Healthy Life Ad
Men

ကျား၊ မ ဟိုနေရာ စိုလာတတ်တဲ့ ရောဂါ (Wet tip)

ဒေါက်တာတင့်ဆွေဖြေကြားသည်။

မေးမြန်းသူ (၁)။ ။”ရောဂါတစ်ခုရှိနေပါတယ် ဆရာရေ။ ပြောရမှာတော့ ရှက်စရာကောင်းလှပါတယ်။ နားနဲ့ မနာဘဲ ဖဝါးနဲ့သာ နာစေချင်ပါတယ်။ Sexy girl တွေ ကြည့်တဲ့အခါ အမြဲတန်းလိုလို လိင်တံက Semen သုက်အရည်တွေ ထွက်တတ်ပါတယ်။ အဲဒါ ဘယ်လိုလုပ် ကုစားရမယ်ဆိုတာကို ကျေးဇူးပြုပြီး ဖြေကြားပေးစေချင်ပါတယ်။ လိင်အင်္ဂါမှာ အရည်မစိုအောင် လုပ်သင့်သလား၊ မလုပ်သင့်ဘူးလားဆိုတာကို ကျေးဇူးပြုပြီး ဖြေကြားပေးစေချင်ပါတယ်။ နောက်လိင်အင်္ဂါမှာ အရည်မစိုအောင် လုပ်လိုက်မယ်ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ဆိုးကျိုးတွေ၊ ကောင်းကျိုးတွေကို မျှဝေပေးစေချင်ပါတယ်။ လူတိုင်းဖြစ်နေမယ်ဆိုရင် ဒီအကြောင်းအရာကို ရေးပေးမယ်ဆိုရင် ကောင်းမယ်ထင်ပါတယ်။ လူတိုင်းက ရှက်တက်တဲ့သူတွေဆိုတော့ မေးရမှာ အဆင်မပြေနိုင်ကြပါဘူး။”

မေးမြန်းသူ (၂)။ ။”စိတ်တော့မရှိပါနဲ့နော်၊ ကျွန်တော် တစ်ခုလောက်မေးချင်လို့ပါ။ စိတ်ပညာနဲ့ မကြည့်ဘဲ ဆေးပညာနဲ့ပဲ ကြည့်ပါဗျာ။ ကျွန်တော် လူပျိုဝင်ခါစတစ်ခါကတော့ ဖြစ်ဖူးပါတယ်။ အဲ့ဒီတုန်းကတော့ လူပျိုဝင်ခါစပဲလို့ထင်ပြီး နေလိုက်တယ်။ ယောကျာ်းအင်္ဂါကနေ အရည်ကြည့်လေးတွေထွက်တယ်။ နောက်ပိုင်းတော့ မထွက်တော့ဘူး။ အခု ၂၃ နှစ်ဝင်ခါစမှပဲ ထပ်ဖြစ်လာတယ်။ ဖြစ်ပုံကတော့ ဒီလိုအပြာကားတွေ ကြည့်ရင်ထွက်တယ်။ မကောင်းတဲ့စကားတွေ ပြောရင်လည်း ထွက်လာတယ်။ အဲ့ဒါကတော့ စိတ်တက်ကြွလို့ပဲဆိုပြီး နေလို့ရတယ်။ ဒါပေမဲ့ မစဉ်းစားဘဲလည်း ထွက်နေပြန်ရော။ ဘောင်းဘီလဲရတာလည်း မနည်းတော့ဘူး။ အဲဒါ ဘာကြောင့်ဖြစ်တယ်ဆိုတာ သိချင်ပါတယ် ခင်ဗျာ။ အဲဒီလိုမဖြစ်အောင်လည်း ဘာဆေးတွေဆောင်ထားရင် ကောင်းမလဲဆိုတာ သိချင်ပါတယ်။ အဲဒီလိုဖြစ်ရင် အားပြတ်တာတော့အမှန်ပဲ။ စားတိုင်းလဲ မဝဘူး။ ပိန်ပိန်လာတယ်။ အဲဒါအစများ ဖြစ်လာနိုင်မလားဗျာ။ ဟိုရောဂါကလည်း ၂ နှစ်နဲ့ ၁၀နှစ်ကြားမှာ ပေါ်တတ်တယ်လို့ သိရပါတယ်။ အရည်တွေ မကျအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ ပြောပြပေးပါ ခင်ဗျာ”

