Healthy Life Ad
Life Style

ပန်းသေပန်းညှိုးဝေဒနာရှိရင် . . .(၁)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

မေး. ကန်တော့ပါဆရာ . . ကျွန်တော့်အသက်က ၃၀ကျော်ပါ။ အိမ်ထောင်လည်းရှိပါတယ်။ စိတ်ဖိစီးမှုများနေတဲ့အချိန်တွေဆိုရင် အတူနေဖို့ အဆင်မပြေဘူးဆရာ။ တစ်ခါတလေ လပိုင်းလောက်အထိကြာတယ်၊ အလုပ်ထဲမှာပင်ပန်းနေရင် ပိုဆိုးပါတယ်ဆရာ။ အဲဒါ ကျွန်တော်ပန်းသေပန်းညှိုးရောဂါ ဖြစ်နေတာလားဆရာ။ ကျွန်တော်အိမ်ထောင်မှုသုခရအောင် ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ။ စိတ်ဖိစီးမှုကြောင့် ဖြစ်တယ်ဆိုရင် ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိချင်လို့ပါဆရာ။
ကိုကျော်ကြီး၊ သာကေတ။

ဖြေ. အောင်မြင်စွာ လိင်ဆက်ဆံနိုင်လောက်အောင် လိင်တံတောင့်တင်းမှုမရှိတာ ဒါမှမဟုတ် ခေတ္တခဏသာ တောင့်တင်းမှုရှိပြီး မကြာခင်ပြန်လည်ပျော့ပျောင်းသွားရင် ပန်းသေပန်းညှိုးခြင်းလို့ ခေါ်ပါတယ်။ ယောကျာ်းတိုင်းလိုလို တစ်ချိန်ချိန်မှာ ဒီလိုဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ လိင်ဆက်ဆံတိုင်းလိုလို အခက်အခဲရှိပြီး လပေါင်းများစွာကြာလာရင် (သုံးလထက်ကျော်လာရင်) ပန်းသေပန်းညှိုးရောဂါလို့ သတ်မှတ်ပါတယ်။

ကိုကျော်ကြီးရဲ့ အခက်အခဲက စိတ်ပင်ပန်း လူပင်ပန်းဖြစ်တဲ့အချိန်အခါမှာသာ ပေါ်ပေါက်တာဆိုရင် “ရောဂါ”လို့ မခေါ်နိုင်သေးပါဘူး။ ဒါပေမဲ့ ပန်းသေပန်းညှိုးဖြစ်မှာကို ကြိုတင်ပူပင်စိတ်များနေရင် အဲဒီစိတ်ကြောင့် လိင်ဆက်ဆံတဲ့အခါမှာ အခက်အခဲရရှိလာနိုင်တယ်။ “အောင်မြင်ဖို့ စိတ်လောနေခြင်း” (Performance Anxiety) ကြောင့် လိင်တံတင်းမာမှုကို အားနည်းစေပါတယ်။

တစ်ယောက်တည်း မဟုတ်ပါ

ပန်းသေပန်းညှိုးရောဂါရှိရင် လူသိမခံချင်တော့ ဖုံးကွယ်ထားတတ်ကြပါတယ်။ လေ့လာကြည့်မှ အမှန်ကိုသိကြရတယ်။ သြစတြေးလျနိုင်ငံမှာ အမျိုးသား ၂၅ ရာခိုင်နှုန်းဟာ ပန်းသေပန်းညှိုးရောဂါ ခံစားရတယ်။ ၈ ရာခိုင်နှုန်းကျော်မှာ ဝေဒနာက ဆိုးရွားပြင်းထန်ပါတယ်။ အသက်အရွယ်ရလာရင် ဒီရောဂါ ပိုမိုဖြစ်ပွားတယ်။ အသက် ၃၀ အောက် အမျိုးသားတွေမှာ ၉ ရာခိုင်နှုန်း၊ အသက် ၅၀ ကျော် ၆၀ အတွင်းမှာ ၅၀ ရာခိုင်နှုန်း၊ အသက် ၇၀ ကျော်တွေမှာ ၇၀ ရာခိုင်နှုန်းအထိ ပန်းသေပန်းညှိုးရောဂါရရှိနိုင်ပါတယ်။

