Healthy Life Ad
Life Style

ပန်းသေပန်းညှိုးဝေဒနာရှိရင် . . .(၃)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

ပန်းသေပန်းညှိုးရောဂါကုသနည်းတချို့ကို ဆက်လက်ဖော်ပြပါမယ်။ ပန်းသေပန်းညှိုးပြဿနာရှိတဲ့ ယောကျာ်းတွေဟာ ဖိုလိင်ဟော်မုန်း (Testosterone) ကိုအားကိုးလေ့ရှိပါတယ်။ ပန်းသေပန်းညှိုးရောဂါ ရှိသူတိုင်းအတွက် ဖိုလိင်ဟော်မုန်းကို အသုံးပြုကုသနိုင်ပါသလား။

အနည်းငယ်ရှင်းပြပါမယ်။ ဖိုလိင်ဟော်မုန်းရဲ့ အဓိကအာနိသင်တွေက (က) သန္ဓေသားအရွယ်မှာ မိခင်ရဲ့ သွေးထဲမှာရှိတဲ့ ဖိုလိင်ဟော်မုန်းကြောင့် ဖိုလိင်အင်္ဂါတွေကို ဖြစ်ပေါ်စေပါတယ်။

(ခ) လူပျိုပေါက်အရွယ်မှာ ဖိုလိင်ဟော်မုန်းကြောင့် လူပျိုဖော်ဝင်စ လက္ခဏာတွေဖြစ်တဲ့ အသံသြလာခြင်း၊ နှုတ်ခမ်းမွေး၊ ချိုင်း(ဂျိုင်း)မွေး၊ မုတ်ဆိတ်မွေး၊ လိင်အင်္ဂါမွေးပေါက်ခြင်း၊ ကြွက်သားနဲ့ အရိုးသန်မာကြီးထွားခြင်း၊ ဝှေးစေ့မှ သုက်ကောင်ထုတ်လုပ်ပေးခြင်း စသည်တို့ ပေါ်ပေါက်လာစေတယ်။

(ဂ) အရွယ်ရောက်သူတွေမှာ ဖိုလိင်ဟော်မုန်းက ကြွက်သားဖွံ့ဖြိုးတာ၊ ခွန်အားရှိတာနဲ့ အရိုးသန်မာတာကို အားပေးတယ်။ စိတ်ခံစားမှုကို လွှမ်းမိုးတယ် (ဥပမာ- အမျက်ဒေါသထွက်တာ)

(ဃ) ဖိုလိင်ဟော်မုန်းက လိင်တံတင်းမာတာနဲ့ တိုက်ရိုက်မသက်ဆိုင်ဘူး။ ဖိုလိင်ဟော်မုန်း များပြားနေပေမယ့် လိင်တံတင်းမာမှုကို အားပေးမှာမဟုတ်ဘူး။ ပန်းသေပန်းညှိုးရောဂါရှိသူအများစုမှာ သာမန်လိင်ဟော်မုန်းပမာဏရှိတယ်။ ဒါကြောင့် ဖိုလိင်ဟော်မုန်းချို့တဲ့ဝေဒနာ (Hypogonadism) ကြောင့် ပန်းသေပန်းညှိုးပြဿနာရှိသူတွေမှာသာ ဖိုလိင်ဟော်မုန်းကို အသုံးပြုကြပါတယ်။ ဖိုလိင်ဟော်မုန်းချို့တဲ့ ဝေဒနာ ရှိ၊ မရှိ ဘယ်လိုသိနိုင်သလဲ။

