Healthy Life Ad
Child

ကလေးတိုင်း ပုံမှန်ကြီးထွားသန်စွမ်းဖွံ့ဖြိုးရေး

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ၊အထွေထွေရောဂါကု ဆရာဝန်)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ အရွယ်ရောက်လာတဲ့အခါ ကြီးထွားဖွံ့ဖြိုးသန်စွမ်းအောင် မိဘတွေက ကိုယ့်ကလေးတွေကို ဘယ်လို စောင့်ရှောက်ပေးသင့်ပါသလဲ ဆရာ။
ဖြေ။ ။ အဓိကကတော့ ကလေးတစ်ယောက် ကြီးထွားဖွံ့ ဖြိုးသန်စွမ်းဖို့ မိခင်လောင်းဘဝကတည်းက စပြီး ကျန်းမာရေးကောင်းမွန်အောင်၊ နေသင့်ပါတယ်။ ကိုယ်ဝန်စဆောင်ပြီဆိုကတည်းက အာဟာရကို ပြည့်ဝစွာ မှီဝဲသင့်ပါတယ်။ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နွားနို့၊ အသီးအနှံ စသဖြင့် ပြည့်ပြည့်စုံစုံစားပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ဘဝကတည်းက ဗိုက်ကိုသေချာအပ်ပြီး သက်ဆိုင်ရာ ဆရာဝန်၊ ဆရာမတွေရဲ့ ညွှန်ကြားချက်ကို လိုက်နာရပါမယ်။ အားဆေးတိုက်ရင် ပုံမှန်တိုက်သင့်ပြီး ကာကွယ်ဆေးတွေထိုးနှံဖို့လိုရင် ပုံမှန်ထိုးနှံဖို့ လိုပါတယ်။ ကလေးကျန်းမာဖို့၊ ဉာဏ်ကောင်းဖို့၊ ပုံမှန်ဖွံ့ဖြိုး ကြီးထွားဖို့ မိခင်လောင်းဘဝကတည်းက စောင့်ရှောက်ပေးရပါမယ်။

ကိုယ်ဝန်ဆောင်တဲ့ နှစ်လမှာဆိုရင် ကလေးရဲ့ ကိုယ်လက်အင်္ဂါတွေ၊ ခြေလက်တွေ ဖွဲ့စည်းနေတဲ့အ ချိန်ဖြစ်လို့ သေချာ အာဟာရပြည့်အောင် စားသင့်ပါ တယ်။ ကျန်းမာအောင် နေသင့်ပါတယ်။ ကိုယ်ဝန် ဆောင်ချိန်ကာလမှာကတည်းက ကိုယ့်ဘာသာ ကျန်းမာဖွံ့ဖြိုးသန်စွမ်းအောင် အားထုတ်ခဲ့မယ်ဆိုရင် ကလေးရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကော ကာယဖွံ့ဖြိုးမှုမှာ ပါအားကောင်းစေပါတယ်။

တွေ့ရတာက ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက်ကို ကောင်းကောင်း မစားကြဘူး၊ ဗိုက်ကို သေချာမအပ်ကြဘူး။ ဒါက မှားယွင်းနေတဲ့ အချက်ပါ။
နောက်တစ်ချက်က နို့တိုက်နေတဲ့အချိန်မှာ မိခင်တွေက အစာအာဟာရကို ပြည့်ပြည့်ဝ၀ မစားကြဘူး။ ရှေးရိုးအယူအဆအလွဲတွေအရ နို့တိုက်မိခင်တွေကို အစားရှောင်ခိုင်းကြတယ်၊ ငါးခြောက်နဲ့ ဟင်းခါးလေးလောက်ပဲ စားကြတယ်။ တကယ်တော့ ဒါက လုံးဝ လွဲမှားနေတဲ့ အယူအဆပါ။ အဲဒီအချိန်မှာ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ အသီးအရွက် စသဖြင့် ပြည့်စုံအောင် စားပေးသင့်ပါတယ်။ မိခင်နို့ကို ၄လ ကနေ ၆လအထိ တိုက်ကျွေးရမှာဆိုတော့ မိခင်နို့ အားရှိနေဖို့ လိုအပ်ပါတယ်။

