Healthy Life Ad
Life Style

ပန်းသေပန်းညှိုးဝေဒနာရှိရင် . . .(၂)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

ဖြေ။ ။ ပန်းသေပန်းညှိုးရောဂါနဲ့ ပတ်သက်ပြီး မေးမြန်းထားတဲ့ ကိုကျော်ကြီးရဲ့ မေးခွန်းကို ဆက်လက်ဖြေကြားပါမယ်။

(၁) ယောကျာ်းတွေရဲ့ လိင်သဘာဝတစ်ခုကတော့ အိပ်ပျော်နေစဉ်မှာ အလိုအလျောက် လိင်တံတင်းမာ လာတာ ဖြစ်ပါတယ်။ အဲဒီလက္ခဏာရှိရင် ပန်းသေပန်းညှိုးရောဂါဟာ ခန္ဓာကိုယ်ရောဂါကြောင့် ဖြစ်ပွားတာမဟုတ်ဘဲ စိတ်ဖိစီးမှုဒဏ်ကြောင့် ဖြစ်ပွားတာလို့ ယူဆနိုင်ပါတယ်။ ရှေးဦးစွာ စားသောက်နေထိုင်မှုပုံစံကို ပြုပြင်ကြည့်ပါ။ သင့်တော်တဲ့ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ ဗီတာမင်ဓာတ်၊ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ သတ္တုဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို ဂရုပြုပြီး စားသုံးကြည့်နိုင်ပါတယ်။ အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးတွေကို ရှောင်နိုင်ရင် ကောင်းပါတယ်။ အနားယူသင့်တဲ့အချိန်မှာ အနားယူပါ။ ဝလွန်းရင် ကိုယ်အလေးချိန် လျှော့ချပေးပါ။

(၂) အောင်မြင်ဖို့ စိတ်လောနေတာများလွန်းရင်၊ မအောင်မြင်မှာကို စိုးရိမ်စိတ်များနေရင် အသုံးပြုနိုင်တဲ့ ကုသနည်းတစ်ခု ရှိပါတယ်။ ဆေးပညာမှာ “ထိတွေ့ခံစားမှုဗဟိုပြုကုထုံး”( Sensate Focus Therapy)လို့ ခေါ်ပါတယ်။

ပန်းသေပန်းညှိုးရောဂါရှိသူတွေ လိင်ဆက်ဆံချိန်မှာဖြစ်ပေါ်လာတတ်တဲ့ အတွေးစိတ်တွေရှိပါတယ်။ ဥပမာ မအောင်မြင်မှာကို ကြိုတင်ပူပန်နေတဲ့ စိတ်၊ လိင်ဖက်က ငြူစူမှာကို စိုးရိမ်တဲ့ စိတ်၊ လိင်တံတင်းမာလာဖို့ကိုသာ အာရုံပြုနေတဲ့ စိတ်၊ လိင်တံ တင်းမာလာခြင်း ရှိ၊ မရှိ ဆန်းစစ်ကြည့်နေတဲ့ စိတ် စတာတွေ ဖြစ်ပါတယ်။ အောင်မြင်စွာ လိင်ဆက်ဆံဖို့ “တာဝန်ရှိ”နေသလိုခံစားနေရတတ်တယ်။ ထိတွေ့ခံစားမှုဗဟိုပြုကုထုံးမှာ အဲဒီလိုစိတ်တွေကို ကျော်လွှားနိုင်ဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ကုထုံးကို အကျဉ်းချုပ်ရှင်းပြပါမယ်။

ဇနီးမောင်နှံနှစ်ဦးစလုံးကို ပညာပေးရတယ်။ အရင်အပတ် (Healthy Life အတွဲ ၆၀) မှာ ဆွေးနွေးခဲ့တဲ့ ပန်းသေပန်းညှိုးဆိုင်ရာ အချက်အလက်တွေကို နားလည်ထားဖို့ လိုပါတယ်။ ကုထုံးအတွက် ဆောင်ရွက်ရမယ့် လေ့ကျင့်ခန်းတွေကို ဇနီးက သဘောထားကြီးကြီးနဲ့ ကူညီရလိမ့်မယ်။

