Healthy Life Ad
Local

ဂျိုးဖြူရေနှင့် ပတ်သက်၍ အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးခင်မောင်ဝင်း၏ ဖြေရှင်းချက်

#HealthyLifeJournal

လတ်တလောတွင် ရန်ကုန်မြို့ကို ဖြန့်ဝေလျက် ရှိသော ဂျိုးဖြူရေပိုက်လိုင်းတွင် မစင်များ ပြန့်ပွားနေသည်ဆိုသည့် စကားကြောင့် ရန်ကုန်မြို့နေ ပြည်သူ ပြည်သားများ စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ သို့ဖြစ်ပါ၍ ထိုအကြောင်းနှင့် ပတ်သက်ပြီး ၂၆-၂-၂၀၁၈ ရက်နေ့၊ ညနေ (၄:၃၀) နာရီတွင် အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခဦးခင်မောင်ဝင်း၏ ဖြေရှင်းချက်များကို Healthy Life ဂျာနယ်စာဖတ်ပရိသတ်များအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါသည်။

”ငါးကြိမ်မြောက် မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါအဖွဲ့အစည်းအဝေးမှာ ဆရာပြောလိုက်တဲ့ သတင်းအချက် တချို့ကို အဓိပ္ပာယ်ကောက်လွဲမှားပြီး တမျိုးပြောတော့ ဆရာ့အပေါ်မှာ ဝေဖန်မှုတွေ ရှိခဲ့တယ်။ တကယ်တော့ အဲဒီမှာ မေးတာက အသည်းရောင်အသားဝါ အကြောင်းမေးတော့ အဲဒါတွေကို ရှင်းပြတယ်။ အသည်းရောင်အသားဝါ အေပိုးနဲ့ အီးပိုးဆိုတာ ရေက ကူးတာ။ ဘီနဲ့ စီပိုးက သွေးက ကူးတာ။ အေပိုးက အစားအသောက်က ကူးတာပိုများတယ်။ အီးပိုးက သောက်ရေထဲကို မစင်တွေအများကြီးဝင်တဲ့အခါမှာ ဖြစ်လေ့ရှိတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်၊ ၁၉၉၃ ခုနှစ်က ဆေးသုတေသနနဲ့ ဂျပန်နိုင်ငံ Nihon University တွဲဖက်ပြုလုပ်ထားပြီး အပြည်ပြည်ဆိုင်ရာမှာ ပုံနှိပ်ခဲ့တဲ့ စာတမ်းကို ပြောတာပါ။ ယနေ့ရန်ကုန်မြို့မှာလို့ ပြောတာမဟုတ်ပါဘူး။ ဒါကို ဒီနေ့မှာ အထောက်အထားနဲ့ ဖြေရှင်းတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆေးသုတေသနဌာနနဲ့ Nihon University တို့ပူးပေါင်းပြီး အသည်းရောင်အသားဝါအီးရောဂါသုတေသနကို လေးနှစ်အကြီးအကျယ် လုပ်ခဲ့ပါတယ်။ မျောက်တွေကို အကြောဆေးထိုး၊ သုတေသနလုပ်ရင်း ကမ္ဘာပေါ်မှာ အသည်းရောင် အသားဝါ အီးရောဂါနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက တော်တော့်ကို နာမည်ကြီးတဲ့အထဲ ပါခဲ့တယ်။ ၁၉၈၉-၉၀ လောက်ကတည်းက သုတေသနလုပ်ပြီး ၁၉၉၃ လောက်မှာ အပြည်ပြည်ဆိုင်ရာကို ပုံနှိပ်ဖြန့်ဝေခဲ့တယ်။

