Healthy Life Ad
Life Style

ပန်းအဖျား လှီးဖြတ်ပေးခြင်း (Phimosis and Circumcision)

ဒေါက်တာတင့်ဆွေ

ပန်းငုံတယ်ဆိုတာ ကျားအင်္ဂါရဲ့ထိပ်ပိုင်း ကွမ်းသီးခေါင်းကိုဖုံးထားတဲ့ အရေပြားက ဆွဲလှန်လို့ မရအောင် ပိတ်နေတာ၊ ဒါမှမဟုတ် အကုန်လုံး ပွင့်သွားအောင် လှန်လို့ မရနိုင်လောက်တာကိုခေါ်တယ်။ မွေးကတည်းကနေဖြစ်တာပါ။ ပန်းအဖျားက ဆီးကောင်းကောင်း ထွက်နိုင်လောက်အောင် ပွင့်နေရမယ်။ ငယ်တုန်းမှာ အတွင်းပိုင်းသွားကပ်နေတာကို အရွယ်ရောက်ချိန်မှာ အပေါ်ဆွဲတင်ရင် ပွင့်လာရပါမယ်။ ကလေးကို စမ်းကြည့်တာနဲ့ ဆွဲဖွင့်ရင် ပွင့်လာနိုင်ခြေကို သိတယ်။ အတင်းတော့ ဆွဲဖွင့်မပေးရပါ။

လူပျိုပေါက်မှာ ကွမ်းသီးခေါင်း အကုန်ဖွင့်လို့ ရရမယ်။ နဂိုအနေမှာ ၃ ပုံ ၁ ပုံလောက် ဖုံးနေရင် ကောင်းတယ်။ ဖွင့်မရတာအသက်ကြီးတဲ့အထိ မနေသင့်ဘူး။ ခွဲစိတ်ပြုပြင်ပါ။ ကလေးဆိုရင် ဆီးသွားလို့ ခက်ပြီး ငိုလာရင် အသက်ငယ်ပါစေခွဲပါ။ ကြာရင် အညစ်အကြေးအောင်းနေတတ်တယ်။ အဆီဥလေး တွေလည်းဖြစ်လာတတ်တယ်။ အသာအယာ၊ လိုအပ်ရင် ထုံဆေးနဲ့ ရှင်းထုတ်ပေးရမယ်။ ပန်းခေါင်း လေးပြာနေတာတွေ့လာရမယ်။ သွေးကောင်းကောင်း မလေမေးာက်ခဲ့ရလို့ပါ။ လုပ်ပေးပြီး ပြန်ကောင်းသွားမယ်။

သမိုင်းကြောင်း
ဘီစီ ၁၃၆၀ အီဂျစ် ယဉ်ကျေးမှုခေတ်ကတည်းက ရှိခဲ့တယ်လို့ အရုပ်တွေကြည့်ပြီး သိရတယ်။ အဲဒီတုံးက ခေတ်စားခဲ့တဲ့ ယဇ်ပူဇော်မှု သဘောအရ ကြီးကောင်ဝင်တော့မယ့် ယောကျာ်းလေးကို ဒီလိုလုပ်ထားရင် အိမ်ထောင်ရေး ဖောက်ပြန်မှု နည်းစေအောင်၊ မိန်းမတွေကို ဆွဲဆောင်မှု နည်းစေအောင်၊ သန့်ရှင်းရေး ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိမယ်လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ အာဖရိကတိုက် မြောက်ပိုင်းနဲ့ အာရေဗျကျွန်းဆွယ်မှာ နေကြတဲ့ ရှေးဟောင်း (ဆင်မကတစ်)လူမျိုးအားလုံးက အကုန်အစင်မဟုတ်တောင် အများက လိုက်နာကျင့်သုံးခဲ့ကြပါသတဲ့။ ဒါပေမဲ့ မဟာအလက်ဇန်းဒါး ဒီနေရာဒေသတွေကို အောင်နိုင်တဲ့အခါ ဂရိတွေက ဒီနည်းကို မကြိုက်လို့ အလေ့အထ နည်းသွားစေခဲ့ပါတယ်။