ပန်းသေပန်းညှိုးရောဂါရှိသူတွေ လိင်ဆက်ဆံချိန်မှာ ဖြစ်ပေါ်လာတတ်တဲ့ အတွေးစိတ်တွေရှိပါတယ်။ ဥပမာ မအောင်မြင်မှာကို ကြိုတင်ပူပန်နေတဲ့ စိတ်၊ လိင်ဖက်က ငြူစူမှာကို စိုးရိမ်တဲ့ စိတ်၊ လိင်တံတင်းမာလာဖို့ကိုသာ အာရုံပြုနေတဲ့စိတ်၊ လိင်တံတင်းမာလာခြင်း ရှိ၊ မရှိ ဆန်းစစ်ကြည့်နေတဲ့ စိတ်စတာတွေ ဖြစ်ပါတယ်။ အောင်မြင်စွာ လိင်ဆက်ဆံဖို့ ‘တာဝန်ရှိ’နေသလို ခံစားနေရတတ်တယ်။ ထိတွေ့ ခံစားမှုဗဟိုပြုကုထုံးမှာ အဲဒီလိုစိတ်တွေကို …

ကုထုံးကို စတင်လေ့ကျင့်စဉ်မှာ ဇနီးမောင်နှံနှစ် ဦးပူးပူးကပ်ကပ်နေပေမယ့် ‘ဖြစ်သွားတဲ့အထိ လိင်ဆက်ဆံဖို့’ မရည်ရွယ်ရဘူး။ ‘တာဝန်ရှိတယ်’လို့ မယူဆရဘူး။ လိင်အင်္ဂါမဟုတ်တဲ့ အစိတ်အပိုင်း တွေကိုထိတွေ့မှုမှာသာ အာရုံပြုခံစားရမယ်။ အဲဒီလို စတင်လေ့ကျင့်ရင် မအောင်မြင်မှာကို တွေးပြီး ပူပင်နေတဲ့ စိုးရိမ်စိတ် လျော့နည်းသွားလိမ့်မယ်။ အဲဒီလို နှစ်ဦးသဘောတူ အကြိမ်ကြိမ်လေ့ကျင့်ရင် အောင်မြင်ဖို့မလိုသေးတဲ့အတွက် “မအောင်မြင်မှာကို ကြိုတင်စိုးရိမ်စိတ်” (Performance Anxiety) လျော့နည်းလာပါတယ်။ ဒါကြောင့် လိင်တံတင်းမာတာက အလိုအလျောက် ဖြစ်ပွားလာနိုင်တယ်။

အဲဒီလို တိုးတက်မှုရှိလာရင် နောက်တစ်ဆင့် တက်နိုင်ပါတယ်။ ဒီအဆင့်မှာလည်း “ဖြစ်သွားတဲ့ အထိ”လိင်ဆက်ဆံဖို့မရည်ရွယ်ရဘူး။ “တာဝန်ရှိ” တယ်လို့ မယူဆရဘူး။ ဒီအဆင့်မှာတော့ ဖိုမသဘာ ဝအင်္ဂါအစိတ်အပိုင်းတွေကို ထိတွေ့မှုမှာ အာရုံပြုခံ စားရမယ်။ “ဖြစ်ဖို့ တာဝန်မရှိ”တဲ့အတွက် သာယာမှုမှာသာ အာရုံပြုလာနိုင်တယ်။ စိုးရိမ်စိတ်နဲ့ ကိုယ်အင်္ဂါကို စစ်ဆေးတဲ့ စိတ် ပျောက်ကင်းလာလိမ့်မယ်။ ဒါကြောင့် လိင်အားသန်မာလာနိုင်ပါတယ်။

အဲဒီလို အကြိမ်ကြိမ် သန်မာလာမှ ‘ဖြစ်သွား တဲ့အထိ’လိင်ဆက်ဆံကြည့်နိုင်ပါတယ်။ တစ်ကြိမ် အောင်မြင်မှုရှိရင် ယုံကြည်မှု ပွားများလာပါတယ်။ မအောင်မြင်မှာကို စိုးရိမ်တဲ့စိတ် လျော့နည်းသွားပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ်မှာ ပုံမှန်ဖြစ်ဖို့ အလားအလာပိုမိုလာပါတယ်။ “ထိတွေ့ခံစားမှု ဗဟိုပြုကုထုံး”ရဲ့ အနှစ်ချုပ်ဖြစ်ပါတယ်။
_ _ _

