Healthy Life Ad
Local

ရန်ကုန်ကလေးဆေးရုံကြီးတွင် ပထမဆုံးအကြိမ် ကလေးကျောက်ကပ်အစားထိုးကုသမှုအောင်မြင်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ရန်ကုန်ကလေးဆေးရုံကြီးတွင် ၂၇-၁-၂၀၁၈ ရက်နေ့က ကလေးကျောက်ကပ်အစားထိုးကုသမှုကို ပထမဆုံးအကြိမ်ပြုလုပ်အောင်မြင်ခဲ့ကြောင်း ရန်ကုန်ကလေးဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်စုစုဒွေးထံမှ သိရသည်။

“ကလေးကျောက်ကပ်အစားထိုးကုသမှုမှာ ကျောက်ကပ်အစားထိုးလက်ခံမယ့် လူနာက မြောက်ဥက္ကလာပမြို့နယ်၊ ပုလဲ(၁)လမ်းမှာနေတဲ့ ဦးနေအောင်၊ ဒေါ်ဌေးဌေးဝင်းတို့ရဲ့ ၁၀ နှစ်သမီး မနန်းယုဝေဖြစ်ပြီး သူက တစ်ပတ်မှာ သုံးကြိမ် ကျောက်ကပ်ဆေးနေရတဲ့ ကျောက်ကပ်ရောဂါဝေဒနာရှင် ဖြစ်ပါတယ်။ ကျောက်ကပ်လှူဒါန်းတဲ့သူက သူ့အစ်ကိုအရင်း အသက် ၂၃ နှစ်အရွယ် ကိုအောင်ဇော်ဇော် ဖြစ်ပါတယ်“ဟု ဒေါက်တာဒေါ်စုစုဒွေးက ပြောသည်။

အဆိုပါ ကလေးကျောက်ကပ်အစားထိုးကုသမှုအတွက် စင်ကာပူနိုင်ငံ National University Hospital မှ Professor Prabhakaran Krishman ဦးဆောင်သော ခွဲစိတ်မှုအဖွဲ့နှင့် ရန်ကုန်ကလေးဆေးရုံကြီး၊ကလေးခွဲစိတ်ကုပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာဒေါ်အေးအေး၊ ရန်ကုန် ခုတင်(၅၀ဝ)အထူးကုဆေးရုံကြီး၊ ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ကုပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာကျော်စွာလှိုင်၊ ဆေးတက္ကသိုလ်(၁)၊ မေ့ဆေးပညာဌာန အတိုင်ပင်ခံပါမောက္ခဒေါက်တာကြည်ကြည်စန်း၊ ပါမောက္ခ/ဌာနမှူး ဒေါက်တာမူမူနိုင်၊ ရန်ကုန်ကလေးဆေးရုံကြီး တာဝန်ခံမေ့ဆေးဆရာဝန်ကြီး ဒေါက်တာမြစိုး၊ ရန်ကုန်ကလေးဆေးရုံကြီးမှ သူနာပြုဆရာမကြီး တင်ယင်းမာနှင့်အဖွဲ့တို့ ဦးဆောင်သော ခွဲစိတ်မှုအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ကျောက်ကပ်အစားမထိုးခင် လွန်ခဲ့တဲ့ ရှစ်လလောက်ကတည်းက ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ သွေးအုပ်စုတူတဲ့ မောင်နှမအရင်းထဲက တစ်သျှူးအတူဆုံးကို ရှာရပါတယ်။ ကလေးကို ကာကွယ်ဆေး တွေရှိသမျှအကုန်လုံး ထိုးထားရပါတယ်။ ပြီးတော့ ကလေး နာတာရှည်ကျောက်ကပ်ရောဂါ ဘာကြောင့် ဖြစ်ရတာလဲ၊ ဖြစ်ရတဲ့အကြောင်းက အသစ်အစားထိုးမယ့် ကျောက်ကပ်ကို သွားတိုက်နိုင်သလား . .ဒီ အချက်တွေပေါ် မူတည်ပြီး ဆေးတွေကို ကြိုပေးထားရပါတယ်။ အားလုံးစစ်ပြီးမှ လက်ခံမယ့် ကလေးဟာ အကောင်းဆုံး လက်ခံနိုင်တဲ့ အခြေအနေလားဆိုတာ ဆန်းစစ်ပြီး ရွေးချယ်ရပါတယ်။ကလေးကျောက်ကပ်က ကလေး-ကလေးချင်းအစားထိုးလို့မရပါဘူး၊ လူကြီးဆီက ယူရတဲ့အတွက် လူကြီး ကျောက်ကပ်ရောဂါဌာနက တာဝန်ရှိသူပါမောက္ခကလည်း ပါဝင်ကူညီပေးပါတယ်။ ခွဲစိတ်မှုအပိုင်းမှာလည်း ကလေးခွဲစိတ် ဆရာဝန်ကြီးတွေအပြင် လူကြီး ကျောက်ကပ်ခွဲစိတ် ဆရာဝန်ကြီးတွေလည်း ပါဝင်ကူညီပါတယ်။ ပြီးတော့ ကျောက်ကပ်အစားထိုးပြီး သွေးကြောတွေကို ပြန်ဆက်ရသလို ဆီးလမ်းကြောင်းကို ဆီးအိမ်လမ်းကြောင်းထဲ ပြန်ထည့်ရပါတယ်။ သွေးကြောတွေအတွက် သွေးကြောအထူးကု ဆရာဝန်ကြီးတွေကလည်း ကူညီဆောင်ရွက်ပေးပါတယ်။