ဘာသာရေး
WHO အဆိုအရ တစ်ကမ္ဘာလုံးမှာ ၃၀ရာခိုင်နှုန်းသော ယောကျာ်းလေးတွေ ပန်းအဖျားလှီးဖြတ် ပေးတာလုပ်ကြရတယ်။ အဲဒီအထဲက ၇၀ ရာခိုင်နှုန်း ကတော့ မွတ်ဆလင်တွေဖြစ်ပါသတဲ့။ ဆေးပညာအရ လိုအပ်လို့ လုပ်ပေးရတာရှိသလို ဘာသာရေး အရ လုပ်ကြရတာလည်း ရှိတယ်။ Judaism မှာ Commandment from God အရလုပ်ကြရပြီး Islam အရ Qu’ran မှာ မပါပေမယ့် အများအားဖြင့် Sunnah လုပ်ရိုးလုပ်စဉ်တစ်ရပ်လို့ သတ်မှတ်ပြီး တွင်တွင်ကျယ်ကျယ် လုပ်ကြပါတယ်။ အာဖရိကမှာ လည်း ကက်သလစ်မဟုတ်တဲ့ ခရစ်ယာန်ဘုရားကျောင်း တွေကလုပ်စေတာပါပဲ။ ၁၉၃၄ ကတည်းက Gomco clamp ဆိုတဲ့ ကိရိယာကို သုံးတယ်။ မွေးစကလေးအတွက် Plastibell ကိရိယာဆိုတာကို ၁၉၅၉ က တည်းကသုံးတယ်။ ပလပ်စတစ်ကွင်းလေးတစ်ခုပါ။ အခုကိရိယာတွေ မသုံးဘဲ ခွဲစိတ်တာက ပိုများပါတယ်။ ဘာသာရေးအရ လုပ်ကြရာမှာ ရှေးကဆိုရင် အသုံးအဆောင်ကိရိယာတွေကို ခန့်ညားလှတဲ့ သား ရေဖုံးသေတ္တာနဲ့ ထည့်တယ်။ ဂျူးတွေကတော့ ငွေထည်တွေ သုံးပြီး၊ သတ်မှတ်ထားတဲ့ ဝတ်စုံတွေဝတ်ရတယ်။ ၈ ရက်မြောက်နေ့မှာ လုပ်ရတယ်။ မလုပ်ဘဲ သေသွားသူကိုတောင် အသုဘမချခင် လုပ်ပေးတာလည်း ရှိတယ်။ တချို့က အကအခုန်တွေတောင် ပါတတ်သေးတာ။

၁၂-၇-၂၀၁၂ ဘီဘီစီ သတင်းအရ ဂျာမဏီ မှာ (ကိုလုံး)တရားရုံးတခုက စီရင်ချက်တစ်ခုချခဲ့တယ်။ ၄ နှစ်သားလေးကို ပန်းအဖျားဖြတ်ပေးရာကနေ နောက်ဆက်တွဲဖြစ်လို့ တရားရုံးရောက်တယ်။ ခွဲစိတ်ပေးတဲ့ ဆရာဝန် အပြစ်လွတ်ပါတယ်။ စီရင်ချက်မှာ ထူးခြားချက်က သူ့ကိုယ်အင်္ဂါ အစိတ်အပိုင်း ဆက်လက်တည်တန့်နေမှုဟာ ကလေးရဲ့ အခွင့်အရေး ဖြစ်တယ်။ ဒါဟာ မိဘတွေ၊ ဘာသာရေးတွေရဲ့ အထက်မှာရှိတယ်။ ဒီတရားရုံးဆုံးဖြတ်ချက်ကို ဂျူး နဲ့ အစ္စလာမ်အဖွဲ့အစည်းတွေက ကန့်ကွက်ကြတယ်။ နောက်တစ်ရက်မှာ ဂျာမန်အစိုးရက လုပ်ခွင့်ရှိတယ်လို့ ပြောရတယ်။ တရားရုံးက ဥပဒေကိုကြည့်၊ အစိုးရက နိုင်ငံရေးကိုကြည့်၊ ဘာသာရေးက ဘာသာရေးကိုကြည့်။ ဆရာဝန်တွေက ဆေးပညာဘက်က ကြည့်ကြတယ်။