(၃) “ထိတွေ့ခံစားမှုဗဟိုပြုကုထုံး”လေ့ကျင့်ခန်းနဲ့ ထိရောက်မှုမရှိရင်၊ လိုသလောက် ခရီးမရောက်ရင် သောက်ဆေးကို အားကိုးနိုင်ပါတယ်။ “ပီဒီအီး-၅ ဆန့်ကျင်ဆေး”( PDE-5 Inhibitor)အနွှယ်ဝင် ခေတ်ပေါ်ဆေးတွေကို အသုံးပြုနိုင်ပါတယ်။ ပီဒီအီး-၅ ဆန့်ကျင်ဆေးရဲ့ ဆေးဝါးအာနိသင်ကြောင့် လိင်လှုံ့ဆော်မှုရှိလာတဲ့ နိုက်ထရစ်အက် စစ်(NO)ဓာတ်ဟာ လိင်တံထဲမှာ အချိန်ကြာကြာ စုဆောင်းနေပါတယ်။ ဒါကြောင့် လိင်တံထဲမှာရှိတဲ့ သွေးကြောမွှာစုကို ဆက်လက်ကျယ်ပြန့်စေတယ်။ လိင်တံဆက်လက်တောင့်တင်းစေပါတယ်။

အသုံးများတဲ့ ပီဒီအီး-၅ ဆန့်ကျင်ဆေးတွေကတော့ Sildenafil (ဥပမာ Viagra)၊ Tadalafil (ဥပမာ Cialis)၊ Vardanafil(ဥပမာ Livitra)၊ Avanafil (ဥပမာ Stendra)တို့ ဖြစ်ပါတယ်။ ဒီဆေးတွေကို ဆရာဝန်လက်မှတ်ပါမှ ဝယ်ယူလို့ရပါတယ်။

ပီဒီအီး-၅ ဆန့်ကျင်ဆေးနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်အလက်တွေ ရှိပါတယ်။

– ဒီဆေးတွေဟာ လိင်စိတ်ဆန္ဒကိုပြင်းပြစေတဲ့ ဆေးမဟုတ်ပါဘူး။ လိင်လှုံ့ဆော်မှုရရှိတဲ့ အခြေအနေ ပတ်ဝန်းကျင်မှာ လိုအပ်သလို သန်မာလာဖို့ အထောက်အကူပြုတဲ့ ဆေးသာဖြစ်ပါတယ်။

– ဆေးမစားခင် ခန္ဓာကိုယ်ကျန်းမာရေးစစ်ဆေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် အောက်ပါရောဂါ ဝေဒနာတွေ ရှိ၊ မရှိ သတိပြုရမယ်။ အဲဒီရောဂါတွေကတော့ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးခုန်နှုန်း မမှန်တဲ့ ရောဂါ၊ သွေးတိုးရောဂါ၊ သွေးကျရောဂါ၊ လွန်ခဲ့တဲ့ ၆ လအတွင်းက နှလုံးလေဖြတ်ဖူးခြင်း၊ လွန်ခဲ့တဲ့ ၆ လအတွင်းက ဦးနှောက်လေဖြတ်ဖူးခြင်း၊ နာတာရှည် ကျောက်ကပ်ရောဂါ၊ နာတာရှည်အသည်း ရောဂါ၊ သွေးယိုလွယ် သွေးမတိတ်လွယ်ရောဂါ၊ သွေးအားနည်းရောဂါတစ်မျိုး (Sickle Cell Anaemai)၊ အစာအိမ်အနာရောဂါ၊ မျက်စိအာရုံ ကြောရောင်ရောဂါတစ်မျိုး (Ritinitis Pigmentosa)၊ လိင်တံအမာရွတ်ကွေးကောက်ရောဂါ (Peyronie’s Disease) စတာတွေဖြစ်ပါတယ်။ အဲဒီရောဂါတွေရှိရင် သက်ဆိုင်ရာ အထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးသုံးသင့်၊ မသုံးသင့်ကို ချင့်ချိန်ရပါတယ်။

