Healthy Life Ad
Life Style

အသက် ၄၀ကျော် နာမည်ကြီး အမျိုးသားတို့ ကျန်းမာကြံ့ခိုင်အောင် ထိန်းသိမ်းနည်း လျှို့ဝှက်ချက်များ

၊ ငွေကြယ်စင်ယံ ၊

အမျိူးသားတွေအနေနဲ့ အသက် ၄၀ ကျော်တဲ့အထိ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်နေအောင် ထိန်းထားနိုင်တာက အရည်အချင်းတစ်ရပ်ပါပဲ။ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်နေအောင် ထိန်းထားပေးနိုင်မှသာ ဘဝမှာ အောင်မြင်မှုရမှာပါ။ ဒါကြောင့် စိတ်ရောခန္ဓာကိုယ်ပါ ကျန်းမာကြံ့ခိုင်နေတဲ့ အသက် ၄၀ကျော် နာမည်ကြီး အမျိုးသားတွေရဲ့ လျှို့ဝှက်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။


ဟူးဂျက်မန်း
အသက် ၄၃နှစ်ရှိပြီဖြစ်တဲ့ ဟူးဂျက်မန်းက ကြံ့ခိုင်သန်စွမ်းမှု အပြည့်ရှိသူပါ။ နေ့စဉ် ပင်လယ်ထဲမှာ ရေကူးတာအပြင် ၇ မိုင်-၈မိုင်လောက် ပြေးလေ့ရှိပြီး ကခုန်တာကိုလည်း လုပ်ဆောင်ပါတယ်။ လက်ဝှေ့ထိုးပြီး ကြံ့ခိုင်သန်စွမ်းအောင် လုပ်ရတာကို သဘောကျတယ်လို့ ဂျက်မန်းက ဆိုပါတယ်။ “ခင်ဗျားအနေနဲ့ ကိုယ်အလေးချိန် အနည်းငယ်လျော့ကျဖို့ လိုအပ်တယ်ဆိုရင် လက်ဝှေ့ထိုးတဲ့ ကစားနည်းက အသင့်တော်ဆုံးပါ”လို့ အကြံပြုထားပါတယ်။


ဂျော့ဂျ်ကလူးနီ
အော်စကာဆုရ မင်းသားဂျော့ဂျ်ကလူးနီက ငှက်ဖျားနဲ့ ဦးနှောက်ဆိုင်ရာ ထိခိုက်မှုစတဲ့ ဝေဒနာတချို့ ခံစားခဲ့ရပေမယ့် အသက်၅၀အရွယ်အထိ ကျန်းမာနေဆဲ၊ ကိုယ်ခန္ဓာ ပုံပန်းသဏ္ဌာန်ကြည့်ကောင်းဆဲဖြစ်တာကို တွေ့ရပါတယ်။ သူရဲ့ လျှို့ဝှက်ချက်က ယောဂကျင့်တာပဲ ဖြစ်ပါတယ်။


ရစ်ချစ်ဂီရိ
အသက် ၆၂နှစ်အရွယ်ရှိ ရစ်ချစ်ဂီရိဟာ နေ့စဉ်စိတ်ကျန်းမာရေးအတွက် တရားထိုင်တယ်လို့ဆိုပါတယ်။ “တရားထိုင်တာက နေ့စဉ် စိတ်ဆိုးစိတ်ညစ်တာတွေမဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။ ရည်ရွယ်ချက်က ဘဝမှာနေရတာ ပျော်ရွှင်ကျေနပ်မှု ပိုရစေဖို့ဖြစ်ပါတယ်”လို့ သူကပြောပြခဲ့ပြီး တရားထိုင်တာကြောင့် စိတ်ဖိစီးမှု၊ နာကျင်မှုနဲ့ သွေးတိုးတာတွေ လျော့ပါးကြောင်းရှင်းပြပါတယ်။


အိုဘားမား
အမေရိကန်သမ္မတအိုဘာမားရဲ့ ဘဝမှာ ကြုံခဲ့ရတဲ့ စိန်ခေါ်မှုတစ်ခုက ဆေးလိပ်ဖြတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ အသက် ၅၀ အရွယ် အိုဘားမားဟာ တစ်နေ့မှာ ငါးကြိမ်ဆေးလိပ်သောက်ခဲ့ပေမယ့် အခုအခါမှာတော့ ဆေးလိပ်ပြတ်သွားပြီလို့ လတ်တလောကျန်းမာရေး စစ်တမ်းတွေအရ သိရပါတယ်။
“ကျွန်မက ဆေးလိပ်သောက်တာကို သဘောမကျပါဘူး။ ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ အားပေးခဲ့တာပါ။ အခုတော့ သူဟာ ဆေးလိပ်ဖြတ်နိုင်သူထဲကတစ်ဦး ဖြစ်သွားပြီ”လို့ မီရှဲလ်အိုဘားမားက ဆိုပါတယ်။ ဆေးလိပ်ဖြတ်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာ၊ အရိုးတွေသန်မာတာ၊ အရွယ်မတိုင်ခင် အိုမင်းမှု မဖြစ်တာစတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပြီး ပန်းသေပန်းညှိုးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။


ဝီလ်စမစ်
အသက် ၄၃နှစ်အရွယ်ရှိ ဝီလ်စမစ်ရဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန် ကြည့်ကောင်းနေဆဲဖြစ်တာက စိတ်ကို အမြဲတက်ကြွလန်းဆန်းနေအောင် ထိန်းထားနိုင်လို့ ဖြစ်တယ်လို့ သူကဆိုပါတယ်။ သူရဲ့ မိန့်ခွန်းတစ်ခုမှာ ဘဝမှာ ပျော်ရွှင်ကျန်းမာစွာ နေနိုင်ဖို့ဆိုရင် ပြေးတာနဲ့ စာဖတ်တာကို လုပ်ရမယ်လို့ ဆိုခဲ့ပါတယ်။ Mayo Clinic ရဲ့ လေ့လာမှုအရ စာဖတ်တာက မှတ်ဉာဏ်ဆုံးရှုံးမှုဖြစ်နိုင်ခြေကို ၃၀-၅၀ ရာ ခိုင်နှုန်းလျော့ကျစေတယ်လို့ သိရပါတယ်။


ဘရက်ပစ်
အသက် ၄၇နှစ်အရွယ်ရှိ ဘရက်ပစ် ကြံ့ခိုင်သန်စွမ်းရတဲ့ လျှို့ဝှက်ချက်က မိသားစုအားလပ်ရက်ခရီးထွက်ရာမှာ လှုပ်ရှားမှုလုပ်တာပဲဖြစ်ပါတယ်။ အားလပ်ရက်မှာ ကလေးခြောက်ဦးနဲ့ အတူကစားလေ့ရှိပါတယ်။ အစားအသောက်စားတဲ့အခါမှာလည်း ကာဗိုဟိုက်ဒရိတ်နည်းနည်း၊ သကြားဓာတ်နည်းနည်း စားလေ့ရှိကာ အသက်ကြီးလာပေမယ့် သန်စွမ်းကြံ့ခိုင်ကျန်းမာတဲ့ ကိုယ်ဟန်ကိုထိန်းထားလေ့ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top