ပန်းငုံမနေဘဲနဲ့ ပန်းအဖျားဖြတ်တာကို အဆိုးအကောင်း၊ လုပ်သင့်၊ မသင့် ငြင်းနေကြပါတယ်။ မကောင်းကျိုးဆက်ကို လေ့လာရင် ကိန်းဂဏန်းအမျိုးမျိုးတွေ ရှိတယ်။ ဝ ဒသမ ဝ၆ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းအထိ သွေးယိုတာနဲ့ ပိုးဝင်တာဖြစ်တယ်။ နေရာဒေသတော့ ကွာပါတယ်။ ၁၉၉၉ က နိုင်ဂျီရီးယားမှာ ကလေး ၄၈ ယောက်ကို ဆန်းစစ်တော့ သွေးယိုတာ ၅၂ ရာခိုင်နှုန်း၊ ပိုးဝင်တာ ၂၁ ရာခိုင်နှုန်းတောင် ရှိတယ်။ အမေရိကားမှာ ကလေးပေါင်း ၃၅၄၂၉၇ ယောက်ကို လေ့လာတော့ ဝဒသမ ဝ၁ ရာခိုင်နှုန်းကနေ ဝ ဒသမ ဝ၂ ရာခိုင်နှုန်းရှိတယ် လို့ ထုတ်ပြန်တယ်။ အခုပြောနေတာတွေက လက်ငင်းဆိုးကျိုးတွေသာဖြစ်ပြီး ရှာရှားပါးပါး နောင်မှာ ဖြစ်နိုင်တာတွေလည်း ရှိသေးတယ်။ တစ်သမေးူးတွေ ရောင်တာ၊ သွေးမလေမေးာက်တာနဲ့ အမာရွက်ဖြစ်တာ၊ ထိပ်ဝကျဉ်းသွားတာ . . တခြားဟာတွေလည်းရှိသေးတယ်။

ယောကျာ်းရဲ့ ပန်းဖျားဖြတ်ပေးလို့ လိင်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုရှိတယ်၊ မရှိဘူးလည်း ငြင်းကြတာပဲ။ ၁၉၉၉ ခုနစ်မှာ အမေရိကန် ကလေးဆေး ပညာ အကယ်ဒမီကနေ ပြောတာက၊ လိင်ဆက်ဆံရေးမှာထိခိုက်မှု အနည်းနဲ့အများရှိနိုင်သတဲ့။ ၂၀ဝ၂ မှာသုတေသနတစ်ခုက မိမွေးတိုင်းရှိတဲ့ ကျားအင်္ဂါမှာ ထောင်ချီတဲ့ အာရုံကြောတွေရှိနေတာကို ပန်းဖြတ်တာ လုပ်လိုက်လို့ ပျက်စီးသွားစေတယ်လို့ဆိုတယ်။ အမေရိကန် မိသားစုဆရာဝန်များ အသင်းကတော့ ၂၀ဝ၇ မှာ ဒါမရေရာပါဘူးတဲ့။ ဘာလို့လဲဆိုတော့ ပန်းဖြတ်ပေးလိုက်ရင် ပန်းထိပ်ဖျားက Cornified ဖြစ်သွားလို့ ထူသွား၊ ထုံသွားတယ်။ အာရုံခံနည်းသွားစေတယ်။ ဒါပေမဲ့ ကျေနပ်မှုကိုသွားပြီး မသက်ရောက်ပါဘူးတဲ့။ ၂၀ဝ၆ မှာ ဗြိတိန် BMA က ပြောတာကတော့ ပန်းဖြတ်ရလို့ ခွဲစိတ်ရတာဟာဆေးပညာ အရရော စိတ်ပိုင်းပါ သက်ရောက်မှုရှိတယ်တဲ့။