ယောကျာ်းတွေရဲ့ သွေးထဲမှာ ပုံမှန်အားဖြင့် ဖိုလိင်ဟော်မုန်းပမာဏ ၃၀ဝ မှ ၁၂၀ဝ ng/dl ရှိပါတယ်။ တစ်ချိန်နဲ့တစ်ချိန် အပြောင်းအလဲရှိနိုင်ပါတယ်။ သွေးထဲမှာ ဖိုလိင်ဟော်မုန်း ၃၀ဝ ng/dl အောက် အမြဲတမ်းကျဆင်းနေရင် ဖိုလိင်ဟော်မုန်းချို့တဲ့ရောဂါလို့ ယူဆပါတယ်။ ဒီရောဂါမှာတွေ့ရှိရတဲ့ ရောဂါလက္ခဏာတွေကတော့ ခွန်အားယုတ်လျော့တာ၊ မောပန်းလွယ်တာ၊ စိတ်တိုလွယ်တာ၊ စိတ်ဓာတ်ကျတာ၊ အမွေးကျွတ်တာ၊ ချွေးထွက်များတာ၊ အရေပြားပူလောင်တာ၊ ကြွက်သားသိမ်လှီလာတာ၊ ဝလွန်းလာတာတို့ ဖြစ်ပါတယ်။

ဖိုလိင်ဟော်မုန်းချို့တဲ့ဝေဒနာရှိလို့ ပန်းသေပန်းညှိုးဖြစ်တာဆိုရင် ဖိုလိင်ဟော်မုန်းနဲ့ အစားထိုးကုသနိုင်ပါတယ်။ ဖိုလိင်ဟော်မုန်း ထိုးဆေး ဒါမှမဟုတ် အရေပြားကပ်ပလက်စတာဆေးကို အသုံးများပါတယ်။ ဖိုလိင်ဟော်မုန်းစားဆေးကို အသုံးပြုရင် အစာအိမ်နဲ့အူမှ စုပ်ယူမှုနည်းပါးလို့ ထိရောက်မှုမရှိပါ။ ဖိုလိင်ဟော်မုန်း ချို့ယွင်းရောဂါမရှိဘဲ လိင်ဆန္ဒစွမ်းအင်များပြားစေချင်လို့ ဖိုလိင်ဟော်မုန်းကို အသုံးပြုရင် အကျိုးကျေးဇူးမရှိဘဲ ဘေးထွက်ဆိုးကျိုးတွေကိုသာ ခံစားရလိမ့်မယ်။ ဥပမာ သွေးတိုးတက်ခြင်း၊ သွေးထဲမှာ ကိုလက်စထရောအဆီတက်ခြင်း၊ နှလုံးလေဖြတ်ခြင်း၊ ဦးနှောက်လေဖြတ်ခြင်းနဲ့ ဆီးကျိတ်ကင်ဆာဖြစ်ပွားဖို့ အလားအလာများတာတို့ ဖြစ်ပါတယ်။

ဒါကြောင့် ပန်းသေပန်းညှိုးရောဂါရှိရင် ဖိုလိင်ဟော်မုန်းကို အားမကိုးသင့်ပါဘူး။ Healthy Life အတွဲ(၆)မှာ ဖော်ပြထားတဲ့ ကုထုံးတွေနဲ့ မသက်သာရင် ဒုတိယအဆင့်အဖြစ် အသုံးပြုတဲ့ ကုထုံးတွေရှိပါတယ်။

(က) Aprostadil လိင်တံထိုးဆေး

Aprostadil ရဲ့ အာနိသင်က လိင်တံထဲမှာရှိတဲ့ သွေးကြောမွှာစုကို ကျယ်ပြန်စေပါတယ်။ ဒီဆေးကို ထိုးဆေးအဖြစ် လိင်တံဘေးက အသားထဲကို အပ်သေးသေးသုံးပြီး အသုံးပြုပါတယ်။ မှန်မှန်ကန်ကန် အသုံးပြုတတ်ဖို့ ဆရာဝန် ဒါမှမဟုတ် သူနာပြုက သင်ကြားပေးပါတယ်။ ဆေးထိုးပြီး ၅ မိနစ်မှ ၁၀ မိနစ်အတွင်း လိင်တံတင်းမာလာပါတယ်။ နာရီဝက်-တစ်နာရီအထိ အရှိန်ရှိနိုင်ပါတယ်။ ပန်းသေပန်းညှိုးရောဂါရှင် ၈၀ ရာခိုင်နှုန်းမှာ အောင်မြင်မှုရှိကြောင်း တွေ့ရှိရတယ်။ နှလုံးရောဂါရှိသူ၊ သွေးတိုးရောဂါရှိသူ၊ သွေးယိုလွယ်ရောဂါရှိသူ၊ သွေးပြန်ကြောသွေးခဲရောဂါရှိသူ၊ သွေးအားနည်းရောဂါတစ်မျိုး (Sickle Cell Anaemia) ရှိသူနဲ့ လိင်တံကွေးကောက်ရောဂါရှိသူတွေ လိင်တံထိုးဆေးကုသနည်းကို အသုံးမပြုသင့်ပါဘူး။

