Healthy Life Ad
Local

မြန်မာနိုင်ငံသည် တီဘီ၊ ဆေးယဉ်ပါးတီဘီနှင်HIV-တီဘီရောဂါအဖြစ်များဆုံး တိုင်းပြည်ထဲ ပါဝင်နေ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် တီဘီ၊ ဆေး ယဉ်ပါးတီဘီနှင့် HIV-တီဘီရောဂါ အဖြစ်များဆုံး တိုင်းပြည်ထဲ ပါဝင်နေကြောင်း မြန်မာနိုင်ငံဆရာဝန် အသင်း၊ ပြည်သူလူထုအခြေပြု ဆေးယဉ်ပါးတီဘီရောဂါတိုက်ဖျက်ရေး စီမံချက်၏ စီမံချက် မန်နေဂျာ ဒေါက်တာဒေါ်ခင်ဆွေဝင်းက Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံ ဆရာဝန်အသင်းအနေနဲ့ တီဘီရောဂါစီမံချက် သုံးခုနဲ့ ဆောင်ရွက်နေပါတယ်။ ပြည်သူလူထုအခြေပြု ဆေးယဉ်ပါးတီဘီရောဂါသည်တွေကို ဗဟိုပြုပြီး သူတို့ကို နေ့စဉ်ပုံမှန် ဆေးတိုက်ကျွေးနေပါတယ်။ ပြီးတော့ အာဟာရထောက်ပံ့မှုနဲ့ ငွေကြေးအဖြစ် တစ်လ သုံးသောင်းထောက်ပံ့ပေးနေပါတယ်။ ဒါက ဆေးယဉ်ပါးတီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်အနေနဲ့ ဆောင်ရွက်နေတာပါ။ နောက်စီမံချက်အနေနဲ့ကတော့ အထွေထွေရောဂါကု ဆရာဝန်တွေအနေနဲ့ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံချက်အတိုင်း လုပ်ဆောင်နိုင်ဖို့ သင်တန်းတွေကို မြို့နယ် ၁၃၀ကျော်လောက်မှာ ပေးနေပါတယ်။

တတိယစီမံချက်အဖြစ် ပုန်းကွယ်နေတဲ့လူနာတွေကို လိုက်ရှာတာပါ။ ဝေးလံခေါင်ဖျားတဲ့နေရာတွေ၊ သွားလာရခက်ခဲတဲ့နေရာတွေ၊ စက်ရုံ အလုပ်ရုံတွေ အဲဒီလိုနေရာတွေမှာ တီဘီရောဂါသည်တွေကို လိုက်ရှာတာ ဖြစ်ပါတယ်။မြန်မာနိုင်ငံဆရာဝန်အသင်းအနေနဲ့ ဒီစီမံချက် သုံးရပ်စလုံးကို ဆက်လက်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ဒေါက်တာဒေါ်ခင်ဆွေဝင်းက ဆိုသည်။

မြန်မာနိုင်ငံသည် တီဘီရောဂါအဖြစ်အများဆုံး တိုင်းပြည် ၃၀ထဲတွင် အပါအဝင်ဖြစ်ပြီး ဆေးယဉ်ပါး တီဘီရောဂါ အဖြစ်များဆုံး တိုင်းပြည် ၃၀ ထဲတွင်လည်း အပါအဝင် ဖြစ်ကာ တီဘီ-HIVအဖြစ်အများဆုံးနိုင်ငံများ၌လည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။

“တိုင်းပြည်မှာက တီဘီဟာ အင်မတန်အရေးကြီးတဲ့ ရောဂါဖြစ်လာပါပြီ။ ဒါကို ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေသာမကဘဲ ပြည်သူလူထုတစ်ရပ်လုံးကလည်း တီဘီရောဂါအန္တရာယ်၊ တီဘီရောဂါမကူးစက်အောင် ဘယ်လိုနေထိုင်ရမယ်၊ တီဘီရောဂါဖြစ်လာရင် ဘယ်လိုကုသရမယ် . . ဒါကို သိမှ၊ ပါဝင်ဆောင်ရွက်မှ တီဘီရောဂါကို မြန်မာနိုင်ငံကနေပပျောက်အောင် တိုက်ဖျက်နိုင်မှာဖြစ်ပါတယ်”ဟု ဒေါက်တာဒေါ်ခင်ဆွေဝင်းက တိုက်တွန်းလိုက်သည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top