ခွဲစိတ်နည်း
အရေပြားဖြတ်ရာမှာ များသွားတာနဲ့ နည်းသွားတာ ဖြစ်တတ်တယ်။ များတာလည်း မကောင်း၊ နည်းတာလည်း မကောင်းပါ။ ကာကွယ်မှုနဲ့ စိုစွတ်စေတဲ့ အလုပ်ကို အနည်းနဲ့အများ ထိခိုက်မယ်။ ခွဲစိတ်ပြုပြင်ပြီးတာနဲ့ ပြန်ဆွဲဖုံးလိုက်ရင် ၃ ပုံ ၁ ပုံ အုပ်နေမှ ကောင်းတယ်။ အပေါ်ဖုံးအရေပြားရဲ့ အောက်ပိုင်း၊ အလယ်တည့်တည့်မှာ လိင်တံရဲ့ခေါင်းကို လာဆက်ထားတဲ့ နေရာကို Frenulum လို့ခေါ်တယ်။ ဒီနေရာမှာ Meissner’s corpuscles ခေါ်တဲ့စပါယ်ရှယ် အာရုံကြောတွေ ထောင်နဲ့ချီရှိတယ်။ အရေပြားဖြတ်ပေးတာ လုပ်လိုက်ရင် ဒါမျိုးတွေ အတော်ပါသွားတတ်တယ်။ Frenulum ချန်ထားမှ ကောင်းပါတယ်။ ဖြတ်ပြီးပြီးချင်း ကြည့်လိုက်ရင်တော့ အဖုအ ထစ်ရှိနေသလို မြင်ရပေမယ့် ချန်ထားတာ နောင်အတွက် ကောင်းတယ်။

ဖြတ်ပေးတာနည်းရင်လည်း ကုပေးတာအရာ မရောက်ဘူး။ ထပ်လုပ်ချင်လုပ်ရတတ်တယ်။ သိပ် ငယ်တဲ့ကလေးကို လုပ်ရရင် ဘယ်လောက် ဖြတ်ထုတ်မလဲ ဆုံးဖြတ်ရတာ ပိုခက်တယ်။ ထုံဆေးနဲ့ခွဲရင် ကလေးက ငြိမ်နေတာ မဟုတ်လို့ပိုခက်တယ်။ မေ့ဆေးပေးတာလည်း အထူးဂရုစိုက်ရတဲ့ အရွယ်ပါ။ ခွဲစိတ်အပြီး သန့်ရှင်းရေးနဲ့ ဆေးထည့်တာလည်း အရေးပါတယ်။ ခွဲပြီး ဂရုအစိုက်နည်းရင်လည်း မကျက် သေးတဲ့အရေပြားတွေက မတော်တဲ့နေရာချင်း သွားဆက်နေရင် တံတားလိုဖြစ်သွားတတ်သေးတယ်။

ကလေးကို အဲဒီလိုပန်းဖြတ်ပေးဖို့ မိဘတွေက ဆုံးဖြတ်နိုင်တယ်လို့ သတ်မှတ်တော့ တချို့က မိဘတွေ ကလေးအရေး သိပ်စွက်ဖက်လွန်းတယ်လို့ မြင်သူတွေရှိတယ်။ လူဆိုတာ အငြင်းသန်တဲ့လူက ငြင်း ရမှ အိပ်ပျော်၊ စားကောင်းပုံရတယ်။ မွေးစကလေးတွေကို လုပ်ပေးရင် ထုံဆေး မသုံးတာကို ကန့်ကွက် တာတွေရှိတယ်။ ကျွန်တော်တော့ ပန်းဖြတ်ပေးတာမှာရော သားဦးဖွားလို့ မအေညှစ်နေတုန်းမွေးလမ်းချဲ့ ရာမှာရော ထုံဆေးမသုံးတာကို ဆန့်ကျင်တယ်။

