Healthy Life Ad
Life Style

လိင်တံကြီးဆေးထိုးပြီး နောက်ဆက်တွဲ ပြဿနာမျိုးစုံဖြင့် ရောက်လာသူတို့အား ကုသမှု

ပါမောက္ခဦးဦးကျော် (ခွဲစိတ်အထူးကုဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

လိင်တံကြီးလို၍ ဆေးထိုးခြင်း၊ ဆေးလိမ်းခြင်း၊ ဆေးသောက်ခြင်း စသည့် အပြုအမူများကို ခေတ်အ ဆက်ဆက်ကပင် အမျိုးသားအချို့ ပြုလုပ်ခဲ့ကြသည်။ သို့ဖြစ်ရာ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် လိင်တံ၏ လုပ်ငန်းဆောင်တာများ ထိခိုက်ခြင်း၊ ပုံမှန်အတိုင်းသွားလာလှုပ်ရှား၍ မရနိုင်ခြင်း၊ အမျိုးသားစွမ်းဆောင် နိုင်စွမ်းလုံးဝမရှိတော့ခြင်း စသည်တို့ ခံစားခဲ့ကြရပြီး ဘယ်ဆရာဝန်ထံ သွားပြရမှန်းလည်းမသိဘဲ မျိုသိပ်ခံစား နေရသူများခဲ့ကြသည်။ အချို့ဆိုလျှင် ရှက်ရွံ့စိတ်ဓာတ်ကျစွာ နေထိုင်ရင်း မတတ်သာသည့် အခြေအနေတွင် ဆေးရုံ၊ ဆေးခန်းအချို့ပြခဲ့သော်လည်း သေချာကုသပေးခြင်း မရှိသဖြင့် အားလျော့စွာ နောင်တရနေခဲ့ရသည်။ ဆေးကုသအောင်မြင်ပြီးသော အမျိုးသားအချို့က ခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဦးဦးကျော်နှင့် ကုသမှုခံယူ ခဲ့ကြောင်း ပြောကြားခဲ့သဖြင့် ဆရာကြီးအား ထိုကုသမှုနှင့် ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါသည်။

၊ အယ်ဒီတာ ၊

မေး ။ လိင်တံကြီးဆေးထိုးပြီး နောက်ဆက်တွဲပြဿနာတွေနဲ့ ရောက်လာတဲ့ လူနာတွေကို ဆရာ့အနေနဲ့ ဘယ်အချိန်ကတည်းက ခွဲစိတ်ကုသမှုပေးခဲ့ပါသလဲ။
ဖြေ ။ ၁၉၉၄ ခုနှစ်ကတည်းက ဒီလိုလိင်တံကြီးဆေး ရဲ့ နောက်ဆက်တွဲပြဿနာရှိသူ လူနာတွေကို ခွဲစိတ် ကုသမှု ပေးခဲ့တာပါ။ ဒီကုထုံးက ဆေးပညာစာအုပ်တွေထဲလည်း မပါဝင်ပါဘူး။ ဒီတော့ ဒီလူနာတွေ ရောက်လာတိုင်း မျက်နှာလွှဲမနေနိုင်တော့ ဘယ်လိုကုသရမလဲဆိုတာကို ကိုယ့်ဘာသာ လေ့လာပြီး ကု သမှုပေးခဲ့တာပါ။ ဒီလိုကုသအောင်မြင်ပြီးတဲ့အခါ ဆေးပညာညီလာခံမှာလည်း စာတမ်းတွေ တင်ပြခဲ့ပါတယ်။

မေး ။ ဒီလို ကုသမှုပေးရတာ ဘယ်လောက်ကြာသွားပြီ လဲဆရာ။
ဖြေ ။ အမျိုးသားအများစုက ဒီလို လိင်တံကြီးအောင် လုပ်တဲ့နည်းတွေကို လုပ်နေကြပါတယ်။ လုပ်ပြီးတဲ့ အခါတိုင်း အဆီခဲတွေ ဖြစ်တာ၊ ထိုင်လို့မရ ထိုင်လို့မရဖြစ်ပြီး နာကျင်ကိုက်ခဲတာတွေဖြစ်ပြီး ရောက်လာ ကြပါတယ်။ ဒီလိုလူနာတွေကို ခွဲစိတ်ကုသမှုပေးခဲ့တာ နှစ် ၂၀ ကျော်ရှိသွားပါပြီ။

