Healthy Life Ad
Life Style

မြန်မာလူငယ်လူလတ်ကြား မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျစေဖို့

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ၊အထွေထွေရောဂါကု ဆရာဝန်)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်းက အရင်နဲ့စာရင် မြင့်တက်မှုရှိပါသလား ဆရာ။
ဖြေ ။ လေ့လာတဲ့ စာတမ်းတွေအရကော၊ ထွက်ပေါ်လာတဲ့ မှတ်တမ်းတွေအရပါ မြန်မာနိုင်ငံမှာ မူးယစ်ဆေး ဝါးသုံးစွဲမှုမြင့်တက်လာတယ်လို့ သိရပါတယ်။ အမျိုး သားကော အမျိုးသမီးတွေပါ သုံးစွဲမှု မြင့်တက်လာ နေပါတယ်။ အဲဒီအထဲမှာမှ လူငယ်လူလတ်ပိုင်းမှာ သုံးစွဲမှု ပိုမြင့်တက်နေတယ်လို့ တွေ့ရှိရပါတယ်။ ၁၃ -၁၄ အရွယ်လောက်ကနေ အသက် ၄၀-၅၀ အရွယ်တွေအထိ မူးယစ်ဆေးဝါး သုံးစွဲနေတာကို တွေ့ရပါတယ်။ ဒီလိုလူငယ်လူလတ်ပိုင်းအရွယ်တွေကြား မူးယစ်ဆေးသုံးစွဲမှုမြင့်မားလာတာက အနာဂတ် တိုင်းပြည်အတွက် မကောင်းနိုင်ပါဘူး။

မေး ။ ဒီလိုမျိုး မူးယစ်ဆေးသုံးစွဲမှုနှုန်း မြင့်လာရတာက ဘာကြောင့်လို့ ထင်ပါသလဲ ဆရာ။
ဖြေ ။ ကျွန်တော့်အထင်က မူးယစ်ဆေးဝါးကို အလွယ်တကူ ရရှိနေတာလည်း ပါတယ်၊ တချို့နေရာတွေမှာ ဆိုရင် ဈေးပေါပေါနဲ့ ရနေတာလည်း ပါတယ်။ လူငယ်တွေဆိုတော့ သူငယ်ချင်းတွေရဲ့ လှုံ့ဆော်မှုတွေ ကြောင့်လည်း ပါတယ်။ ဒီအခြေအနေတွေက သုံးစွဲဖို့ ဖန်တီးသလို ဖြစ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။

မေး ။ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ သုံးစွဲတဲ့အခါ ကျန်းမာရေးကို ဘယ်လိုထိခိုက် စေနိုင်ပါသလဲ ဆရာ။
ဖြေ ။ မူးယစ်ဆေးသုံးစွဲတာကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာမှာတော့ မူးယစ်ဆေးကို စွဲလမ်းတဲ့ပြဿနာဖြစ်ပြီး ဆေးကို မသုံးစွဲရရင် မနေ နိုင်တဲ့သဘောဖြစ်လာပါတယ်။ အဲဒီအခါ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်လာပါတယ်။ ဘိန်းမသုံးရရင် အဆစ်အမျက်ကိုက်ခဲတယ်၊ နှာရည်ယိုတယ်၊ ဝမ်းလျှောတယ် . . ဆေးပြတ်တဲ့ဒဏ်ကိုအလူးအလဲခံရတယ်။ စိတ်ကြွဆေးမသုံးရရင် အလုပ်မလုပ်နိုင်တော့ဘူး။ အမောမခံနိုင်ဘူး စသဖြင့် သုံးစွဲ တဲ့အမျိုးအစားပေါ်မူတည်ပြီး ကျန်းမာရေးထိခိုက်နိုင်ပါတယ်။

လူမှုရေးပိုင်းဆိုင်ရာမှာ သူတို့ကိုယ်သူတို့ ယုံကြည်မှုအားနည်းလာပါတယ်။ သူများက တစ်ခုခုပြောလိုက်ရင် အလိုလိုနေရင်း သိမ်ငယ်တဲ့ စိတ်ဝင်နေတယ်။ အဲဒီတော့ လူမှုအသိုင်းအဝိုင်းထဲ မဝင်ရဲဘူး။ စီးပွားရေးမှာလည်း ထိခိုက်လာတယ်၊ တချို့လည်း အလုပ်တွေပြုတ်တယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ထိခိုက်လာတယ်။ သူများက မခွဲခြားဘဲနဲ့ သူတို့ကိုယ်သူတို့ ခွဲခြားဆက်ဆံသလို ခံစားရပြီးတော့ လူမှုစီးပွားရေး အားနည်းသွားတတ်ပါတယ်။