ကလေးကျောက်ကပ်ဆရာဝန်အဖွဲ့၊ လူကြီးကျောက်ကပ်ဆရာဝန်အဖွဲ့၊ ကလေး ကျောက်ကပ်ခွဲစိတ်အဖွဲ့၊ လူကြီး ကျောက်ကပ်ခွဲစိတ်အဖွဲ့၊ အထူးကြပ်မတ်ကုသဆောင်အဖွဲ့ စတဲ့ အဖွဲ့ငါးဖွဲ့က ကြီးကြပ်ဆောင်ရွက်ရပါတယ်“ဟု ရန်ကုန် ကလေးဆေးရုံကြီး၊ ကလေးကျောက်ကပ် အထူးကုဌာ န၊ တွဲဖက်ပါမောက္ခဒေါက်တာ ချိုချိုစန်းက ပြောသည်။

“ဒီကလေးကျောက်ကပ်အစားထိုးကုသမှုမှာ အဓိက အကုန်ကျခံပေးတာကတော့ နိုင်ငံတော်အစိုးရဘတ်ဂျတ်ပါ။ ဒါ့အပြင် ဒီကုသမှုမှာ ထည့်ဝင်လှူဒါန်းပေးတဲ့ ပုဂ္ဂလိကအလှူရှင်တွေလည်း ရှိပါတယ်“ ဟု ဒေါက်တာဒေါ်စုစုဒွေးက ပြောသည်။

မြန်မာနိုင်ငံတွင် ကလေးကျောက်ကပ်အစားထိုး ကုသမှုကို မန္တလေးမြို့၊ ခုတင် (၃၀ဝ)ဆံ့ကလေး ဆေးရုံကြီးတွင် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင် လုပ်ဆောင်ခဲ့ပြီး သုံးကြိမ်ပြုလုပ်အောင်မြင်ခဲ့ပြီ ဖြစ်ရာ ရန်ကုန်ကလေးဆေးရုံကြီးအနေဖြင့် မြန်မာနိုင်ငံတွင် တတိယမြောက် ကလေးကျောက်ကပ်အစားထိုးကုသမှုအောင်မြင်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Most Popular

Healthy Life Ad
To Top