၁၉၉၉ မှာ အမေရိကန် ကလေးဆေးပညာ အကယ်ဒမီကနေ ထုံဆေးမပါဘဲ လုပ်တာမှာ နာကျင်မှု ဝေဒနာကြောင့် ကလေးမှာ စိတ်ထိခိုက်မှု ရှိတယ် ဆိုတာကို ထောက်ခံတယ်။ ဆွီဒင်မှာ ၂၀ဝ၁ ခုနှစ်တုန်းက ထုတ်ပြန်ချက်မှာ ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်တွေကသာ လုပ်သင့်တယ်လို့ ဆိုတယ်။ ထောက်ခံတယ်။ (သူတို့က ထောက်ခံချက်တော့ မတောင်းပါ။) ဒါကို ဂျူးတွေကတော့ မကျေနပ်ဘူး။ ဒီလိုလုပ်တာဟာနာဇီခေတ်နောက် ဂျူး တွေကို အစော်ကားဆုံးလို့ ပြောတယ်။ ဆွီဒင်အစိုးရက ခေါင်းမာတယ်။ (ခေါင်းကောင်းတာပါ) ၂၀ဝ၅ မှာ ပြန်ဆန်းစစ်ပြီး ဆက်အတည်ပြုတယ်။
အကောင်းဖက်ကလည်း ပြောတယ်။ မလုပ်ရင် ဆီးလမ်းကြောင်း ပိုးဝင်တာက ၁၀ ရာခိုင်နှုန်း ပိုဖြစ်တယ်။ လိင်ကတဆင့် ကူးစက်ရောဂါ (STDs)တွေ အဖြစ်နည်းတယ်။ နောင်မှာ လိင်တံကင်ဆာဖြစ်တာ နည်းနိုင်တယ်လို့ ဆိုတဲ့အထိ လုပ်ရေးဘက်က လူ တွေက ဆိုတယ်။

ပန်းငုံတာဖြတ်ခြင်းနှင့် HIV
ပန်းငုံတာဖြတ်ပေးရင် ယောကျာ်းလိင်အင်္ဂါ ပတ်ဝန်းကျင်မှာနေတတ်တဲ့ ဘက်တီးရီးယား ကွန်မြူနတီကို ပြောင်းလဲစေတာမို့ HIV ကိုကာကွယ်ရာ ရောက်တယ်လို့ဆိုတယ်။ TGen နဲ့ Johns Hopkins University တွေကသုတေသနအရ အကြောင်းနဲ့အကျိုးဆက်စပ်မှုဆိုတာ ပန်းငုံတာ ဖြတ်ခြင်းနဲ့ HIV မှာ သိသာတယ်တဲ့။ စမ်းသပ်တာကလည်း ပန်းငုံတာဖြတ်တာ အလေ့နည်းပြီး HIV အဖြစ်များလှတဲ့ ဆာဟာရအောက်ပိုင်းနေရာတွေမှာ သက်သာတာ ၄၀ရာ ခိုင်နှုန်းရှိတယ်။ ဆိုချင်တာက

ပန်းငုံဖြတ်သူယောကျာ်း ထဲမှာ ၁၀ဝ ဆို ၄၀ က HIV အဖြစ်နည်းတယ်။ ဘာလို့လဲဆိုတော့ အဲဒီလိုပန်းအရေပြား ဖြတ်ပေးတာကြောင့် ဘက်တီးရီးယားတွေရဲ့ စနစ်ပြောင်းသွားလို့တဲ့။ ဒီတော့ ယောကျာ်းလုပ်သူကနေ သူနဲ့ဆက်ဆံတဲ့ မိန်းမကိုမွေးလမ်းပိုးဝင်တာ နည်းသွားစေလို့တဲ့။

လေမကြိုက်တဲ့ ဘက်တီးရီးယားတွေကို ရှင်းပစ်ရာကျတယ်။ ကပ်ကပ်သပ်သပ် စဉ်းစားကြည့်ရင် မြူးကပ်စ်ထွက်တဲ့ အပေါ်ဖုံးက နည်းသွားလို့ ဆက်ဆံနေတုန်း မိန်းမကိုယ်က ထွက်တဲ့အရည်နဲ့တွေ့ဖို့ လည်းနည်းစေတယ်။ ဒါ့ကြောင့် ရှိချင်ရှိနေမယ့် ဗိုင်းရပ်စ်နဲ့ ခုခံအားဆဲလ်တွေ အပြန်အလှန်ပြုတာလည်း နည်းစေတယ်။