ဒီလိုဖြစ်တာက သိပ်(နော်မယ်လ်) ပုံမှန်ဖြစ်တယ်။ ယောကျာ်းလေးတိုင်း ဖြစ်တယ်။ မိန်းကလေးလည်း ဖြစ်တာပဲ။ လိင်စိတ်ကို ဆွပေးတာကို ကြည့်တာဖြစ်ဖြစ်၊ စိတ်ကူးတာဖြစ်ဖြစ်လိင်အင်္ဂါမှာ အရည်စိုလာတာ ပုံမှန်ပါ။ ဆေးကုစရာ မလိုပါ။ လိင်စိတ်ဆိုတာမျိုးက စိတ်အပြင် ဟော်မုန်းဓာတ်ကြောင့်ပါ ဖြစ်ရတာပါ။ စိတ်မကစားလည်း ဟော်မုန်းသတ္တိပြလာရင် ဒီစိတ်ကြွလာတယ်။ ဖြစ်ဖန်များသူဆိုရင် အကျင့်လို ရလာတတ်သေးတယ်။

မအိပ်ခင်က ဘာမှစိတ်ကူးမထားတာတောင် အိပ် မက်မက်ရင်း အိပ်ရာထဲမှာ သုတ်ထွက်တာမျိုးလည်း ရှိတယ်။ ဒါဟာ ထွက်ပေးဖို့ လိုနေတာကြောင့်လို့ ပြောရင် ရနိုင်တယ်။ ဘာမှ စိုးရိမ်စရာမလိုပါ။ လူ့ ကိုယ်ခန္ဓာကြီး တည်ဆောက်ထားပုံနဲ့ လူ့ဇီဝကမ္မ အလုပ်တွေဟာ အင်မတန်ကောင်းလွန်းလှတဲ့ စက်တို့ ကွန်ပျူတာတို့ထက် အဆအများကြီးသာတယ် …

မအိပ်ခင်က ဘာမှ စိတ်ကူးမထားတာတောင် အိပ်မက်မက်ရင်း အိပ်ရာထဲမှာ သုတ်ထွက်တာမျိုးလည်း ရှိတယ်။ ဒါဟာ ထွက်ပေးဖို့ လိုနေတာကြောင့် လို့ပြောရင်ရနိုင်တယ်။ ဘာမှ စိုးရိမ်စရာမလိုပါ။ လူ့ကိုယ်ခန္ဓာကြီး တည်ဆောက်ထားပုံနဲ့ လူ့ဇီဝကမ္မအလုပ်တွေဟာ အင်မတန် ကောင်းလွန်းလှတဲ့ စက်တို့ ကွန်ပျူတာတို့ထက် အဆအများကြီး သာတယ်။ ပိုတာ-မလိုတာကို ထုတ်ပစ်တတ်တယ်။ လိုတာကို ဖြည့်ပေးနိုင်တယ်။ မသင့်တာကို သန့်ပေးနိုင်တယ်။

ဒီပြဿနာမှာလည်း Semen အရည်ကြည်ဖြစ် ဖြစ် Sperm သုက်ရည်ဖြစ်ဖြစ် ထွက်သင့်ချိန်မှာ ထွက်စေတာဖြစ်ပါတယ်။ Semen အရည်ကြည်ဆိုတာက လိင်စိတ်ပေါ်လာရင် အင်္ဂါအဝမှာ စိုလာတာကို ပြောတာပါ။ တကယ်လို့ ဆက်ဆံမယ်ဆိုရင် အဆင်ပြေအောင် ပြင်ဆင်ပေးမှုဖြစ်တယ်။ Sperm သုက်ရည်ကတော့ လိင်စိတ်ပြည့်ဝ-ကျေနပ်သွားချိန် မှာ ယောကျာ်းအင်္ဂါကနေထွက်တာပါ။ မိန်းမတွေမှာလည်း Orgasm ရတယ်ဆိုရင် အရည်ထွက်လာတယ်။

ဒီလိုဖြစ်ခြင်း နှစ်မျိုးလုံးကြောင့် အားအင်ကုန်ခမ်းစေတာ အမှန်ပါ။ လိင်စိတ်ဖြစ်ပေါ်လာတာနဲ့ နှလုံးခုန် မြန်မယ်၊ သွေးလျှောက်တာ ပိုလာတယ်။ နွေးလာတယ်။ ဆောင်းတွင်းမှာတောင် အေးမှန်းမသိဘူး။ ဒါ့ကြောင့် အားပိုသုံးပစ်လိုက်တယ်။ ကယ်လိုရီ လျှော့ချင်ရင် နည်းကောင်းတစ်ခုလို့တောင် ဆိုကြသေးတယ်။