မေး ။ လိင်တံကြီးဆေး ထိုးပြီး ရောက်လာတဲ့ လူနာတွေရဲ့ ထူးခြားတဲ့ ဖြစ်ရပ်လေးတွေကို သိပါရစေဆရာ။
ဖြေ ။ လိင်တံက ပွန်းပဲ့ပြီး အနာဖြစ်တယ်၊ အနာမကျက်တော့ အရည်ထွက်တယ် . .အဲဒီလို အခြေအ နေလည်းဖြစ်တယ်။ နောက်တစ်ခုက ဘယ်လိုပဋိဇီဝပိုးသတ်ဆေး(Antibiotics) တွေသောက်သောက် မပျောက်ပါဘူး။ အမြဲတမ်း မာတင်းနေတဲ့အတွက် စိတ်ထဲမှာ မသက်မသာဖြစ်လာပြီး စိတ်ဝေဒနာပါရ လာတယ်။ ဒီလိုဝေဒနာတွေ ခံစားနေရတဲ့အတွက် သူတို့ကို SJS(Strait Jacket Syndrome) လို့ နာမည်ပေးထားပါတယ်။ ဆိုလိုတာက ဒီလိုဆေးထိုးထားတဲ့ လိင်တံက ဓားကာထားသလို မာခဲနေတယ် လို့ ဆိုလိုတာပါ။

မေး ။ ဘယ်လိုအရွယ်တွေက လိင်တံကြီးဆေး ထိုးနှံတာများပါသလဲ ဆရာ။
ဖြေ ။ လိင်တံကြီးဆေး ထိုးကြတာကတော့ အရွယ်ပေါင်းစုံပဲ။ အထူးသဖြင့် အသက် ၂၀ ကနေ ၄၀- ၅၀အထိ ဒီဆေးထိုးတာများတယ်။ ပညာမတတ်တဲ့သူတွေ၊ ကုန်သည်တွေတင်မက ပညာတတ်တွေရော လူတန်းစားအမျိုးမျိုးကို တွေ့ရပါတယ်။

မေး ။ လိင်တံကြီးဆေးထိုးပြီး နောက်ဆက်တွဲပြဿနာ နဲ့ ရောက်လာတဲ့ လူနာကို ပင်ကိုအတိုင်းပြန်ကောင်း အောင် ဘယ်နှကြိမ်လောက် ခွဲစိတ်ကုသမှု ပေးရပါသလဲဆရာ။
ဖြေ ။

လိင်တံကြီးဆေးထိုးပြီး နောက်ဆက်တွဲပြဿနာ နဲ့ ရောက်လာတဲ့ လူနာတွေမှာ လိင်တံပင်ကိုအတိုင်း ပြန်ကောင်းဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ အနည်းဆုံးနှစ်ကြိမ်တော့ ခွဲရပါတယ်။ ဆေးထိုး ထားတဲ့နေရာက အဆီခဲတွေကို ဖယ်ထုတ်ရတယ်။ ကပ္ပာယ်အိတ်က အရေပြားကို ယူပြီး လိင်တံအရေပြားမှာ ပြန်အစားထိုးပေးရတယ်။ အဲဒီအတွက် ပုံပန်းသဏ္ဍာန်ကတော့ ဘယ်လိုနည်းနဲ့မှ ပုံမှန်အတိုင်း ပြန်မဖြစ်နိုင်တော့ပါဘူး။

ခွဲရတာ အရမ်းခက်ခဲပါတယ်။ နှစ်ကြိမ်ခွဲပြီးရင်တော့ လိင်စွမ်းဆောင်နိုင်စွမ်း ပြန်ရတတ်ပါတယ်။