ဘေးထွက်ဆိုးကျိုးတွေကတော့ ဆေးထိုးအပ်ပေါက်မှ သွေးယိုစီးခြင်း၊ သွေးမတိတ်ခြင်း၊ လိင်တံရောင်ရမ်းခြင်း၊ ဆီးသွားဖို့ခက်ခဲခြင်း၊ ဆီးထဲမှာသွေးပါလာခြင်း၊ မူးဝေလဲကျခြင်းတို့ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုရှိပါတယ်။ ဘေးကလူတွေအဖို့ ရယ်စရာလို ဖြစ်နေပေမယ့် ဝေဒနာရှင်အတွက် ရှက်စရာကောင်းပြီး အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုးပါ။ ၄ နာရီကျော်ကြာ ရှည်အောင်လိင်တံတင်းမာနေခြင်း (Priapism) ဖြစ်ပါတယ်။ အချိန်မီမကုသရင် လိင်တံပျက်စီးသွားနိုင်တယ်။ လိင်တံကို ရေခဲအိတ်ကပ်ပေးရတယ်။ မသက်သာရင် ဆေးရုံ/ဆေးခန်းမှာ ကုသမှုခံယူရမယ်။ Pseudoephedrine ဆေးလုံးနဲ့ ကုသနိုင်တယ်။ ဝေဒနာအချိန်ကြာလာရင် Phenylepherine ထိုးဆေးနဲ့ လိင်တံထဲကိုထိုးပေးပြီး ကုသနိုင်ပါတယ်။ အခြေအနေပိုဆိုးလာရင် လိင်တံထဲမှာ စုစည်းနေတဲ့ သွေးတချို့ကို စုပ်ထုတ်ပစ်ရပါမယ်။

(ခ) Aprostadil ဆေးကို “ဆီးလမ်းကြောင်းဆေးတောင့်”အဖြစ် ထုတ်လုပ်ထားတာရှိပါတယ်။ ဆေးအမည်ကတော့ Medicated Urethral System For Erection (MUSE) ဖြစ်တယ်။ ဆန်စေ့ဝက်လောက်အရွယ်ရှိတဲ့ Aprostadil ဆေးတောင့်လေးကို လိင်တံထိပ်ပေါက်မှ ဆီးလမ်းကြောင်းထဲကို ထိုးသွင်းပေးရတယ်။ ဆေးတောင့်ထည့်သွင်းပြီး ၁၀ မိနစ်ပတ်ဝန်းကျင်မှာ လိင်တံတင်းမာလာပါတယ်။ နာရီဝက်-တစ်နာရီအထိ အာနိသင်ကြာရှည်နိုင်တယ်။ ပန်းသေပန်းညှိုးရောဂါရှိသူ ၅၀ ရာခိုင်နှုန်းခန့်မှာ အောင်မြင်မှုရှိကြောင်း သိရပါတယ်။ စားဆေးနဲ့မတည့်သူ၊ လိင်တံထိုးဆေးကို အသုံးမပြုချင်သူတွေအတွက် အကျိုးရှိတဲ့ ကုသနည်းတစ်ခုဖြစ်ပါတယ်။

ဆီးလမ်းကြောင်းရောဂါရှိရင် MUSE ဆေးကို အသုံးမပြုသင့်ပါ။ ကုသမှုကြောင့် ဆီးလမ်းကြောင်းနာကျင်ခြင်း၊ ဆီးလမ်းကြောင်းမှ သွေးအနည်းငယ်ကျဆင်းခြင်းတို့ ဖြစ်တတ်ပါတယ်။ ရေရှည်သုံးစွဲရင် ဆီးလမ်းကြောင်းမှာ အမာရွတ်ဖြစ်လာနိုင်ပါတယ်။