– နှလုံးသွေးကြောကျဉ်းဝေဒနာကြောင့် ရင်ဘတ်နာတာကို သက်သာစေတဲ့ဆေး(ဥပမာ Nitroglycerin နဲ့ Nitrate ဓာတ်ပါဝင်တဲ့ဆေး)ကို သောက်သုံးနေရရင် ပီဒီအီး-၅ ဆန့်ကျင်ဆေးကို မသုံးစွဲသင့်ဘူး။ မထင်မှတ်ဘဲ အလွန်အမင်း သွေးတိုးကျဆင်းစေပါတယ်။ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

– ဆေးလိပ်စွဲသူ၊ သွေးတိုးရောဂါရှိသူ၊ ဆီးချို ရောဂါရှိသူ၊ ကိုလက်စထရောအဆီတက်ဝေဒနာရှိသူနဲ့ မျက်စိရောဂါရှိသူတွေသတိထားရမယ့် အချက်တစ်ခုရှိသေးတယ်။ အဲဒီလို ရောဂါရှိသူတွေ ပီဒီအီး -၅ ဆန့်ကျင်ဆေးသောက်သုံးရင် ဗြုန်းကနဲ အမြင်ကန်းသွားတတ်ပါတယ်။ မျက်စိအာရုံကြောမကြီး (Optic Nerve)ကို သွားတဲ့ သွေးကြောပိတ်သွားတာကြောင့် ဖြစ်ပါတယ်။

ပီဒီအီး-၅ ဆန့်ကျင်ဆေးကို အိပ်ခန်းမဝင်ခင် နာရီဝက်-တစ်နာရီအလိုမှာ ကြိုတင်သောက်သုံးရတယ်။ ဆေးအာနိသင် စတင်အစွမ်းပြဖို့ အနည်းဆုံး နာရီဝက်လောက် ကြာတယ်။ ဆေးသောက်ပြီးပေမယ့် လိင်လှုံ့ဆော်မှုမရရှိတဲ့ ပတ်ဝန်းကျင်အခြေအနေမှာ ရောက်ရှိနေရင် ဆေးအစွမ်းပြမှာ မဟုတ်ပါဘူး။ ဒါကြောင့် “ထိတွေ့ခံစားမှုဗဟိုပြုကုထုံး”လေ့ကျင့်ခန်းနဲ့ ပူးတွဲကုသရင် ပိုမို ထိရောက်ပါတယ်။ ဆေးတစ်မျိုးနဲ့ တစ်မျိုး ဆေးအာနိသင်ကြာရှည်တဲ့ ဂုဏ်သတ္တိချင်းကွာခြားပါတယ်။ Sidenafil ဆေးသောက်ပြီး လေးနာရီအထိ အာနိသင်ရှိတယ်။ danafil ရှစ်နာရီနဲ့ Tadalafil ၁၅ နာရီအထိ ဆေးအာနိသင်ရှိပါတယ်။

ပီဒီအီး၅ဆန့်ကျင်ဆေးနဲ့ ထိတွေ့ခံစားမှုဗဟိုပြု ကုထုံးကို ပူးတွဲအသုံးပြုရင် ပန်းသေပန်းညှိုးရောဂါ သက်သာပျောက်ကင်းနှုန်းက ၆၀ မှ ၈၀ ရာခိုင်နှုန်း အထိရှိပါတယ်။

ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ဆေးသုံးစွဲ သူ ၂၄ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ ဘေးထွက် ဆိုးကျိုးတစ်ခုခု ဒါမှမဟုတ် တစ်ခုထက် ပိုပြီး ခံစားကြရတယ်။ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ မျက်နှာပူလောင်နီရဲလာတာ၊ ခြေလက်ထုံကျဉ်တာ၊ ပစ္စည်းတွေ အရောင်ပြောင်းနေသလို မြင်ရတာ၊ ခေတ္တအမြင်ဝါတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက် ကိုက်ခဲတာ၊ ဗိုက်နာတာ၊ မူးဝေတာနဲ့ နှာရည်ယိုတာတို့ ဖြစ်ပါတယ်။

