Healthy Life Ad
Local

ရန်ကုန်ကလေးဆေးရုံကြီးသို့ ဆုံဆို့နာရောဂါကြောင့် ဆေးရုံတက်ရတဲ့ ကလေးတွေက ပိုများလာပါတယ် . . .

ဒေါက်တာညိမ်းအေးဝင့် (ကလေးအထူးကု ဆရာဝန်ကထိက၊ ကလေးကျန်းမာပညာဌာန၊ ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်နှင့်တွေ့ဆုံဆွေးနွေးခြင်း

မေး. ဆုံဆို့နာရောဂါက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာမ။
ဖြေ. ဆုံဆို့နာရောဂါဖြစ်စေတဲ့ C.diphtheriae ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာပါ။

မေး. ဆုံဆို့နာမဖြစ်အောင် ဘယ်လိုကာကွယ်လို့ရပါသလဲ ဆရာမ။
ဖြေ. ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရပါတယ်။ နိုင်ငံတော်အစိုးရက ထိုးပေးနေတဲ့ အသက် နှစ်လ၊ လေးလနဲ့ ခြောက်လမှာထိုးရတဲ့ မေးခိုင်၊ ကြက်ညှာ၊ ဆုံဆို့ရောဂါ ကာကွယ်ဆေးတွေပါဝင်တဲ့ ငါးမျိုးစပ်ကာကွယ်ဆေးမှာ ပါဝင်ပါတယ်။ ဒါပေမဲ့ တချို့အမေတွေကျတော့ ကလေးတွေကို အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးပေးချင်ကြဘူး။ ကလေးဖျားမှာစိုးတယ်ဆိုတဲ့ အယူအဆမှားတွေကြောင့် မထိုးဖြစ်ကြတာတွေရှိပါတယ်။ အဲဒီလို ကာကွယ်ဆေးမထိုးတဲ့ ကလေးတွေမှာဆိုရင် ပိုပြီးအဖြစ်များပါတယ်။

မေး. ဆုံဆို့နာရောဂါက ဘယ်အရွယ်တွေမှာ အဖြစ်များပါသလဲ ဆရာမ။
ဖြေ. ၁၀နှစ်အောက်အရွယ်တွေမှာ အဖြစ်များဆုံးဖြစ်ပြီး ကာကွယ်ဆေးမထိုးထားရင် ဖြစ်တတ်ပါတယ်။ ကလေးတွေမှာဖြစ်ရင် ဆိုးဆိုးဝါးဝါးပိုခံရပါတယ်။

ဆုံဆို့နာဆိုတာ ကာကွယ်ဆေးထိုးပြီး အလွယ်တကူကာကွယ်နိုင်တဲ့ရောဂါပါ။ ဘာလို့ဒီလိုဖြစ်နှုန်း ပိုများလာရသလဲဆိုပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုးတဲ့ အခြေအနေကို ပြန်ကြည့်လိုက်တော့ စိတ်ကျေနပ်ဖွယ်ရာကောင်းတဲ့ ပမာဏကို မရောက်နေပါဘူး . . .

မေး. ရန်ကုန်ကလေးဆေးရုံကြီးကို တက်ရောက်တဲ့ ကလေးတွေမှာ ဆုံဆို့နာဖြစ်နှုန်းက ဘယ်လောက်ပိုများလာပါသလဲ ဆရာမ။
ဖြေ. ဒီနှစ်စာရင်းဇယားအရ ရန်ကုန်ကလေးဆေးရုံကြီးမှာ ဆုံဆို့နာဖြစ်တဲ့ ကလေးတွေကို ပိုပြီးတွေ့လာရပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်ကို ပြန်ကြည့်လိုက်ရင် နှစ်နှစ်-သုံးနှစ်အတွင်းမှာ ဆုံဆို့နာဖြစ်နှုန်းက ပိုများလာတာကို တွေ့ရပါတယ်၊ ဆေးရုံက အချက်အလက်တွေအရ ၂၀၁၅မှာဆိုရင် နှစ်ဆလောက်၊ ၂၀၁၆ မှာဆိုရင် သုံးဆလောက် ပိုများလာပါတယ်။

ဆုံဆို့နာဆိုတာ ကာကွယ်ဆေးထိုးပြီး အလွယ်တကူကာကွယ်နိုင်တဲ့ရောဂါပါ။ ဘာလို့ ဒီလိုဖြစ်နှုန်း ပိုများလာရသလဲဆိုပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုးတဲ့ အခြေအနေကို ပြန်ကြည့်လိုက်တော့ စိတ်ကျေနပ်ဖွယ်ရာကောင်းတဲ့ ပမာဏကို မရောက်နေပါဘူး။ တချို့ကလေးတွေကျတော့ထိုးတယ်၊ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သုံးခါမထိုးဘူး။ ကလေးအမေတွေက ကာကွယ်ဆေးထိုးပြီးရင်ဖျားတယ်၊ တက်တယ်ဆိုတဲ့ အယူအဆမှားတွေနဲ့ မထိုးတာလည်းပါတယ်။ အမှန်တကယ်က ကာကွယ်ဆေးထိုးပြီး ဖျားနိုင်တာထက် တကယ်ရောဂါဖြစ်ရင် ခံစားရတဲ့ နောက်ဆက်တွဲဝေဒနာတွေ၊ အသက်ဆုံးရှုံးမှုတွေက ပိုပြီးပြင်းထန်ပါတယ်။