မေး။ ။ ကလေးကို ဖြည့်စွက်စာ ကျွေးတဲ့ အရွယ်မှာဆိုရင် ဘယ်လို စောင့်ရှောက်ပေးသင့်ပါသလဲ ဆရာ။
ဖြေ။ ။ ကလေးက ဖြည့်စွက်စာစားတဲ့ အရွယ်ရောက်ပြီ ဆိုရင် ဖြည့်စွက်စာကို ပြည့်ပြည့်ဝ၀ ကျွေးရပါမယ်။ ပြီးတော့ လူကြီးတစ်ယောက်လို စားနိုင်တဲ့ အရွယ် ရောက်လာရင် နွားနို့၊ ဒါမှမဟုတ် ပဲနို့၊ ကြက်ဥ၊ ဘဲဥ၊ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ အသီးအနှံ စတာတွေကို မျှတအောင်ကျွေးဖို့ လိုပါတယ်။ ဒီလိုမျိုး မျှတအောင် ကျွေးမယ်ဆိုရင် ပုံမှန် ကြီးထွားသန်စွမ်းမှာ ဖြစ်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ အရပ်ပုတဲ့ မျိုးရိုးဆိုရင် မျိုးရိုးနည်းနည်းလိုက်နိုင်ခြေတော့ ရှိပါတယ်။
ကလေးကို ပုံမှန်အတိုင်း ကယ်လ်ဆီယမ်ပါတဲ့ အားဆေး ဒါမှမဟုတ် အစားအသောက်တွေကို ကျွေးပေးရင် အရိုးတွေကို သန်စွမ်းစေပါတယ်။

မေး။ ။ ကလေးတွေ ကျန်းမာသန်စွမ်းကြီးထွားဖွံ့ဖြိုးဖို့ ကိုယ်လက်လှုပ်ရှားမှုကကော ဘယ်လို အရေးကြီးပါ သလဲ ဆရာ။
ဖြေ။ ။ ကလေးတွေ ကျန်းမာသန်စွမ်းကြီးထွားဖွံ့ဖြိုးဖို့ အစားအသောက်တင်မက ကိုယ်လက်လှုပ်ရှားမှုက လည်း အရေးကြီးပါတယ်။ ကလေးက ဆော့လေလေ၊ ကျန်းမာသန်စွမ်းလေလေပဲ။ ရန်ကုန်မှာ အခု နောက်ပိုင်း ကလေးတွေ ဆော့လို့ရမယ့် နေရာတွေက နည်းလာတယ်၊ ကလေးကစားကွင်းတွေ သိပ်မရှိတော့ဘူး။ ကလေးတွေရဲ့ ကစားကွင်းက ဂိမ်းတွေ၊ ဖုန်းတွေ ဖြစ်လာပါတယ်။ အဲဒါကလည်း မကောင်းတဲ့ အလားအလာတစ်ခု ဖြစ်နေပါတယ်။
ကလေးတွေက နေ့တိုင်း အချိန်ပိုင်းလောက်ပဲ ဖြစ်ဖြစ် ကစားခုန်စား လုပ်သင့်ပါတယ်။ အရွယ် ရောက်လာတဲ့အခါမှာ စာလည်း လုပ်၊ အားကစားလည်း လုပ်ရပါမယ်။ ကလေးလေး-ငါးတန်းလောက် ရောက်လာတဲ့အခါ မိဘတွေက ကလေးကို “စာပဲ လုပ်”ဆိုပြီး ဖိအား ပေးတတ်ကြတယ်။ တစ်နေ့ကို နာရီဝက်-တစ်နာရီလောက်တော့ လေ့ကျင့်ခန်းကို လုပ်ခိုင်းရပါမယ်။ ဒါမှသာ ကာယဉာဏဖွံ့ဖြိုးမှာ ဖြစ် ပါတယ်။

မေး။ ။ တချို့မိဘတွေက ကလေးတွေကို ရေကူးသင် ပေးချင်ကြတယ်။ ဘယ်အရွယ်ကစပြီး ရေကူးသင် ပေးသင့်ပါသလဲ ဆရာ။
ဖြေ။ ။ တချို့မိဘတွေက ကလေးတွေကို ငယ်ငယ်က တည်းက ရေကူးသင်ပေးကြပါတယ်။ ရေကူးသင် တန်းတွေက ခွင့်ပြုထားတဲ့ အသက်အရွယ်အလိုက် သင်ပေးရင်တော့ ပိုကောင်းပါတယ်။ ကလေးမှာ အ ဆုတ်ရောဂါ၊ နှလုံးရောဂါ စတဲ့ အခြေခံရောဂါဝေဒ နာတွေ မရှိရင်တော့ ကလေးကို ရေကူးသင်လို့ရပါတယ်။ မွေးရာပါရောဂါတစ်ခုခု ပါလာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ရေကူးသင်ပေးသင့်ပါတယ်။