အသက်ငယ်ရွယ်သူတွေမှာ ပန်းသေပန်းညှိုးရောဂါရှိရင် စိတ်ကြောင့်ဖြစ်တာများတယ်။ အသက်အရွယ်အိုမင်း လာရင်တော့ ခန္ဓာကိုယ်ရောဂါတစ်ခုခုကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို ပန်းသေပန်းညှိုးရောဂါ ခံစားရရင် ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေးအခြေအနေကို စစ်ဆေးသင့်ပါတယ် . . .

အသက်ငယ်ရွယ်သူတွေမှာ ပန်းသေပန်းညှိုးရောဂါရှိရင် စိတ်ကြောင့်ဖြစ်တာများတယ်။ အသက်အရွယ်အိုမင်းလာရင်တော့ ခန္ဓာကိုယ်ရောဂါတစ်ခုခုကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို ပန်းသေပန်းညှိုးရောဂါခံစားရရင် ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေးအခြေအနေကို စစ်ဆေးသင့်ပါတယ်။ ပန်းသေပန်းညှိုးရောဂါကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေကို မဆွေးနွေးခင် လိင်တံတောင့်တင်းတာနဲ့ သက်ဆိုင်တဲ့ ဇီဝသဘာဝဖြစ်စဉ်ကို ရှင်းပြပါမယ်။ ကာမဆန္ဒစေ့ဆော်မှု (Libido) ရှိရမယ်။ လိင်ဆက်ဆံချင်စိတ်ရှိလာရမယ်။ လိင်ဆန္ဒကို လှုံ့ဆော်နှိုးဆွပေးတဲ့ ပတ်ဝန်းကျင်လည်း လိုအပ်ပါတယ်။

ဦးနှောက်ထဲမှာ ခံစားလာရတဲ့ လိင်ဆန္ဒလှုံ့ဆော်မှုက ဦးနှောက်မှတစ်ဆင့် ကျောရိုးအာရုံကြောမကြီးကို လှုံ့ဆော်ပေးတယ်။ အဲဒီကတစ်ဆင့် လိင်အင်္ဂါနဲ့သက်ဆိုင်တဲ့ အာရုံကြောမျှင်တွေကို တပ်လှန့်ပေးတယ်။ အသိစိတ်နဲ့ ထိန်းချုပ်လို့မရတဲ့ “ပါရာဆင်ပသက်တစ်” (Para Sympathetic)နဲ့ “ဆင်ပါသက်တစ်” (Sympathetic) အာရုံကြောစုတွေဖြစ်ပါတယ်။ အဲဒီအာရုံကြောအင်္ဂါစုနှစ်ခု ဟန်ချက်ညီညီအလုပ်လုပ်ဖို့ လိုအပ်ပါတယ်။

အာရုံကြောမျှင်တွေထဲမှာ လိင်လှုံ့ဆော်မှုရှိလာရင် နိုက်ထရစ်အောက်ဆိုက်ဓာတ် (Nitric Oxide) (NO ဓာတ်) ထွက်လာပါတယ်။ NO ဓာတ်ရဲ့ အာနိသင်ကြောင့် သွေးကြောနံရံပျော့ပျောင်းပြီး သွေးကြောကျယ်စေပါတယ်။ လိင်တံအသားထဲမှာ ရေမြှုပ်နဲ့တူတဲ့ သွေးကြောမွှာတွေရှိတယ်။ အဲဒီအင်္ဂါပိုင်းထဲက သွေးကြောမွှာတွေဖောင်းပွလာရင် လိင်တံအတွင်း သွေးအများအပြားဝင်ရောက်စုစည်းလာပါတယ်။ ရေအပြည့်သွင်းထားတဲ့ ပလတ်စတစ်ပိုက်လို တင်းမာလာပါတယ်။

