ်သွားမည်ဖြစ်ကြောင်းသိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top