လုပ်လိုက်တာကြောင့် ပန်းကို ထိပ်ဖျားမှာဖုံးနေတဲ့ အရေပြားအောက်လွှာ Inner foreskin ဟာမာ ကျောလာတယ်။ Keratinization ဖြစ်တာလို့ ခေါ်တယ်။ ဒါကြောင့် Target Immune Cells ကိုကာ ကွယ်မှုပိုရစေတယ်။ နောက်ပြီး အဲဒီလိုဖြတ်လိုက်လို့ စိုစွတ်မှုနည်းပြီး (အောက်စီဂျင်) ပိုရစေလို့ လေမ ကြိုက်တဲ့ပိုး Anaerobic bacteria တွေ နည်းစေတယ်။ Target Immune Cells တွေကို HIV ဒဏ်ခံရစေနိုင်တယ်။ ဘက်တီးရီးယားအဆိုးနဲ့အကောင်း အရေအတွက်ပြောင်းသွားတယ်။

WHO နဲ့ UNAIDS ရဲ့ ၂၀ဝ၇ခုနှစ်က ထုတ်ပြန်ချက်၊ အမေရိကန် CDC က ၂၀ဝ၈ခုနှစ်ကထုတ် ပြန်ချက်တွေအရ Circumcision လုပ်တာဟာ HIV ရတာကိုသိသိသာသာ နည်းစေတယ်လို့ဆိုခဲ့တယ်။ ဒါပေမဲ့ ဒီလိုလုပ်နည်းက နည်းနည်းသာ အကာအကွယ်ပေးနိုင်လို့ တခြားကာကွယ်နည်းတွေ ကို အစားထိုးလို့ မသင့်ဘူးလို့ ဆိုပါတယ်။

ပန်းငုံနေသူ မိန်းမယူလို့ ရပါသလား
အိမ်ထောင်ပြုနိုင်ပါတယ်။ ကလေးရဖို့လည်း မထိခိုက်ပါ။ စိတ်ပိုင်းကိုလည်း မထိခိုက်ပါ။ ခံစားမှုမှာတော့ နည်းချင်နည်းနိုင်တယ်။ ကိုယ့်အတွက်ပြောတာပါ။ ဒါလည်း သီအိုရီအရသာပြောတာ။ အဲဒီလိုဖြစ်နေတဲ့ မြာပွေသလားမမေးနဲ့ဆိုသူ တစ်ယောက်တွေ့ဖူးတယ်။ အနာကျက်ဖို့ ၅-၇ ရက်သာ ကြာမယ်။ မဖြေရတဲ့ချုပ်ရိုးလည်း သုံးချင်သုံးနိုင်တယ်။ ဆက်ဆံဖို့တော့ ၂ပတ်ထက် မစောလေ ကောင်းလေပါ။ အခုအရွယ်မှာ ပြင်ရတာ ငယ်သူတွေနဲ့ မတူတတ်ဘူး။ ကပ်နေတာတွေကို စိတ်ရှည်ရှည်နဲ့ ရှင်းပေးရအုံးမယ်။ အတွေ့အကြုံရှိတဲ့ ခွဲစိတ်ဆရာဝန်ကို အားကိုးပါ။

ဆန်းတာတွေသိချင်သေးရင် ပန်းအဖျား အဆန်းအပြားလုပ်ခြင်းကိုဖတ်ပါ။ ဂေါ်လီထည့်တာကို ပြောတာပါ။ ဒါပေမဲ့ အဲဒီဘလော့ခ်ပျက်သွားလို့ သိချင်သူတွေမေးနိုင်ပါတယ်။ ဒီထက် ဆန်းတာလည်း ရှိသေးတယ်။ မိန်းကလေးတွေကို မိန်းမကိုယ် လှီးဖြတ်ပေးခြင်းဆိုတာ သူများဆီမှာ ရှိတယ်။ အာဖရိကမှာ လုပ်နေကြတာ ကြာလှပါပြီ။ မိန်းကလေးရဲ့ မ-အင်္ဂါကို လှီးဖြတ် ထုတ်ပစ်တာပါ။ ဒီနည်းမှာလည်းအမျိုးမျိုး။ မ-အစိကို လှီးထုတ်တာရှိသလို၊ နှုတ်ခမ်းသားကို ထုတ်တာလည်းရှိတယ်။ ၁၉၇၉ ရောက်မှ ကျန်းမာရေးရှုထောင့်ကနေ ပြောဆိုလာကြတယ်။ အခုလည်း မပျောက်သေးပါဘူး။ ဆေးပညာအရပြောရရင် မလုပ်သင့်တာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top