(ဂ) လိင်တံလေစုပ်ကိရိယာ (Penis Pump)

လိင်တံလေစုပ်ကိရိယာကို “ဗီစီဒီ” (VCD) (Vacuum Constriction Devices) လို့ ခေါ်ပါတယ်။ ဗီစီဒီဆိုတာ လေစုပ်ကိရိယာနဲ့ ဆက်သွယ်ထားတဲ့ တစ်ဖက်ပိတ် တစ်ဖက်ပွင့် ပိုက်ပြွန်ချောင်းတစ်ခုဖြစ်ပါတယ်။ ပွင့်နေတဲ့ဘက်မှာ ရော်ဘာကွင်းတပ်ထားတယ်။ အသုံးပြုတဲ့အခါ ပိုက်ပြွန်ချောင်းကို လိင်တံမှာစွပ်ပေးပြီး အရင်းမှာ ရော်ဘာကွင်းနဲ့ တင်းကျပ်အောင် တုပ်ထားရတယ်။ လက်အားကိုဖြစ်ဖြစ်၊ ဘက်ထရီအားကိုဖြစ်ဖြစ် အသုံးပြုပြီး လေစုပ်ကိရိယာကိုအသုံးပြုနိုင်တယ်။

ပိုက်ပြွန်ချောင်းထဲမှာ လေဟာနယ်ဖြစ်သွားတယ်၊ လေဖိအားမရှိတော့ဘူး၊ လိင်တံပေါ်မှာ လေဖိအားမသက်ရောက်တော့ဘူး။ ဒီတော့ လိင်တံထဲမှာရှိတဲ့ သွေးကြောမွှာတွေ ကျယ်ပြန့်လာပြီး လိင်တံထဲကို သွေးစီးဝင်စုစည်းလာပါတယ်။ လိင်တံတင်းမာလာတယ်။ အဲဒီအချိန်မှာ ရော်ဘာကွင်းကို ပိုက်ပြွန်ချောင်းမှရွှေ့ပြီး လိင်တံအရင်းပိုင်းကို တုပ်နှောင်ထားရတယ်။ ပိုက်ပြွန်ချောင်းကို ဖယ်ထုတ်ပစ်နိုင်ပြီး လိင်တံဟာ နာရီဝက်လောက် ဆက်လက်တင်းမာနေလိမ့်မယ်။

“ဗီစီဒီ”ကိရိယာကို အသုံးပြုရင် ပန်းသေပန်းညှိုးရောဂါရှိသူ ၅၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ အောင်မြင်မှုရှိကြောင်း သိရှိရပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ လိင်တံခရမ်းရောင်သမ်းလာခြင်း၊ လိင်ဆက်ဆံစဉ် ပူနွေးတဲ့ထိတွေ့မှုမရှိဘဲ လိင်တံအေးစက်စက်ရှိခြင်း၊ ထုံကျဉ်ခြင်း၊ ရော်ဘာကွင်းတုပ်နှောင်ထားတဲ့နေရာမှာ ညိုမည်းကွက်ဖြစ်ပေါ်ခြင်း၊ ကိရိယာကြောင့် လိင်တံပွန်းပဲ့ခြင်းတို့ဖြစ်ပါတယ်။ ရော်ဘာကွင်းက ညှစ်ထားတဲ့အတွက် သုက်ထွက်နည်းတာ ဖြစ်တတ်ပါတယ်။

အခုအခါ ကမ္ဘာပေါ်မှာ ရေပန်းစားနေတဲ့ ပရဆေးတစ်မျိုးကတော့ Ginseng ဖြစ်ပါတယ်။ ဂျင်ဆင်းမှာပါတဲ့ ဓာတုပစ္စည်းတစ်မျိုး (Ginsenosides)က Nitric Oxide ဓာတ် ထုတ်လုပ်မှုကိုအားပေးတယ်။ သွေးကြောကျယ်ပြန့်စေပါတယ်။ ပန်းသေပန်းညှိုးရောဂါကုသရာမှာ ‘အနည်းငယ်’ အကျိုးရှိတဲ့ အထောက်အထားတချို့ရှိပါတယ် . . .