အဲဒီဇီဝသဘာဝဖြစ်စဉ် တစ်ခုခုချို့ယွင်းလာရင် ကွင်းဆက်ပြတ်သွားပြီး လိင်တံတောင့်တင်းသန်မာလာမှာ မဟုတ်တော့ပါဘူး။ “ကွင်းဆက်”ကို အားနည်းစေတဲ့ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ အဲဒါတွေကတော့-

– ဟော်မုန်းအင်္ဂါရောဂါများ – ဥပမာဖိုလိင် ဟော်မုန်းလျော့နည်းရောဂါ (Hypogonadism)၊ သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်း ဒါမှမဟုတ် လျော့နည်းခြင်း၊ ဆီးချိုရောဂါ။ အဲဒီရောဂါတွေရှိရင် လိင်ဆန္ဒစေ့ဆော်မှု ကျဆင်းတတ်တယ်။ ဆီးချိုရောဂါကို ကြာရှည်စွာခံစားရရင် သွေးကြောကျဉ်းဝေဒနာနဲ့ အာရုံကြောမျှင်ရောင်ရမ်းမှုကို ထပ်ဆင့်ဖြစ်ပွားတတ်တယ်။ ဒါကြောင့် ပန်းသေပန်းညှိုးရောဂါ ရရှိလာနိုင်တယ်။

– သွေးကြောကျဉ်းရောဂါ – သွေးကြောနံရံမှာ အဆီခဲအမာရွတ်ဖြစ်လာရင် သွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်းဖြစ်တတ်တယ်။ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးလေဖြတ်ခြင်း၊ ဦးနှောက်လေဖြတ်ခြင်းတို့ကို ဖြစ်ပေါ်စေတယ်။ လိင်တံကို သွေးပို့ဆောင်ပေးတဲ့ သွေးကြောကျဉ်းလာရင် ပန်းသေပန်းညှိုးဖြစ်တတ်ပါတယ်။

– ဦးနှောက်နဲ့ အာရုံကြောရောဂါရှိရင် ပန်းသေပန်းညှိုးဖြစ်တတ်ပါတယ်။ ဥပမာ- အပြင်းအထန် ဦးနှောက်ဒဏ်ရာရရှိခြင်း၊ ကြွက်သားသိမ် ကြွက်သားသေရောဂါ (Multiple Sclerosis)၊ ကြွက်သားတင်း၊ စကားထစ်၊ ခြေလက်တုန်တုန်ယင်ယင် လက္ခဏာရှိတဲ့ ပါကင်ဆန်ရောဂါ (Parkinson’s Disease)၊ ခြေလက်အာရုံကြောထုံကျဉ်ရောဂါ (Peripheral Neuropathy) တို့ဖြစ်ပါတယ်။

– ဖိုလိင်အင်္ဂါရောဂါအမျိုးမျိုးကြောင့် ပန်းသေပန်းညှိုးဝေဒနာ ရရှိနိုင်ပါတယ်။ ဥပမာ-လိင်တံအမာရွတ်ဖြစ်ပြီး ကွေးကောက်ရောဂါ (Peyronie’s Disease)၊ ကပ္ပာယ်အိတ်သွေးပြန်ကြောထုံးရောဂါ၊ ကပ္ပာယ်အိတ်ရေဝင်ရောဂါ၊ ဆီးကျိတ်ခွဲစိတ်ခံရခြင်း စတာတွေဖြစ်ပါတယ်။ လိင်တံသွေးပြန်ကြောထဲမှာရှိတဲ့ အဆို့ရှင်အားနည်းရင် လိင်တံထဲမှာ သွေးကြာကြာမနေနိုင်ဘဲ ပန်းညှိုးသွားတတ်ပါတယ်။

– စားဆေးအမျိုးမျိုးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ပန်းသေပန်းညှိုးဝေဒနာ ရရှိလာနိုင်ပါတယ်။ ဆီးရွှင်ဆေး၊ သွေးတိုးရောဂါကုသဆေးအမျိုးမျိုး၊ ကိုလက်စထရော အဆီကျဆေး၊ စိတ္တဇရောဂါကုသဆေး၊ စိတ်ကျရောဂါကုသဆေး၊ ကော်တီစုန်းဟော်မုန်းဆေး၊ အစာအိမ်အနာပေါက်ရောဂါကုသဆေးတစ်မျိုး၊ အတက်ရောဂါကုသဆေး၊ နှာစေးချောင်းဆိုးဝေဒနာကုသဆေး၊ အရေပြားယားနာပျောက်ဆေး၊ ဖိုလိင်ဟော်မုန်းဆန့်ကျင်ဆေး၊ ကင်ဆာရောဂါကုသဆေးစတာတွေ ဖြစ်ပါတယ်။