ဖြစ်ပွားမှုနှုန်းနည်းပေမယ့် အရေးကြီးတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ အဲဒါကတော့ နားအူတာ၊ နားလေးလာတာ၊ မျက်စိမှုန်တာ၊ နှလုံးခုန် မမှန်တာ၊ အသက်ရှူကျပ်တာ၊ ခြေလက်ရောင်ရမ်းတာ၊ မူးဝေလဲကျတာ၊ တက်သလိုဖြစ်တာတို့ ဖြစ်ပါတယ်။ အဲဒီလိုလက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ တိုင်ပင် ကြည့်ဖို့ လိုပါတယ်။

(၄) အကြောင်းအမျိုးမျိုးကြောင့် သောက်ဆေးကို အသုံးမပြုနိုင်ရင် လိမ်းဆေးနဲ့ စမ်းကြည့်နိုင်ပါတယ်။ Alprostadil ဆေးကို လိမ်းဆေးဆီအဖြစ် ထုတ်လုပ်ရောင်းချပါတယ်။ Vitaro လို့ ခေါ်ပါတယ်။ Alprostadil ရဲ့ အာနိသင်က သွေးကြောကို ကျယ်ပြန့်စေပါတယ်။ သွေးကြောဖောင်းပွစေပါတယ်။ လိင်တံအတွင်းမှာရှိတဲ့ သွေးကြောမွှာကို ဖောင်းပွစေတဲ့ အတွက် လိင်တံတင်းမာစေပါတယ်။ အဲဒီဆေးကို အရေပြားနဲ့ အသားနုမှ တိုက်ရိုက်စုပ်ယူနိုင်အောင် ဆေးတစ်မျိုးနဲ့ ပူးတွဲပြီး ဖော်စပ်ထားတဲ့အတွက် လိမ်းဆေးအဖြစ် အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ လိင် မဆက်ဆံခင် ဖိုတန်ဆာထိပ်နဲ့ ဆီးလမ်းကြောင်း အဝမှာ လိမ်းဆေးဆီကို သုတ်လိမ်းပေးရပါတယ်။ ဆေးသုတ်လိမ်းပြီး ၅ မိနစ်မှ နာရီဝက်အတွင်း ဆေးအာနိသင်ပြပါတယ်။ တစ်နာရီမှ နှစ်နာရီအထိ ကြာရှည်နိုင်တယ်။

Alprostadil (Vitaros) လိမ်းဆေးကို အသုံး ပြုရင် ၄၇ မှ ၅၂ ရာခိုင်နှုန်းအထိ ပန်းသေပန်းညှိုးရော ဂါသက်သာပျောက်ကင်းတာ တွေ့ရှိရပါတယ်။

လိမ်းဆေးကြောင့် လိင်တံပူလောင်နီရဲကျိန်းစပ်တာ ဖြစ်နိုင်တယ်။ လိမ်းဆေးသုံးပြီး လိင်ဆက်ဆံရင်ဇနီးရဲ့ သားဖွားလမ်းကြောင်းမှာ ပူလောင်တာ ခံစားရမယ်။ သားဖွားလမ်းကြောင်းမှတစ်ဆင့် သွေးထဲကို Alprostadil ဆေးစုပ်ယူရောက်ရှိသွားနိုင်တယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီး ဒါမှမဟုတ် နို့တိုက်မိခင် နဲ့ လိင်ဆက်ဆံရင် ရာဘာအစွပ်(Condom)ကို အ သုံးပြုသင့်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ ကုထုံးတွေနဲ့ ပန်းသေပန်းညှိုးရောဂါ မသက်သာရင် အားငယ်စရာ မရှိပါဘူး။ တခြားကုသနည်းတွေလည်း ရှိသေးတယ်။

ရှေ့တစ်ပတ်မှာ ဆက်လက်ဖတ်ရှုပါရန်–

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top