အထက်မှာ ဖော်ပြခဲ့တဲ့ ကုသနည်းအမျိုးမျိုးနဲ့ ကုသမှုခံယူပေမယ့် ရောဂါသက်သာပျောက်ကင်းမှု မရှိသူတွေရှိနိုင်ပါတယ်။ အဲဒီလို ပန်းသေပန်းညှိုးရောဂါရှင်တွေကို ခွဲစိတ်ကုသနည်းနဲ့ ကုသပေးတာရှိပါတယ်။ လိင်တံအတုထည့်ပေးတာ (Penile Implant/ Penile Prothesis) နဲ့ လိင်တံသွေးကြော ခွဲစိတ်ကုသတာတို့ဖြစ်ပါတယ်။ တတိယအဆင့်ကုသနည်းတွေ ဖြစ်ပါတယ်။

ပန်းသေပန်းညှိုးရောဂါရှိသူတွေဟာ မိမိရဲ့ပြဿနာကိုလူသိမခံချင်တော့ လက်လှမ်းမှီရာ ဆေးမြီးတိုတွေကို အားကိုးတတ်ကြပါတယ်။ မြန်မာနိုင်ငံမှာ ပန်းသေပန်းညှိုးရောဂါအတွက် အသုံးပြုတဲ့ သစ်ပင်သီးနှံတွေရှိပါတယ်။ ဒန့်သလွန်မြစ်၊ ခွေးလှေယားစေ့၊ ဆူးလေစေ့၊ မြင်းခွာရွက်၊ ကျွဲခေါင်းသီး၊ ကျည်းနီသီး၊ ခွေးတောက်ရွက်၊ ဖန်ခါးသီး၊ ထိကရုံးမြစ်၊ ကညွတ်ဥ၊ နတ်ဆေးဂမုန်း၊ ဖလံတောင်ဝှေး၊ ဆိတ်ဖလူးပန်းပွင့်၊ ပင်စိမ်းရွက်၊ မဉ္ဇူပန်း၊ ဗာဒံစေ့၊ ဇာတိပ္ဖိုလ်သီး၊ ခပေါင်းကြီးရွက်စတာတွေဖြစ်ပါတယ်။ (ပေါက်ပေါက်၊ ကြေးမုံသတင်းစာ၊ ၁၈/ဝ၄/၂၀၁၆ စာမျက်နှာ ၂၄)။ ဒါပေမဲ့ အဲဒီပရဆေးတွေရဲ့ အစွမ်းအာနိသင်ကို သိပ္ပံနည်းကျ လေ့လာထားတာတော့ မရှိသးဘူးလို့ ထင်ပါတယ်။

အခုအခါ ကမ္ဘာပေါ်မှာ ရေပန်းစားနေတဲ့ ပရဆေးတစ်မျိုးကတော့ Ginseng ဖြစ်ပါတယ်။ ဂျင်ဆင်းမှာပါတဲ့ ဓာတုပစ္စည်းတစ်မျိုး (Ginsenosides)က Nitric Oxide ဓာတ် ထုတ်လုပ်မှုကိုအားပေးတယ်။ သွေးကြောကျယ်ပြန့်စေပါတယ်။ ပန်းသေပန်းညှိုးရောဂါကုသရာမှာ “အနည်းငယ်” အကျိုးရှိတဲ့ အထောက်အထားတချို့ရှိပါတယ်။ ဂျင်ဆင်းကြောင့် သွေးယိုစီးလွယ်ပြီး နှာခေါင်းသွေးထွက်တဲ့ ဘေးထွက်ဆိုးကျိုးရှိနိုင်တယ်။ သွေးကျဲဆေး၊ သွေးခဲကာကွယ်ဆေး (ဥပမာ Warfarin)သောက်သုံးနေရင် ဂျင်ဆင်းကိုရှောင်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top