မေး ။ လူနာတချို့ရဲ့ အပြောအရ ဆရာဝန်တချို့က လိင်တံကြီးဆေးထိုးပေးတာပါလို့ ဆိုပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာ့အမြင်လေး သိပါရစေ။
ဖြေ ။ လူနာတွေကို မေးကြည့်ရင် သူတို့က ဘယ်ဆရာဝန်က ထိုးပေးတယ်ဆိုတာကို မပြောကြဘူး။ အဲဒီတော့ ဆရာ့အနေနဲ့ ပြောနိုင်တာက ဆရာဝန်တွေအနေနဲ့ မလုပ်ပေးသင့်ပါဘူး၊ ဒီလို ကြီးဆေးတွေ ထိုးပေးရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်နိုင်တယ်ဆိုတဲ့ ဗဟုသုတရှိသင့်ပါတယ်။

မေး ။ လိင်တံကြီးဆေးထိုးတာက ဘယ်လို ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေပါသလဲ ဆရာ။
ဖြေ ။ လိင်တံကြီးဆေးထိုးပြီး ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးက လိင်တံအနာဖြစ်တယ်၊ အနာမကျက်ဘဲ အ ရည်ထွက်တယ်၊ နေရထိုင်ရခက်တယ်၊ အမြဲတမ်း စိတ်ဝေဒနာခံစားနေရတယ်။ ပိုဆိုးတာက သူ ခံစားနေရတဲ့ ဝေဒနာကို လူကြားထဲ ချမပြနိုင်ဘူး။ သူ့အိမ်ထောင်ဖက်ကလည်း မကြည်ဖြူဘူး။ သူများသိမှာ ရှက်တယ်။ ပြောရရင် အိမ်ထောင်ရေးပြဿနာကို ဖြစ်စေပါတယ်။ တချို့ဆိုရင် သားကြီးသမီးကြီးတွေ ရှိနေတဲ့အခါ ကလေးတွေ အရှက်ရတယ်၊ ကလေးတွေရဲ့ လေးစားကြည်ညိုမှုကလည်း နည်းသွားပါတယ်။
ဒါပေမဲ့ ဒီနေ့အချိန်အထိ ဒီကြီးဆေးထိုးလို့ ကင်ဆာဖြစ်တယ်ဆိုတာမျိုးတော့ တစ်ခါမှ မတွေ့ဖူးသေးပါဘူး။

မေး ။ လူငယ်လူရွယ်တွေကို လိင်တံကြီးဆေးနဲ့ ပတ် သက်ပြီး ဆရာ ပေးချင်တဲ့ အကြံဉာဏ်လေးရှိရင် ပြောပေးပါဦး။
ဖြေ ။ လူငယ်လူရွယ်တွေအနေနဲ့ လိင်တံကြီးဆေးကို မထိုးသင့်ပါဘူး။ သဘာဝကို လွန်ကဲတဲ့ စိတ်တွေ မထားသင့်ပါဘူး။ အကျိုးမရှိရုံတင်မက ဆိုးကျိုးကိုပါ ဖြစ်စေနိုင်တယ်။ နောက်ဆုံးတော့ ကိုယ်ဖြစ်ကိုယ်ခံပဲလေ. . ပြီးတော့ ကိုယ်ရဲ့အိမ်ထောင်ဖက်တင်မက ကိုယ့်သားသမီးတွေပါ အရှက်ရ စိတ်ညစ်ရတယ်။ အကောင်းလည်း ပြန်မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် မလုပ်သင့်ပါဘူး။

ဆရာ့အနေနဲ့က ကြီးဆေးထိုးပြီး နောက်ဆက်တွဲ ပြဿနာဖြစ်လာတဲ့ လူနာတွေကို ဆေးပညာအရသာ ပြုပြင်ပေးတာပါ။ ဒါကို လုပ်ဖို့ လုံးဝ အားမပေးပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top