Healthy Life Ad
Local

အဝလွန်နေသည့် ဒေါ်ဖြူဖြူထံမှ ၃၅ ပေါင်လေးသည့် ဗိုက်ခေါက်ကို ခွဲစိတ် ဖြတ်ထုတ် အောင်မြင်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

အသက် ၆၁နှစ်အရွယ် ဒေါ်ဖြူဖြူ၏ ၃၅ ပေါင်ခန့်လေးသည့် ဝမ်းဗိုက်အဆီကို နေပြည်တော်၊ ဇဗ္မူသီရိဆေးရုံကြီးတွင် Senior Consultant Plastic Surgeon ဒေါက်တာဦးမင်းဇော်အောင် ဦးဆောင်သောအဖွဲ့က ၁၀-၁-၂၀၁၈ ရက်နေ့က ခွဲစိတ်အောင်မြင်ခဲ့ကြောင်း ဒေါ်ဖြူဖြူက ဂျာနယ်သို့ ပြောကြားခဲ့သည်။

“မခွဲခင်တုန်းက အန်တီ့ကိုယ်အလေးချိန်က ပေါင် ၂၇၀ ရှိတယ်။ ဗိုက်ခေါက်ကြီးက ကြီးလွန်းပြီး ပေါင်တစ်ဝက်ကျော်ကျော်လောက် ရောက်နေတယ်။ ဒီတော့ နေရ၊ ထိုင်ရ၊ သွားရ၊ လာရတာ မကောင်းဘူး။ မတ်တပ်ကြာကြာ မရပ်နိုင်ဘူး။ မတ်တပ်ကြာကြာ ရပ်မိရင် ခါးကိုက်လာတယ်။ ပေါင်လည်း ပွန်းတယ်၊ ဗိုက်အောက်လည်း အပူလောင်တယ်။ နေ့တိုင်း နေ့တိုင်း ဗိုက်ကြီးကို မပြီး သမီးတွေက အရက်ပြန်နဲ့ ဆေးပေါင်ဒါတွေသုတ် . .အဲလို လုပ်နေရတယ်။

မခွဲခင် ဗိုက်အဆီကို ဘေးတိုက် မြင်ရပုံ

အန်တီက ပွဲရုံလုပ်ငန်းလုပ်တော့ အထိုင်များတာလည်းပါတယ်၊ ပြီးတော့ ကိုယ့်အတွက်မကြည့်ဘဲ မိသားစုအတွက် အလုပ်လုပ်နေတော့ ဝတာပဲ၊ ကိစ္စမရှိဘူးဆိုရင်း ဝလို့ဝမှန်းတောင် မသိခဲ့ဘူး။ သွေး တိုး၊ ဆီးချိုစတဲ့ ရောဂါတွေလည်း မရှိတော့ ပေါ့ရင်း ပေါ့ရင်းကနေ ကိုယ်အလေးချိန်က ဒီလောက်အထိ များသွားတာပါ”ဟု ဒေါ်ဖြူဖြူက အဝလွန်လာခြင်း အကြောင်းရင်းကို ပြောပြခဲ့သည်။

ချောက်မြို့တွင် မြရတနာပွဲရုံလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ဖြူဖြူတွင် သားသမီးသုံးဦးရှိကြောင်းနှင့် သားသမက်ဆရာဝန်မှတစ်ဆင့် ဒေါက်တာဦးမင်းဇော်အောင်ထံ သွားပြဖြစ်ခဲ့ကြောင်း သိရသည်။

ခွဲစိတ်ဖြတ်ထုတ်လိုက်သည့် ဗိုက်ခေါက်

“ဆရာ့ကို သွားပြတော့ တစ်ပတ်လောက် ကြိုချိန်းတယ်။ ဆေးရုံမှာ ၁၀ ရက်လောက် Gym ကစား ခိုင်းပါတယ်။ လမ်းလျှောက်ခိုင်းတယ်။ တစ်နေ့ ၂ နာရီလောက် လမ်းလျှောက်ရပါတယ်။ ပထမတော့ မောတာပေါ့၊ နောက်တော့ အမောခံနိုင်လာတယ်။ ပြီးမှ ခွဲစိတ်မှု ခံယူရတာ ဖြစ်ပါတယ်”

ခွဲထုတ်ခဲ့သည့် ဗိုက်အဆီပို အလေးချိန်မှာ ၃၅ ပေါင်ရှိကြောင်းနှင့် ခွဲပြီး ၂၄ နာရီမကြာမီ ဆရာဝန်က လမ်းလျှောက်ခိုင်းရာ သက်သောင့်သက်သာ လျှောက်နိုင်ကြောင်း ဒေါ်ဖြူဖြူက ပြောပြခဲ့သည်။

“အန်တီ့ဗိုက်အဆီတွေကလည်း ခွဲထုတ်ပြီးပြီ၊ မခွဲခင်ကလည်း လေ့ကျင့်ခန်းတွေ လုပ်ထားတယ်ဆိုတော့ အခု ခွဲပြီးချိန်မှာ တော်တော် လျှောက်နိုင်သွားတယ်။ မောလည်း မမောတော့ဘူး။ နေရထိုင်ရတာကလည်း အရမ်းပေါ့ပါးသွားပါတယ်။ အခုလို ပေါ့ပါးသွားတော့ ဆရာဦးမင်းဇော်အောင်ကော မေ့ဆေးဆရာဝန်ကိုပါ အထူးကျေးဇူးတင်ပါတယ်။ ဆေးရုံဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဒေါ်ဖြူဖြူက ဆိုသည်။

ခွဲပြီး ၂၄ နာရီ မပြည့်မီ လမ်းစလျှောက်နိုင်

၁၆-၁-၂၀၁၈ ရက်နေ့က ကိုယ်အလေးချိန်တိုင်းခဲ့ရာ ဒေါ်ဖြူဖြူ၏ ကိုယ်အလေးချိန်က ၂၃၅ ပေါင်သာ ကျန်တော့ကြောင်းနှင့် ခွဲပြီး တဖြည်းဖြည်း အနာကျက်ချိန်တွင် ပိုလျော့သွားမည်ဖြစ်ကြောင်း သိရသည်။

ခွဲစိတ်ပြီး နေအိမ်သို့ ပြန်ရောက်ချိန်တွင် ဒေါ်ဖြူဖြူက အစားအသောက် ဆင်ခြင်ခြင်း၊ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း စသည့် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုပုံစံများကို ဆက်လက်လိုက်နာရင်း ကိုယ်အလေးချိန် မတက်စေရန်နှင့် ပိုလျော့ကျစေရန် ထိန်းသိမ်းသွားမည်ဟု ပြောပြထားသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top