ကလေးတွေက နေ့တိုင်း အချိန်ပိုင်းလောက်ပဲ ဖြစ်ဖြစ် ကစားခုန်စားလုပ်သင့်ပါတယ်။ အရွယ်ရောက်လာတဲ့ အခါမှာ စာလည်းလုပ်၊ အားကစားလည်း လုပ်ရပါမယ်။ ကလေး လေး-ငါးတန်းလောက် ရောက်လာတဲ့အခါ မိဘတွေက ကလေးကို ‘စာပဲ လုပ်’ဆိုပြီး ဖိအားပေး တတ်ကြတယ်။ တစ်နေ့ကို နာရီဝက်-တစ်နာရီ လောက်တော့ လေ့ကျင့်ခန်းကို လုပ်ခိုင်းရပါမယ်။ ဒါမှသာ ကာယဉာဏဖွံ့ဖြိုးမှာ ဖြစ်ပါတယ် . . .

မေး။ ။ ကလေးတွေ အရိုးသန်စွမ်းနေအောင် ဘယ်လို စောင့်ရှောက်ပေးသင့်ပါသလဲ ဆရာ။
ဖြေ။ ။ ကလေးတွေ အရိုးသန်စွမ်းနေအောင် ကယ်လ်ဆီယမ်ပါတဲ့ နွားနို့၊ ဒိန်ချဉ်၊ ပဲနို့ စတာတွေ တိုက်ကျွေး သင့်ပါတယ်။ ပဲ၊ အသား၊ ငါး၊ သစ်သီးဝလံတွေကို လည်းကျွေးသင့်ပါတယ်။ ဗီတာမင်ဒီကတော့ နေ ရောင်ခြည်ကနေ ပုံမှန်ရတဲ့အတွက် ရရှိနေပါတယ်။ အေးလွန်းတဲ့ ရာသီနဲ့ ချင်းပြည်လို နေရာမျိုးမှာဆိုရင် တော့ နေရောင်ခြည်ပြပေးဖို့ လိုပါတယ်။
မေး။ ။ မြန်မာနိုင်ငံက ကလေးတွေဟာ ဘယ်လိုအာဟာ ရဓာတ်တွေ ချို့တဲ့တာ များပါသလဲ ဆရာ။
ဖြေ။ ။ အများအားဖြင့် သံဓာတ်ချို့တဲ့တာကို တွေ့ရပါ တယ်။ ဗီတာမင်ဘီဝမ်း၊ ဘီတူး ချို့တဲ့တာကိုလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံက ဆင်းရဲတဲ့ ကလေး တွေဆိုရင် အာဟာရဓာတ်တွေ တော်တော်လေး ချို့ တဲ့နေတာကိုတွေ့ရပါတယ်။ တချို့ဆိုရင် ဖြူဖတ်ဖြူရော်ဖြစ်နေတယ်၊ တချို့ဆိုရင် ကျီးကန်းပါးစပ်လို ဖြစ်နေတယ် . . ဆင်းရဲတဲ့အခါ အာဟာရဓာတ် ပြည့်ဝအောင် မစားဖြစ်တော့ပါဘူး။ မိခင်လောင်း ဘဝ၊ မိခင်နို့တိုက်ကျွေးချိန်မှာ ထမင်းနဲ့ ငါးပိရည်ပဲ စားနေရင် ကလေးက ထွားစရာအကြောင်း မရှိပါဘူး။

မေး။ ။ ဒါနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောလိုတာရှိရင် သိပါရစေ ဆရာ။
ဖြေ။ ။ မိခင်လောင်းဘဝကတည်းက အာဟာရပြည့်အောင် စားသင့်တယ်၊ မိခင်နို့ချိုတိုက်ကျွေးချိန်မှာ လည်း အာဟာရပြည့်အောင် စားသင့်ပါတယ်။ ကောင်းကောင်း အိပ်သင့်ပါတယ်။ ကလေးက အရွယ်အလိုက် ကြီးလာပြီး စားနိုင်လာတဲ့အခါမှာအဆီ အအိမ့်တွေ ရှောင်ဖို့၊ အငန်တွေ ရှောင်ဖို့၊ အသီးအနှံတွေ ပုံမှန်စားပေးဖို့၊ ကစားခုန်စားလုပ်ဖို့စသဖြင့် လမ်းညွှန်ပေးရင် ကလေးက ပုံမှန်ကြီးထွားဖွံ့ဖြိုး သန်စွမ်းလာမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top