လွန်ခဲ့တဲ့ ၂၅ နှစ်က ကျောက်တံတား၊ လသာ၊ လမ်းမတော်၊ ပန်းဘဲတန်း လေးမြို့ကို လေ့လာတဲ့အခါ ပြည်သူတွေ သုံးစွဲတဲ့ ရေထဲမှာ Coliformဆိုတဲ့ အကောင်တွေအများကြီး တွေ့ရှိခဲ့ရတယ်။ ၁၉၇၆ က မန္တလေးမှာ လူပေါင်းလေးသောင်းကျော် အသည်းရောင်အသားဝါ အီးရောဂါ ကပ်ရောဂါအသွင် ဖြစ်ခဲ့တယ်။ ၁၉၈၂ မှာ မော်လမြိုင်မှာ တစ်ခါ၊ ၁၉၈၃ မှာ ရန်ကုန်မှာ တစ်ခါဖြစ်တယ်။ ၁၉၈၈မှာ ရန်ကုန်မှာ တစ်ခါ ထပ်ဖြစ်တယ်။ အဲဒီနောက်ပိုင်းတော့ ဘာသံ မှမကြားတော့ဘူး။ ဆိုလိုတဲ့ သဘောက ရေက သန့် လာတဲ့ သဘောပေါ့။ လူအများကလည်း ရေကို ကျိုချက်သောက်လာတယ်၊ ရေသန့်ဘူးတွေ သုံးလာတယ်။ ဒါကြောင့် ဒီနေ့ ပြောချင်တာက ဆရာပြောခဲ့ တာဟာ လွန်ခဲ့တဲ့ ၂၅ နှစ်က သုတေသနအကြောင်းကို ပြောတာပါ။ ဒီနေ့အခြေအနေကိုတော့ မသိပါဘူး။ဒါပေမဲ့ ပြုပြင်ရမယ့်အချက်အလက်တွေ၊ ရေ တွေ၊ ပိုက်တွေပြုပြင်ပြီးလည်း ဖြစ်ကောင်းဖြစ်မယ်။

အသည်းရောင်အသားဝါအီးပိုးက ကြောက်စရာ မကောင်းဘူး။ ဘီပိုး၊ စီပိုးလို နာတာရှည်မရှိဘူး။ အီးပိုးဆိုတာ အခုအသည်းရောင်အသားဝါဖြစ်ပြီးရင် ပျောက်သွားရော။ ကြောက်စရာကောင်းတာတစ်ခုပဲ၊ ကပ်ရောဂါအသွင်ဖြစ်တဲ့ ကာလဆိုရင်တော့ ကိုယ် ဝန်ဆောင်မိခင်တွေရဲ့ နောက်ဆုံးကိုယ်ဝန်သုံးလမှာ အီးပိုးဖြစ်ရင် အသက်အန္တရာယ်ရှိတယ်။ ကျန်တာတော့ ဘာမှ အသေအပျောက်မရှိဘူး။ ဒါကြောင့် အီးကာကွယ်ဆေးကို ပြည်ပကုမ္ပဏီတစ်ခုက ထုတ်ဖော်ပြီးပေမယ့် စီးပွားရေးအရကိုက်မှာမဟုတ်လို့ ထုတ်မရောင်းဘူး။ ဒါကြောင့် ဆရာတို့ကလည်း ဦးစားပေး သုတေသနစီမံကိန်းကနေ ရပ်ဆိုင်းလိုက်တယ်။ ဘီပိုး၊ စီပိုးကိုပဲ သုတေသန ဆက်လုပ်တာဖြစ်ပါတယ်။

ရေက မစင်ပိုး ပါလို့၊ မပါလို့ မဟုတ်ပါဘူး။ ”ဤရေသည် သောက်သုံးရန် သင့်တော်သည်”လို့ ပြောမထားဘူးဆိုရင် အဲဒီရေက ကျိုသောက်ရမှာပဲ။ ဒါမှမဟုတ် ရေသန့်ဘူး သောက်ရမှာပဲ။ သုံးလို့တော့ ရပါတယ်။ အထွေထွေလိုက်နာရမယ့် နည်းနိဿယက ရေမှန်သမျှ ကျိုချက်သောက်၊ မသောက်နိုင်ရင် ပိုးသတ်ထားတဲ့ ရေသန့်သောက်ပါ။ ဒါဆို ဘာမှစိုးရိမ် စရာ မရှိပါဘူး”

Most Popular

Healthy Life Ad
To Top