Orgasm ရသွားရင် ဘယ်သူပဲဖြစ်ဖြစ်(အင်နာဂျီ) အများကြီး ကုန်သွားတာမို့ ခြေပစ်လက်ပစ်ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ ဒီလိုဖြစ်ပြီးတာနဲ့ တစ်ခါတည်း အိပ်စက်လိုက်ရင် အားအင်တွေအလိုလို ပြန် ပြည့်လာတယ်။ မနက်အိပ်ရာထချိန်တိုင်းမှာ အားမှန်သမျှ ပြည့်ဝနေတယ်။

တကယ်လို့ အိပ်ရာထဲမှာ သူ့ဘာသာသုက်လွှတ်တာ ဖြစ်ဖြစ်နေရင် ညမအိပ်ခင် ရေမသောက်ပဲနေ၊ ဆီးသွားပြီးမှ အိပ်ရာဝင်၊ တစ်ခါခါ အာသာဖြေ(မာစတာဘိတ်) လုပ်ပါလို့ တချို့က အကြံပေးတယ်။

အားအင်ကုန်တာကို နားတာ၊ အိပ်တာနဲ့ မလုံလောက်ရင် ရိုးရိုးအားဆေး (ဗီတာမင်ဘီအုပ်စု)ကို သောက်ပါ။ အမျိုးအစား ကောင်းတာ ရွေးသင့်တယ်။ နာမည်ရှိ ဆေးကုမ္ပဏီက လာတာမျိုး ပြောတာပါ။ အစားအသောက်မှာလည်း အားဖြစ်စေတာမျိုး ပိုစားပါ။

အမျိုးသမီးတွေအတွက်ဆိုရင် ဗီတာမင်ဘီ၊ စီ၊ အီးအပြင် ဇင့်(သွပ်ဓါတ်)နဲ့ မဂ္ဂနီဆီယံ ဓာတ်ဆားတွေပါဖို့ လိုတယ်။ အစားအစာထဲကဆိုရင် ပဲပုပ်စေ့ကကောင်းသတဲ့။ ယောကျာ်းတွေအတွက် ကြက်ဥ၊ ငှက်ပျောသီးကိုညွှန်းတယ်။ သင်္ဘောသီးကို အရှောင်ခိုင်းတာကတော့ သုတေသန မဟုတ်ပါ။ ကိုယ်တွေ့ ဆိုပြီး တစ်ယောက်ချင်းက ပြောတာပါ။ နှလုံးအတွက်ကောင်းတဲ့ အစာတွေဟာ ဒီကိစ္စအတွက်ပါ ကောင်းတယ်လို့ ဆိုတာလည်း ရှိတယ်။

လိင်အတွက်ဆေး၊ အစာတွေဆိုတာက လိင်စိတ်အားပေးတာတွေ ဖြစ်တာမို့ မေးခွန်းမေးသူတွေ အလိုနဲ့ ပြောင်းပြန် ဖြစ်နေတာကို သတိထားပါ။

ဒီလိုဖြစ်တာကို ကိုယ်က မဖြစ်စေချင်ရင် အမြင်-အကြား-စိတ်ကူးစိတ်သန်း-အထိအတွေ့၊ လိင်စိတ်ကြွစေတာမှန်သမျှ ရှောင်ပါ။ အားနည်းတာ သက်သာအောင် ဒီလိုဖြစ်ပြီးတာနဲ့ ခဏအနားယူလိုက်ပါ။ စိတ်မှာ ‘ငါ ဒါ့ကြောင့် အားတွေ ယုတ်သွားလိုက်တာ’လို့ မတွေး၊ မထင်ပါနဲ့။ ‘ငါ့မှာ အားတွေ ပိုနေလို့ဖြစ်နိုင်စွမ်းတာလို့မှတ်ပါ။ ‘အသုံးပြုစဉ် အားပြန်ဝင်သည်’ဆိုတဲ့ ‘အေစီ-ဒီစီဒိုင်နမို’ကိုယ်ထဲမှာ ရှိနေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top