မေး. ဆုံဆို့နာဖြစ်ရင် ကလေးမှာ ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာမ။
ဖြေ. ဆုံဆို့နာဖြစ်ရင် ကလေးကဖျားတယ်၊ ချောင်းဆိုးတယ်၊ လည်ပင်းနာတယ်၊ ပြီးရင် အသက်ရှူရင် အသံမြည်လာတယ်၊ မှိန်းမယ် . .အဲဒီလို လက္ခဏာတွေ ပြတတ်ပါတယ်။ ဆရာဝန်တွေက ကလေးကိုကြည့်လိုက်ရင် လည်ချောင်းမှာ အဖြူဖတ်တွေကို တွေ့ရပါတယ်။

မေး. ကုသမှုအနေနဲ့ ထိထိရောက်ရောက် ကုနိုင်ပါသလား ဆရာမ။
ဖြေ. ဒါကတော့ ကလေးဘယ်လိုအခြေအနေမျိုးမှာ ဆေးရုံရောက်လာသလဲဆိုတဲ့အချက်အပေါ် မူတည်ပါတယ်။ စောစောစီးစီးသိပြီး ရောက်လာရင်တော့ ကုသပျောက်ကင်းနိုင်ပေမယ့် နောက်ကျမှရောက်လာရင် အသက်အန္တရာယ်ရှိပါတယ်။ စောစောလာပြတဲ့ ကလေးတွေမှာတောင် ဆေးရုံတင်ထားရက်သားနဲ့ လည်ပင်းတစ်ဆို့ပြီး အသက်ရှူလမ်းကြောင်းပိတ်တာ၊ နှလုံးရောင်တာတွေကြောင့်လည်း အသက်ဆုံးပါးတာတွေ ရှိပါတယ်။ ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေမှာတောင် ဆုံဆို့နာဖြစ်ရင် ကုသမှုပေးပေမယ့်လည်း အယောက် ၁၀ဝမှာ ၁၀ ရာခိုင်နှုန်း အသက်ဆုံးရှုံးမှုရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီ့ထက်မက ရှိနိုင်ပါတယ်။

ဆုံဆို့နာဖြစ်ရင် နှလုံးရောင်တာနဲ့ အသက်ဆုံးရှုံးနိုင်ပါတယ်။ ဆုံဆို့နာဖြစ်ရင် အသက်ရှူလမ်းကြောင်းထိပ်မှာပိတ်ပြီး အသက်မရှူနိုင်ဖြစ်တယ်၊ အဲဒါနဲ့ အသက်ဆုံးရှုံးနိုင်ပါတယ်။ အစာမျိုတဲ့ ကြွက်သား၊ အာရုံကြောတွေ အားနည်းသွားနိုင်ပါတယ်။ တချို့ကလေးတွေ ဆုံဆို့နာဖြစ်ပြီးသွားရင် ဆေးရုံမှာ နှစ်ပတ်-သုံးပတ်လောက်အထိ တက်ရတတ်ပါတယ်။ ပြန်ကောင်းသွားရင်တော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။

မေး. ဆုံဆို့နာရောဂါနဲ့ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေဆရာမ။
ဖြေ. ဆုံဆို့နာရောဂါဆိုတာက သေဆုံးနှုန်းများတဲ့ ရောဂါတစ်ခုပါ။ ဖြစ်ပြီးမှဆေးရုံကို အစောဆုံးရောက်လာရင်တောင် သေဆုံးနှုန်းက များနေတုန်းပဲ။ ဒါကြောင့် မဖြစ်အောင်ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါ။ ဆုံဆို့နာနဲ့ပတ်သက်ပြီး အထိရောက်ဆုံးကုသမှုကတော့ ကာကွယ်ဆေးထိုးတာပါပဲ။ ကာကွယ်ဆေးကို သုံးကြိမ်ပြည့်အောင် ထိုးနှံဖို့လိုပါတယ်။ တစ်ခါတည်းထိုးရုံနဲ့တော့ ကာကွယ်ဆေးရဲ့အာနိသင်က ကလေးမှာ အပြည့်အဝမရနိုင်သေးပါဘူး။ ကာကွယ်ဆေးကို ကလေးတိုင်း သုံးကြိမ်ပြည့်အောင်ထိုးမှသာ ဒီရောဂါဖြစ်နှုန်းကျသွားမှာပါ။ အခုနောက်ပိုင်း သုံးကြိမ်ကာကွယ်ဆေးထိုးရုံနဲ့တောင် မလုံလောက်ဘူးလို့ ဆရာမတို့ ယူဆနေပါတယ်။ အကြိမ်ရေ ဒီ့ထက်ထပ်တိုးဖို့တောင် ကြိုးစားနေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top