မေး ။ မူးယစ်ဆေးဝါး သုံးစွဲမှု လျော့ကျအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်သင့်ပါသလဲ ဆရာ။
ဖြေ ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် ဝန်ကြီးဌာနတစ်ခုတည်းမဟုတ်ဘဲ နှီးနွှယ်ဆက်စပ်နေတဲ့ ဝန်ကြီးဌာန တွေအကုန်လုံး ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ ကျွန်တော်နားလည်သလောက် ပြောရရင် ပြည်ထဲရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ပြန်လည်နေရာချထားရေးဌာန၊ ပညာရေးဝန်ကြီးဌာန စတဲ့ နှီးနွှယ်ဝန်ကြီး ဌာနတွေပါဝင်ဖို့နဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် ဘတ်ဂျတ်တွေကို မြှင့်တင်ပေးဖို့ လိုတယ် လို့ယူဆပါတယ်။ ဒီပြဿနာက အမျိုးသားရေး ပြဿနာဖြစ်တဲ့အတွက် ဝန်ကြီးဌာနတွေ ပူးပေါင်းဆောင်ရွက်မှ အဆင်ပြေမယ်လို့ ထင်ပါတယ်။ အခုလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ မူဝါဒတွေ ရေးဆွဲဖို့ ကြိုးစားနေပါတယ်။ အခုကာလကတော့ အားလုံး ဝိုင်းဝန်း ကြိုးပမ်းနေတဲ့ ကာလဖြစ်ပါတယ်။

မေး ။ မိဘတွေက ကိုယ့်သားသမီး မူးယစ်ဆေးဝါး သုံးနေသလားဆိုတာ ဘယ်လိုလက္ခဏာတွေကို ကြည့် ပြီး သိနိုင်မလဲ ဆရာ။
ဖြေ ။ မူးယစ်ဆေး သုံးစွဲတဲ့ လူငယ်တွေကို မေးကြည့်တော့ အများစုက မသိကြဘူး၊ သုံးစွဲသူကိုယ်တိုင် ဝန်ခံမှပဲသိကြတယ်။ တချို့က သုံးစွဲသူလူငယ်တွေ နေမကောင်းတဲ့အခါကျမှ သတိထားမိကြတယ်။ ဥပမာ ဘိန်းမည်း သုံးစွဲတဲ့ လူငယ်လူလတ်တွေဆိုရင် အဆစ်အမျက်ကိုက်ပြီး ဖျားတယ်၊ နှာစေးတယ်၊ ဝမ်း လျှောတယ်၊ ချောင်းဆိုးတယ် . .ဒီလိုဖြစ်လာတော့ မိဘက ဆေးခန်းပြရင်း ရိပ်မိသွားပါတယ်။ တစ်ခါတ လေဆေးပြတ်လို့ ယင်းထတဲ့ဒဏ် မခံစားနိုင်မှသာ မိဘက သတိပြုမိသွားတာများပါတယ်။ ကိုယ့်ကလေးက အရမ်းအိပ်နေတယ်၊ အိမ်ထဲပဲ အောင်းနေတယ်ဆိုရင် ဘိန်းမည်းသုံးနေသလား၊ ပုံမှန်မဟုတ်ဘဲ တက်ကြွနေရင် စိတ်ကြွဆေးသုံးနေသလား စသဖြင့် ကိုယ့်သားသမီးက အရင်နဲ့မတူဘဲ အပြုအမူ ပြောင်းလဲမှုရှိသလားဆိုတာကို မိဘတွေအနေနဲ့ သတိထား စောင့်ကြည့်ဖို့လိုပါတယ်။

မူးယစ်ဆေးသုံးစွဲသူတွေကို မေးကြည့်လိုက်တဲ့အခါ အလယ်တန်းအဆင့်ကျောင်းသားလောက်က စသုံးတာ များပါတယ်။ သူငယ်ချင်းက တိုက်တွန်းလို့၊ သူငယ်ချင်းက ယူလာပေးလို့ စသုံးရာက စွဲသွားတဲ့အတွက် အလယ်တန်းအဆင့်လောက် ရောက်ပြီဆိုရင် မိဘတွေက ကိုယ့်ကလေးကို ဂရုစိုက်ပြီး သူတို့အပြု အမူပြောင်းလဲလာသလားဆိုတာကို ဆန်းစစ်နေဖို့ လိုပါတယ်။

မေး ။ မိဘတွေက ကိုယ့်သားသမီးမူးယစ်ဆေးဝါးမသုံးစွဲဖြစ်အောင် ဘယ်လို ပြုစုပျိုးထောင်ပေးသင့်ပါသလဲ ဆရာ။
ဖြေ ။ မူကြိုအရွယ်ကတည်းက မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပညာပေးကားတွေ၊ ပညာပေးစာစောင်တွေ၊ ဝတ္ထုတွေ စသဖြင့် ပြသထားဖို့ လိုပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေကိုယ်တိုင် ဘယ်လို ပြောသလဲဆိုရင် “မူးယစ်ဆေးဝါးသုံးစွဲလို့ ပြင်းပြင်းထန်ထန်ခံစားရတဲ့ပုံတွေ၊ ဒါကြောင့် ဘဝပျက်သွား တာတွေကို နာကြဉ်းအောင်ပြနိုင်ရင်တော့ လူငယ်တွေ မသုံးနိုင်ဘူး၊ ကျွန်တော်တို့ မသိခဲ့တဲ့အတွက် ဆေးထဲနွံနစ်နေတယ်၊ ကျွန်တော်တို့လည်း လွတ်မြောက်ချင်ပါတယ်”လို့ ဆိုပါတယ်။

