Healthy Life Ad
Local

အသည်းရောင် အသားဝါစီပိုးနှင့် HIV ပိုး တွဲဖြစ်သည့် လူနာ ၁၆၀ ဦးကို ဝေဘာဂီ ဆေးရုံတွင် အခမဲ့ ကုသမှုပေးသွားမည်

♦ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

USAIDS ၏ Flagshipပရော့ဂျက်တစ်ခု ဖြစ်သည့် UHFစီမံချက်အရ အသည်းရောင်အသားဝါစီပိုး နှင့် HIVပိုးတွဲဖြစ်သူ လူနာ ၁၆၀ဦးကို ရန်ကုန်မြို့၊ ဝေဘာဂီဆေးရုံတွင် အခမဲ့ ကုသမှုပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ခုခံအားကာလသားရောဂါ တိုက်ဖျက်ရေးဌာန၊ စီမံချက်မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးက ၂၅-၂-၂၀၁၈ ရက်နေ့တွင် ပြောသည်။

”အသည်းရောင် အသားဝါစီပိုးနဲ့ HIVတွဲဖြစ်တဲ့ လူနာတွေကို ကုမယ်ဆိုရင် အရင်က HIVပိုးကို အရင်ကုပါတယ်၊ နှစ်ပတ်လောက်ကုပြီးရင် အသည်းရောင် အသားဝါစီပိုးကို ကုပါတယ်။ ဒါကို ဝေဘာဂီ အထူးကု ဆေးရုံမှာ ရန်ပုံငွေရရှိမှုပေါ် မူတည်ပြီး ကုသမှုပေးသွားမှာ ဖြစ်ပါတယ်။ HIV ကတော့ ပိုးရှိသူတိုင်းကို အခမဲ့ကုပေးတာ ဖြစ်ပြီး အသည်းရောင်အသားဝါစီပိုးနဲ့ တွဲဖြစ်တဲ့ HIVလူနာတွေကို ဘယ်လောက်အထိ အခမဲ့ ကုသမှုပေးနိုင်မလဲဆိုတာ ရန်ပုံငွေရရှိမှုပေါ် မူတည်ပြီး ကုသမှု ပေးသွားမှာ ဖြစ်ပါတယ်။ အခုPhase 1 အနေနဲ့ စီ ပိုးနဲ့ HIVတွဲဖြစ်တဲ့ လူနာ ၁၆၀ ဦးကို အခမဲ့ စတင်ကုသပေးဖို့ရှိပါတယ်။ ဒီဆေးတွေက စသောက်ပြီးရင် ပြန်လည် ချိန်ညှိရတာတွေ၊ ပြန်ပြရတာတွေရှိတဲ့အတွက် ဒါနဲ့ သက်ဆိုင်တဲ့ အထူးကု ဆရာဝန်ရှိတဲ့ ဆေးရုံမှာပဲ စဖို့ ရှိပါတယ်။ အခု ဒီပရော့ဂျက်ကို စနေပါပြီ”ဟု ဒေါက်တာထွန်းညွန့်ဦးက ပြောသည်။

UHF စီမံချက်သည် မြန်မာနိုင်ငံတွင် AIDSကင်းဝေးစေရန် ဆောင်ရွက်နေသော ကြိုးပမ်းလုပ် ဆောင်ချက်များကို ထောက်ပံ့ပေးကြောင်း၊ ၁၀ မီလီယံဒေါ်လာတန်ဖိုးရှိသော ဤနှစ်နှစ်တာစီမံချက်သည် လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကမ္ဘာ့ရန်ပုံငွေအဖွဲ့နှင့် အခြားသော မိတ်ဖက်အ ဖွဲ့အစည်းများမှ အတူတကွလက်တွဲဆောင်ရွက်လျက်ရှိသည့် HIVပိုးစစ်ဆေးပေးခြင်း၊ ARV ဆေးဝါးများ ဖြင့် ကုသမှုပေးနေခြင်း စသည့် လုပ်ငန်းများပိုမိုလွှမ်းခြုံလာနိုင်စေရန်နှင့် အရည်အသွေး ပိုမိုမြင့်မားလာစေရန် ကူညီဆောင်ရွက်နိုင်ရေး ရည်ရွယ်ထားကြောင်း သိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top