အဝလွန်ကဲတာ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမယူတာ၊ အရက်စွဲတာ၊ ဆေးလိပ်စွဲတာ၊ မူးယစ်ဆေး သုံးစွဲတာ စတဲ့ အလေ့အထတွေကြောင့် ပန်းသေပန်းညှိုးဖြစ်ပေါ်ဖို့ အလားအလာများပါတယ် . . .

အထက်မှာဖော်ပြခဲ့တဲ့ ဆေးတစ်မျိုးမျိုးကို ရေရှည်စားသုံးနေစဉ် ပန်းသေပန်းညှိုးဖြစ်လာရင် ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ်။

– နာတာရှည်ရောဂါတစ်ခုခုကြောင့် ယောကျာ်းအားမသန်ဖြစ်တတ်ပါတယ်။ ဥပမာ-အာဟာရချို့တဲ့ရောဂါ၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ အသည်းမာ အသည်းကျွမ်းရောဂါ၊ နာတာရှည်အဆုတ်ရောဂါ အမျိုးမျိုးတို့ ဖြစ်ပါတယ်။

– စားသောက်နေထိုင်မှုပုံစံ ချို့ယွင်းမှု ရှိ၊ မရှိ သတိပြုသင့်ပါတယ်။ အဝလွန်ကဲတာ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမယူတာ၊ အရက်စွဲတာ၊ ဆေးလိပ်စွဲတာ၊ မူးယစ်ဆေးသုံးစွဲတာ စတဲ့ အလေ့အထတွေကြောင့် ပန်းသေပန်းညှိုးဖြစ်ပေါ်ဖို့ အလားအလာများပါတယ်။

– ရုပ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေမရှိရင် စိတ်ကြောင့်ဖြစ်တာလားလို့ စစ်ဆေးကြည့်နိုင်ပါတယ်။ စိတ်ပန်းကိုယ်နွမ်းဖြစ်နေရင် လိင်ဆန္ဒလျော့နည်းလာနိုင်ပါတယ်။ လူမှုရေးအခက်အခဲကြောင့် စိတ်ဖိစီးမှုဒဏ်တွေများနေရင် စိတ်သွားတိုင်း ကိုယ်မပါဖြစ်တတ်ပါတယ်။ အိမ်ထောင်ရေးပြဿနာတွေကြောင့် လင်နဲ့မယားမကြည်ဖြူရင် အိပ်ခန်းထဲမှာလည်း အဆင်ပြေမှာမဟုတ်ပါဘူး။

စိတ်ကျရောဂါရှိရင် ကာမဆန္ဒကျဆင်းလာနိုင်ပါတယ်။ စိုးရိမ်သောကလွန်ကဲစိတ်ရှိနေရင် ဆင်ပါသက်တစ်အာရုံကြောအင်္ဂါစု အားသန်နေလို့ ပန်းသေပန်းညှိုးဖြစ်တတ်ပါတယ်။ စိုးရိမ်စိတ်တွေထဲမှာ ပန်းသေပန်းညှိုးဖြစ်နေမှာကို ကြိုတင်စိုးရိမ်နေတာက ပိုပြီးဆိုးပါတယ်။ ဖြစ်မလာမှာစိုးရိမ်လို့ ကြိုးစားအားထုတ်လေ “ဖြစ်မလာ” လေ ရှိတတ်ပါတယ်။ ပန်းသေပန်းညှိုးရောဂါကို ကုသတဲ့အခါ အဲဒီလို “မအောင်မြင်မှာကို စိုးရိမ်နေတဲ့စိတ်”ကို ရှေးဦးစွာ အနိုင်ယူဖို့လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top