ပညာပေးတဲ့အခါ လူငယ်တွေ မူးယစ်ဆေးဝါးကို အကြောက်တရားရသွားအောင် ပညာပေးရင် ထိရောက်တယ်လို့ သူတို့က အကြံပြုပါတယ်။

မေး ။ လူငယ်လူရွယ်တွေကို မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျစေဖို့ ဆရာပညာပေးလုပ်ငန်းတွေ အတော်များများ လုပ်ခဲ့တယ်ဆိုတာကိုလည်း သိရပါတယ်။ အဲဒါလေးနဲ့ ပတ်သက်ပြီး ပြောပြပေးပါလား ဆရာ။
ဖြေ ။ ၂၀ဝ၇-၂၀ဝ၈ မှာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းနဲ့ ယူနီဆက် ပူးပေါင်းဆောင်ရွက်တဲ့ လူငယ်ထုအတွင်း HIV ကာကွယ်တားဆီးရေးအတွက် မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေး ဆိုတဲ့ စီမံချက်တစ်ခုရှိတယ်။ ၁၄နှစ်နဲ့ ၂၄ နှစ်ကြား ဘဝတစ်သက်တာ ကျွမ်းကျင်မှု(Life Skill)သင်တန်း ၅ ရက်ပေးခဲ့တယ်။ လူငယ်တွေကို ဘဝမှာ ကိုယ့်ဘာသာ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိအောင်ပေးတဲ့ သင်တန်း ဖြစ်ပါတယ်။ နှစ်နှစ်-သုံးနှစ်အတွင်း အောင်မြင်ခဲ့ပါတယ်။ အကြောင်းကြောင်းကြောင့် အဲဒီစီမံချက်က ပြီးသွားတယ်။ ၂၀၁၄ နှစ်စမှာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေက ဦးဆောင်ပြီး “မိဘများ၏ ဆန္ဒအဖွဲ့”ဖွဲ့ပြီး တောင်ကြီးက ရွာတွေမှာ ဒီတစ်သက်တာ ကျွမ်းကျင်မှု(Life Skill) သင်တန်းကို ၂ရက် ဒါမှမဟုတ် ၃ ရက်ပေးခဲ့တယ်။ အဲဒါလည်း အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုရန်ပုံငွေမရှိတော့ အဲဒီသင်တန်းတွေ ရပ်သွားပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလိုသင်တန်းတွေ ဆက်ပေးစေချင်ပါတယ်။ ဒီလို သင်ပေးမှသာ မသုံးတဲ့ လူငယ်တွေ မစမိအောင်၊ သုံးနေတဲ့ လူငယ်တွေ ပြတ်သွားအောင်၊ ပြတ်သွားတဲ့ လူငယ်တွေ ပြန်မစမိအောင် ကူညီနိုင်လိမ့်မယ်။ ဒီသင်တန်းရဲ့ ရည်ရွယ်ချက်ကိုက မူးယစ်ဆေးသုံးစွဲသူ လူငယ်တွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ပြီး အသက်မွေးဝမ်းကျောင်းအလုပ်တွေ လုပ်နိုင်တဲ့အထိ ရည်ရွယ်ခဲ့တာပါ။ ဒါကို ပူးပေါင်းပါဝင်ပံ့ပိုးမယ့် အဖွဲ့အစည်းတွေရှိရင် ကျွန်တော်တို့က ကူညီဖို့ အသင့်ပါပဲ။

မေး ။ မြန်မာလူငယ်လူလတ်ပိုင်းတွေကြား မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ကျစေဖို့ ဆရာထပ်မံ ပြောကြားလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ ။ လူငယ်လူလတ်ပိုင်းတွေကို မူးယစ်ဆေးဝါး မသုံးစွဲဖို့ ပညာပေးချင်ပါတယ်။ သုံးနေတဲ့ လူငယ်တွေကို ဆေးဖြတ်ပြီး ပုံမှန်လူမှုဘဝထဲ ကျင်လည်နေထိုင်နိုင်အောင် အသက်မွေးဝမ်းကျောင်းပညာတွေ ပေးချင် ပါတယ်။ ဒါကို နိုင်ငံတော်အစိုးရ၊ ပြည်သူလူထု၊ အရပ်ဖက်အဖွဲ့အစည်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အားလုံး ပူးပေါင်းပါဝင်မယ်ဆိုရင်တော့ ဒီအမျိုးသားရေး ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ထင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top